2
“ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြဒိုင်ယာရီ (၁၅)”
■ ညီမင်းဆက်
အခုရက်ပိုင်းတွေထဲ ကိုပေါက်စီ မကြားချင်ဆုံး အသံကတော့ ဝိညှောင် ဝိညှောင်ဆိုတဲ့ ရှေ့ပြေးမီးတန်းယာဉ်ရဲ့ အသံပဲဖြစ်တယ်။ စစ်တပ်က ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းက စလို့ အဲဒီ ဝိညှောင် ဝိညှောင် ဆိုတဲ့အသံတွေက မြို့ကြီးထဲ နားမခံသာအောင် ကြားနေခဲ့ရတော့တာပါပဲ။
တကယ်က ကြားနေရရုံတင် မကပါဘူး။ အဲဒီ ဝိညှောင်ဆိုတဲ့ အသံရဲ့ နောက်ဆက်တွဲအဖြစ် ကိုပေါက်စီတို့ဆိုင်တွေလည်း ပိတ်ရတာ ခဏခဏပါပဲ။ ဝိညှောင် ဝိညှောင် ဆိုတဲ့ ယာဉ်တန်းမှာပါလာပြီး ကိုပေါက်စီတို့ရပ်ကွက်က လူတွေကို ခေါ်ခေါ်ပြီးတွေ့တတ်၊ ဩဝါဒခြွေတတ်တဲ့ လူကြီးကတော့ ခင်ဗျားတို့တွေ အဆင်ပြေအောင် ကျုပ်က အကုန်လုပ်ပေးမှာလို့ အထပ်ထပ်ပြောပေမဲ့ သူပါတဲ့ အဲဒီယာဉ်တန်းလာပြီဆို ကိုပေါက်စီတို့ ဈေးဆိုင်တန်းတွေ အကုန် ပိတ်သိမ်းရလို့ အရောင်းအဝယ်မရှိ အရင်းပြုတ်ရတာလည်း မကြာမကြာပါပဲ။
ကိုပေါက်စီကတော့ ဝိညှောင်ယာဉ်တန်းနဲ့လူကြီး ရပ်ကွက်ထဲလာတာနဲ့ ဈေးဆိုင်တန်းတွေပိတ်ရတဲ့ကိစ္စ ထုတ်ပြောမယ်လို့ တေးထားပေမဲ့ လူကြီးနဲ့တွေ့ရင် ဘာမှမပြောဘဲ လူကြီးပြောတာပဲ နားထောင်ရမယ်လို့ အုပ်ကြီးက အမိန့်ထုတ်တော့ ကိုပေါက်စီလည်း ပါးစပ်ပိတ်နေရတော့တာပေါ့။ အဲဒီအစား လူကြီးသာ ခဏခဏ မလာပါစေနဲ့လို့ ရှိသမျှဘုရားစုံအောင် ဆုတောင်းနေရတာပါပဲ။
အုပ်ကြီးကတော့ ရပ်ကွက်ထဲ ဝိညှောင်ယာဉ်တန်းနဲ့လူကြီး မကြာမကြာလာလေ သူ့အတွက် ဂွင်ကောင်းလေမို့ ရပ်ကွက်ထဲရှိသမျှလူကို တွေ့တဲ့နေရာတိုင်း မဲစာရင်းကြည့်ပြီးပြီလား ဆိုတာနဲ့ မဲပေးရင် အဲဒီလူကြီးကိုပေးဖို့ သိသိသာသာတမျိုး၊ မသိမသာတမျိုး ဆွယ်တရားဟောနေတာပါပဲ။
တခါသား လက်ဘက်ရည်ဆိုင်မှာ အမှတ်မထင်ဆုံတုန်း မဲစာရင်းကြည့်ပြီးပြီလားလို့ ကိုပေါက်စီကိုမေးလို့ မကြည့်ရသေးဘူးပြောမိတာ နောက်ရက် အိမ်အထိရောက်လာပြီး မဲစာရင်းမှာ နာမည်ပါကြောင်းနဲ့ မဲစာရင်းနံပါတ် ဘယ် လောက်ဖြစ်ကြောင်း အသိပေးပြောလာသလို ဝိညှောင်လူကြီးအကြောင်း မသိမသာ စကားဆက်စပ် ပြောသွားသေးတယ်။
