ကင်မရာတလုံးရဲ့ ပုံပြင်

ညီလင်းအိမ်

by The Call
“ကင်မရာတလုံးရဲ့ ပုံပြင်”
◾️ ညီလင်းအိမ်
အမေရိကန်က ထိပ်တန်းဒါရိုက်တာကြီး ဂျွန်ဖို့ဒ်ရှေ့မှာ ကတုန်ကယင်နဲ့ ရပ်နေတဲ့ လူငယ်လေးက မကြာသောနှစ်ကာလတွေမှာ ဟောလိဝုဒ်ရုပ်ရှင်ကမ္ဘာကို ဆွဲခေါ်သွားမယ့် ပုဂ္ဂိုလ်တယောက်ဖြစ်လာမယ်လို့ ဘယ်သူထင်မိကြမှာလဲ။သူက စတီဗင် စပီးဘာ့ခ် ပါ။ တောက်မယ့် မီးခဲ တရဲရဲ ဆိုတာထက် ဒီမီးခဲလေး တရဲရဲတောက်လာဖို့ ဘယ်လိုလောင်စာတွေနဲ့ လောင်ကျွမ်းခံခဲ့ရသလဲ။ ပြာတခုဖြစ်မသွားဖို့ ဘယ်လောက်ထိ ကြံ့ကြံ့ခံခဲ့ရသလဲ ဆိုတာကို ကျနော်တို့တွေ ကြည့်ကြရအောင်ပါ။
ပါရမီရှင်တယောက်ဖြစ်လာဖို့ဆိုတာ ဘုရားတောင်မှ အမှီရှိမှ ပွင့်ရတာ စလို့ စကားပုံတွေ ထားရစ်ကြသလိုမျိုး။ ဝန်းကျင်၊ အထောက်အပံ့၊ လွတ်လပ်စွာ လင်းပွင့်ခွင့်ရှိတဲ့ ဘဝအခွင့်အလမ်း စတာတွေ လိုအပ်စမြဲ မဟုတ်ပါလား။ သို့ပေတဲ့လည်း အဲဒါတွေထက် ပိုမိုနက်ရှိုင်းဆုံးအရာက ဒီစိတ်ဆန္ဒ ထက်သန်မှုဆိုတာ နှလုံးသားထဲကလာတဲ့ အရာဟုတ်ရဲ့လား။ ကိုယ်တိုင်ကိုယ်ကျ ခွဲခြားနားထောင်နိုင်ဖို့ ပိုမိုလိုအပ်လှတာပေါ့။
ကျနော်တို့တွေ သာမန်ကာလျှံကာ မှတ်ချက်ပြုမိမှာကတော့ စပီးဘာ့ခ်က ကမ္ဘာကျော် ဒါရိုက်တာ ဖြစ်မှာပေါ့ကွာ။ အမေရိကန်လိုနေရာမှာ လူဖြစ်ရတာလေ စလို့ ပြောမိကြမယ် ထင်ပါရဲ့။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒါပေမယ့်လည်း စပီးဘာ့ခ် ဆိုတဲ့ မီးခဲကလေး တရဲရဲ ဖြစ်လာဖို့ ဘယ်လိုလောင်ကျွမ်းခံခဲ့ရသလဲ ဆိုတာတော့ ကျနော်တို့တွေ သိမှ မသိကြတာဘဲလေ။
ဂျူးမိသားစုက မွေးဖွားလာတဲ့ သူတို့တွေမှာ ခေတ်သစ်ကမ္ဘာထဲရောက်လာတဲ့တိုင်အောင် ခရစ်တော်ကို ကွပ်မျက်ကြတဲ့ကောင်တွေ ဆိုပြီး ဒေဝဒတ်မျိုးနွယ်တော်တွေလို ခရစ္စမတ်မှာ မီးထွန်းခွင့်မရှိ။ ယင်းကာလထဲ တရပ်ကွက်လုံး လင်းထိန်နေကြချိန်မှာ သူတို့တအိမ်ထဲ ကွက်မှောင်နေရတာ။ နာကျင်မှုတွေက အဲလိုနဲ့ စပီးဘာ့ခ်ဆိုတဲ့ ချာတိတ်ကလေးရဲ့ ရင်အစုံကို ကနဦး စိမ့်ဝင်ထိုးစိုက်တယ်။ မိသားစုအပေါ် အမြဲတာဝန်ကျေလိုတဲ့ ဖခင်ကြီးပဲ ဖြစ်ချင်သူ။ ဂဏန်းသင်္ချာပညာရပ်လိုမျိုးမှာ တဖက်ကမ်းခပ် ထူးချွန်ထက်မြက်လှတဲ့ ဖခင်ကြီးနဲ့ ဘဝကို စိတ်ကူးတွေထဲမှာပဲ ညွှတ်နူးတတ်သူ။ ပီယာနိုတီးခတ်မှု အနုပညာမှာ ပညာရှင်တယောက်ဖြစ်ပေမဲ့ မိသားစုဘဝထဲကိုပဲ မြှုပ်နှံပေးလိုက်ရတဲ့ မိခင်ကြီးဆီကနေ ရလိုက်ရတဲ့ ဗီဇတွေနဲ့ ပေါင်းစပ်ထားတဲ့ သူ့ထံမှာ ထက်မြက်တဲ့ ပါရမီတွေကို ငယ်ဘဝကတည်းက စပြီး မြင်လာရပြီ။
ဖခင်ကြီးလိုက်ပြတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ရကတည်းက သူ့နှလုံးသားထဲက လာတဲ့အသံက မင်းက ရုပ်ရှင်ဖန်တီးဖို့ ဖြစ်လာတဲ့ လူသားတယောက်ပဲကွ ဆိုတာကို သူသိလိုက်တယ်။ အဲဒီကနေ ဖခင်ကြီးဝယ်ပေးတဲ့ ကင်မရာကလေးနဲ့ ရုပ်ရှင်တွေ ရိုက်ကြည့်တယ်။ ဒီအလုပ်အပေါ်မှာ အင်မတန် ဝါသနာစူးနစ်လာတဲ့သူ့အဖို့ ဖလင် ဆက်တာ၊ Special Effects ထည့်တာမျိုးတွေကို အထူးတလည် လေ့လာနေရတာမျိုး မဟုတ်ဘဲ ကျွမ်းကျင်လာတယ်။
ထုံးစံအတိုင်းပေါ့။ အနုပညာသည်များရဲ့ လမ်းက ဘယ်တုန်းကများ လွယ်လင့်တကူ ချောမွေ့ဖွယ်ရာ ရှိလို့လဲ။ သားသမီးတွေလုပ်လိုတဲ့ ဆန္ဒတွေကို ဘယ်တုန်းကမှ အပေါ်စီးကနေ ကန့်ကွက်စီရင်မှုပြုတာမျိုး သူတို့ဆီမှာ မရှိကြပေမဲ့ ဖခင်ကြီးကတော့ သားဖြစ်သူ ဝါသနာကို အားပေးအားမြှောက်ပြုတာ ‌မြင်ရပေမဲ့ သူဖြစ်ချင်တာကလည်း သားကလေးကို သာမန် စီးပွားရေးသမားလေးအဖြစ်ပဲ မြင်ချင်တာ။ စပီးဘာ့ခ်ရဲ့ ဦးလေးကြီးကလည်း ပြောရှာပါတယ်။ အနုပညာဆိုတာ မင်းချစ်တဲ့မိသားစုနဲ့ တပါဒစီ တကမ္ဘာစီ ထာဝရဖယ်ကွာအောင် လုပ်ပစ်မယ့် အရာပဲဆိုတာ ခေါင်းထဲထည့်ထားတဲ့။ ဆပ်ကပ်ပညာရှင်ဖြစ်တဲ့ ဘဘကြီးက သူ့ဘဝနဲ့ နှိုင်းစာပြီးပြောတယ်။
