“မြေနိမ့်ရာလှံစိုက်တာပေါ့” ■ မောင်ဇိုဖေ “မြေနိမ့်ရာလှံစိုက်တာပေါ့” ဆိုကြတော့ နိုင်ငံတော်ကရယ်တယ်။ “ကံဆိုးမသွားလေရာမိုးလိုက်ရွာ”နေတော့တာပဲဆိုကြပြန်တော့ နိုင်ငံတော်ဟာခွက်ထိုးခွက်လန်ကိုထိုင် ရယ်ချတော့တာပဲ။ ပြီးတော့သူ့မျက်ရည်တွေကိုလူမသိအောင်သုတ်တယ်။ အမလေးရယ်လိုက်ရတာဖတ်ဖတ်မော ရင်ဘတ်နောက်မှာကျောဆိုပြီး ဆို့နင့်စွာသူငိုပြန်တယ်။ ဆောင်းဦးတဲ့၊မိုးဦးနဲ့နွေနှောင်းရယ်တဲ့ အရပ်ရှစ်မျက်နှာကမိသားစုတွေကမ္ဘာမြေပေါ်ကအဓိပ္ပာယ်မဲ့ရုတ်တရက် ပျောက်ဆုံးနေကြရ။ လကွယ်တပေါင်းသမားညိုမှာ ဘီလူးနက္ခတ်ရောင်ဝါအောက် တဆွေလုံးတမျိုးလုံးမြေကြီးအောက် အရှင်လတ်လတ်ပျောက်သွားမယ်လို့ ဘယ်သူထင်ပါ့မလည်းဆိုတော့ နိုင်ငံတော်ဟာဆံပင်ဖားလျားနဲ့ စိတ်လွတ်ကိုယ်လွတ် တဟားဟားရယ်ချလိုက်တယ်ပြီးတော့ ရုတ်တရက်အရယ်ရပ်ပြီးမြေကြီးပေါ်လေးဖက်ထောက်ကပ် နားထောင်ပြီးရှုးတိုးတိုးခဏလောက်တိတ်တိတ်နေကြစမ်းဆိုပြီးလှမ်းငေါက်လိုက်တယ် တလောကလုံးတိတ်စီတ်သွားပြီဆိုတော့မှမြေထဲကျွံကျနေတဲ့ကွန်ကရစ်ပုံထဲကထိုးထွက်နေတဲ့အုတ်မြစ်ချထားတဲ့သံတိုင်ကြီးကြီးတချောင်းကိုတဒေါက်ဒေါက်ခေါက်ပြီးဆက်နားထောင်လို့နေတယ်။ ထပ်ထပ်ခေါက်တယ် ခဏနေတော့ဝမ်းသာအားရထရယ်ပြီးအောက်မှာလူရှိနေသေးတယ်ဒီနေရာကိုဆက်တူးကြဆိုပြီးနိုင်ငံတော်ဟာအရူးတယောက်လို့နောက်တနေရာကိုထွက်ခွါသွားလေရဲ့။ မတ်.၂၉.၂၀၂၅ မတ်-၂၈-၂၀၂၅ခုနှစ်ငလျင်ဘေးကြုံရသောမိသားစုဝင်များသို့။