အုပ်ကြီးကသာ အဲဒီလို တက်ကြွနေတာ ကိုပေါက်စီတို့ ရပ်ကွက်ထဲတော့ မဲစာရင်းနဲ့ ရွေးကောက်ပွဲအကြောင်းက ဒီနေ့ ဘာဂဏန်းကောင်းလဲ ဆိုတာလောက်တောင် စိတ်ဝင်စားမခံရပါဘူး။ ဒါပေမဲ့ ဘယ်သူမှလည်း ရွေးကောက်ပွဲကို သိသိသာသာ ဆန့်ကျင်မပြရဲကြဘူး။ ရွေးကောက်ပွဲအကြောင်း ဝေဖန်လို့ဆိုပြီး စစ်တပ်ကဖမ်းဆီးတဲ့ စာရင်းတွေ လူမှုကွန်ရက်ထဲ မြင်နေရတော့ စိတ်ထဲရှိတာ စိတ်ထဲထားရင်း ကိုယ့်အချင်းချင်း တီးတိုးပြောဖြစ်တာပဲ များကြတယ်။
ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာမတင်ဖို့လည်း အချင်းချင်း သတိပေးရသေးတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဝေဖန်တာတွေနဲ့ ပတ်သက်တဲ့အကြောင်းက လူမှုကွန်ရက်ကတဆင့် အခြေခံပြီး ဖမ်းဆီးခံရတာ များတာမို့ အဲဒီကိစ္စကိုလည်း အတော်လေးသတိထားဖို့ ပြောရတာဖြစ်တယ်။
အပြင်မှာဝေဖန်လို့ ဖမ်းခံရတယ်တော့ သိပ်မကြားရသေးဘူး။ ဘယ်အချိန် စဖမ်းမလဲတော့ မပြောတတ်ဘူး။ သူနဲ့ ဆန့်ကျင်သူမှန်သမျှကို ကြက်ကလေးငှက်ကလေးလို ဖမ်းဆီးပြီး ခေါင်းစဉ်မျိုးစုံတပ် အမှုဆင်တတ်တဲ့ စစ်တပ်အ တွက်က ဖမ်းမယ်ဆို အချိန်မရွေး ဖမ်းပစ်လိုက်မှာပဲဖြစ်တယ်။
ရွေးကောက်ပွဲ ဝါဒဖြန့်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ဝေဖန်လို့ဆိုပြီးတောင် ဒါရိုက်တာတချို့ကို ဖမ်းဆီးပစ်လိုက်တာ ကြည့်ပါလား။ ပြီးတော့ ဝါဒဖြန့်အတွက် မပူးပေါင်းလို့ဆိုပြီး သရုပ်ဆောင်တချို့ကို ဖမ်းဆီး ဖိအားပေးတာကိုကြည့်ရင်လည်း စစ်တပ်က မထင်ရင် မထင်သလို ဖမ်းပစ်မှာ သေချာနေတာပဲဖြစ်တယ်။
ပြောမယ့်သာပြောတာ ကိုပေါက်စီတို့ ရပ်ကွက်ထဲ ဝိညှောင်ယာဉ်တန်းနဲ့ လူကြီးပဲ ရောက်လာတတ်တာမို့ သူနဲ့အတူပါတဲ့ သေနတ်ကိုင်စစ်သားတွေကြောင့် ရွေးကောက်ပွဲကိစ္စ ဟုတ်ကဲ့ ဟုတ်ကဲ့ကလွဲလို့ ဘယ်သူကမှလည်း အသံ ကျယ်ကျယ် မထွက်ဖြစ်ကြပါဘူး။ ဝိညှောင်ယာဉ်တန်းနဲ့ လူကြီးကတော့ ကိုပေါက်စီတို့ရပ်ကွက်အပါအဝင် သူ့မဲဆန္ဒနယ်ထဲရှိနေတဲ့ ရပ်ကွက်တွေထဲ သွားလာပြီး ရပ်ကွက်သူရပ်ကွက်သားတွေကို ဆင့်ခေါ်မိန့်ခွန်းခြွေတာမျိုး လုပ်ဆောင်နေတာဖြစ်တယ်။
ဝိညှောင်ယာဉ်တန်းနဲ့ လူကြီးလိုမျိုး တခြားသော ပါတီအများစုရဲ့ ကိုယ်စားလှယ်လောင်းတချို့လည်း ရပ်ကွက်ထဲ ရောက်လာကြပေမဲ့ ပါတီပန်းဖလက်လေးကမ်းပြီး ကသုတ်ကရိုက် ပြန်ပြေးကြတာများတယ်။ ဝိညှောင်ယာဉ်တန်းနဲ့လူကြီးလို လူတွေကိုခေါ်ပြီး မိန့်ခွန်းခြွေဖို့ဆိုတော့ အဝေးကြီးပါပဲ။ တယောက်မှ ကိုပေါက်စီ မတွေ့မိသေးဘူး။ ကိုပေါက်စီ သတိထားမိသလောက် ပါတီအများစုက အမတ်လောင်းတွေက လူမှုကွန်ရက်ပေါ်မှာပဲ အာပေါင်အာရင်းသန်နေကြတာမျိုးပါပဲ။
တခြားသော ပါတီတွေအတွက် မြေပြင်ဆင်းပြီး မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ဖို့က လုံခြုံရေးပြဿနာနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ကန့်သတ်ချက်တွေက ရှိနေတာလည်း ဖြစ်ပုံရတယ်။ ဒါပေမဲ့ ဝိညှောင်ယာဉ်တန်းနဲ့ လူကြီးကတော့ ကိုပေါက်စီတို့ရပ်ကွက်အပါအဝင် နေရာအနှံ့မှာ လုံခြုံရေးယူပြီး ရောက်လာ မိန့်ခွန်းခြွေတာမျိုးက တကယ့်ကို အလွယ်တကူ ဖြစ်နေတော့တာပါပဲ။
တခါတလေ အဲဒီ ဝိညှောင်ယာဉ်တန်းရဲ့ အသံကြားရရင် ဒီရွေးကောက်ပွဲကို ဝင်ပြိုင်တဲ့လူတွေကို ကိုပေါက်စီ အတော့်ကို အံ့ဩစိတ်ဖြစ်ရတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲအပေါ် ဘာများ ယုံကြည်နေကြတာလဲလို့လဲ မချိတင်ကဲ ဖြစ်ရတယ်။
အခုပဲကြည့်လေ ‘လွတ်လပ်ပြီး တရားမျှတတယ်’ ဆိုတာ အသာထားဦး၊ တခြားသော အကြောင်းအရာတွေ ခဏထားဦး၊ ဝိညှောင်ယာဉ်တန်းမှာတင်ကို ရွေးကောက်ပွဲဆိုတာနဲ့ မျှမျှတတဆိုတဲ့ကိစ္စက တွေးဆကြည့်လို့ ရနေပြီ မ ဟုတ်လား။
ကိုပေါက်စီနဲ့ ရပ်ကွက်ထဲက ခင်မင်ရင်းနှီးရာ အပေါင်းအသင်းတွေကြားထဲတော့ သူတို့ဖာသာသူတို့ ဘယ်လိုပဲ ရှိပါစေ၊ ငါတို့ကတော့ ငါတို့တာဝန်ကျေမှဖြစ်မယ်လို့ အချင်းချင်း သတိပေး ပြောဖြစ်ကြတယ်။ အဲဒါက မဲရုံမသွားဘူး၊ မဲ မပေးဘူး ဆိုတာမျိုးပေါ့။ ဒါကလည်း ကိုပေါက်စီတို့တတ်နိုင်တဲ့ တခုတည်းသော ရွေးကောက်ပွဲဆန့်ကျင်နိုင်မှု အကြောင်းပဲဆိုတော့ ဝိညှောင်ယာဉ်တန်းအသံကို နားထောင်ရင်း တိုးတိုးတိတ်တိတ် လက်သိပ်ထိုး သတိပေးရင်း ရှိ နေဖြစ်တော့တာပါပဲ။
.
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