ခြင်္သေ့ပါးစပ်ထဲကို ခေါင်းထိုးထည့်တာက အနုပညာမဟုတ်။ ခြင်္သေ့အကိုက်မခံရအောင် လုပ်တာကမှ အနုပညာကွ လို့ဆိုတယ်။ ဘဘကြီးပြောသလိုပါပဲ အနုပညာနဲ့အလားသဏ္ဍာန်တူတဲ့ ခြင်္သေ့ဦးခေါင်းထဲကို ခေါင်းထိုးဖို့ ကြိုးစားလာတဲ့သူ့မှာ အရွယ်ရောက်လာလေ၊ ခြင်္သေ့ကြီးကလည်း ခေါင်းထိုးမရအောင် ကိုက်ဖို့ ကြိုးစားလာပေါ့။ ထာဝရသာယာပျော်ရွှင်ရမယ် ထင်ခဲ့တဲ့ သူသိပ်ချစ်တန်ဖိုးထားရတဲ့ မိသားစုကလေးက အက်ကြောင်းတွေ ထင်လာတယ်။ ကင်မရာကနေ သူကို ပြန်ပြောခဲ့တဲ့ အမှန်တရားတွေကနေ ဆိုပါတော့လေ။ သူချစ်ရတဲ့ကင်မရာတွေကနေပဲ ပြန်ပြောလိုက်တဲ့ နာကျင်မှုတွေပဲ ဆိုပါတော့။
အိမ်က အဖေရဲ့ လုပ်ဖော်ကိုင်ဘက် ဘော်ဒါဘော်ကျွတ်နဲ့ မိခင် ဖြစ်သူက တိတ်တိတ်ပုန်း ငြိတွယ်နေတာကို မြင်လိုက်ရတာ။ ဘဝကို ရိုမန့်စ်ရုပ်ရှင်ထဲက မင်းသမီးသဖွယ် အားကျပုံရတဲ့ သူ့မေမေက လက်ရှိဘဝကမ္ဘာထဲမှာ ချစ်ရသူဆီက ကြားလိုတာမျိုးတွေက ဆန်းသစ်လှတဲ့ အပြုအမူတွေ။ အာဝဇ္ဇန်းရွှင်မှုမျိုးတွေ။ ဘဝကို သင်ပုန်းကြီး မဆန်တာတွေ။ သို့ပေမင့် ဖခင်ကြီးဆိုတာက အမြဲတစေ ကိန်းဂဏန်းသင်္ချာတွေကိုပဲ ငြီးငွေ့အောင်ပြောတတ်သူ။ ဖိနှိပ်ခံရတာများတဲ့ သူတို့မိသားစုကလေးလို အိမ်တဆောင်မီးတပြောင်နဲ့ ထားပေးလိုသူ။ ဒီလို ကိန်းဂဏန်းဆန်တာတွေပဲ များနေတဲ့သူ့လို ဖခင်မျိုးကို မိခင်ကြီးက စိတ်ကုန်ငြီးငွေ့သွားပြီထင်ပါရဲ့။ ဖေဖေဘော်ဒါ ဘန်နီဆီမှာက အနုပညာသည် မေမေသဘောကျတဲ့ ပဉ္စလက်ပြကွက်တွေ ရှိနေတယ်လေ။ ရယ်စရာ ဟာသတွေပြောတတ်တာတို့။ သူ့အလှဂုဏ်။ အနုပညာကို စိတ်ပါလက်ပါချီးကျူးဖော်ထုတ်ပေးတတ်တာတို့။ အရာရာ ဂရုစိုက်ပေးတာတို့ စလို့ပေါ့လေ။
ဒီအရာတွေဟာ တောက်မယ့်မီးခဲကလေးဖြစ်နေတဲ့သူ့ကို တောက်ပဖို့အရေးထက် ပြာအဖြစ် ကျွမ်းမြဖို့ပဲ တောက်လောင်စေတဲ့အရာတွေ။လက်တွေ့ကျောင်းသားဘဝမှာလည်း ဂျူးကောင်ဆိုပြီး အနိုင်ကျင့်မှုတွေပဲ ခံရ။ အိမ်ကိုပြန်ရောက်တော့လည်း အေးစက်နေပြီဖြစ်တဲ့ မိသားစုအတွင်းရေး။ နုနယ်လှတဲ့ ဒီကောင်လေးမှာ ထွက်ပြေးစရာ ကမ္ဘာရယ်လို့ မရှိရှာတော့တဲ့ အခြေအနေပေါ့။
သူ့နေရာမှာ ကျနော်တို့ဆိုရင်ကော ဒီလိုအခြေအနေမျိုးကနေ လေးလံစိန်ခေါ်မှုအားကြီးလှတဲ့ အနုပညာဖန်တီးမှုဆိုတာကြီးကို ဆက်လုပ်ဖို့ စိတ်ခွန်အား ရှိနိုင်ပါတော့မလား။လွတ်လပ်စွာ ဖန်တီးဖော်ထုတ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိရာ နေရာ ဆိုပေမယ့် ပြိုင်ဆိုင်မှု အားကြီးလှတဲ့ အကောင်းဆုံးဆိုတာကိုမှ တောင်းဆိုကြတဲ့ သူတို့ရေမြေမှာ စပီးဘာ့ခ်ကလေးတယောက် ဒီလို ဒါရိုက်တာတယောက် ဖြစ်လာဖို့ ဘဝထဲက ပေးတဲ့ ဒဏ်ရာတွေကို ဘယ်လိုများ ကျောခိုင်းတတ်အောင် ကြိုးစားခဲ့ရသလဲ မသိပါဘူး။
ကျနော်တို့မြင်လိုက်ရတာကတော့ ခန္ဓာသေးသေးညှက်ညှက်ကလေးနဲ့ နာကျင်မှုတခိုပဲ မျက်ဝန်းထဲမှာ ငြိတွယ်နေတဲ့ ကောင်လေးတယောက်က ကင်မရာ မှန်ဘီလူးတွေနောက်ကိုပဲ ရဲဝံ့စွာ ခုန်ချလိုက်သတဲ့။ သူ့ဒဏ်ရာတွေကို ဖလင်ပြားကလေးတွေပေါ်မှာပဲ အရောင်စီခြယ်လိုက်သတဲ့။
သား ဒီသေနတ်ပစ်ခန်းတွေမှာ အရောင်တွေ ထွက်အောင် ဘယ်လိုလုပ်လိုက်တာလဲ လို့ ဖခင်ကြီးကမေးတော့၊ ဖလင်ပြားကို တွယ်အပ်ကလေးတွေနဲ့ လိုက်ထိုးလိုက်တာ ဖေဖေတဲ့။
ဖခင်ကြီးမှာတော့ တီထွင်ဉာဏ်ကြီးလှတဲ့ သားကလေးကို အံ့ဩချီးမွမ်းလို့ မဆုံးပေါ့။
ခုတော့ ကျတော်တို့တွေ ကမ္ဘာကျော်ဒါရိုက်တာကြီး ဖြစ်လာတဲ့ သူ့ရဲ့ လက်ရာတွေကို မြောက်မြားစွာ ရှု့စားခဲ့ပြီးပါပြီ။ သို့ပေတဲ့လည်း ဖလင်ပြားတွေရဲ့နောက်က ပင်အပ်တွေနဲ့ ထိုးခံပြီးမှ လင်းလက်ခဲ့ရတဲ့ ဒဏ်ရာကလေးတွေကိုတော့ မသိခဲ့ မမြင်ခဲ့ကြဘူး မဟုတ်လား။
အဲဒီအရာတွေကို ဒါရိုက်တာကြီး စပီးဘာ့ခ် ကိုယ်တိုင်ကပဲ ယခု ရုပ်ရှင်ထဲမှာ ပြဆိုလိုက်ပါတယ်။ ရှု့စားလိုက်ကြပါစို့။
ရုပ်ရှင်ရည်ညွှန်း- The Fabelmans Movie ( 2022 )

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment