ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၆)

“ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၆)”
■ ညီမင်းဆက်
အဲဒီသတင်းကြားကြားချင်း ကိုပေါက်စီ မယုံနိုင်ဘူး။ ခင်ဗျားဟာ သေချာလို့လားဗျာလို့ သတင်းစကား ပြောလာသူ ကို မယုံသင်္ကာ ပြန်မေးမိတယ်။ ဒါပေမဲ့ သတင်းစကား ယူဆောင်လာသူက လမ်းတကာလျှောက်ပြီး ကောလာဟ လ ပေါက်ပန်းလေးဆယ် ပြောတတ်တဲ့ လူစားမျိုးမဟုတ်ဘဲ အများက လေးစားရပြီး မှန်ကန်တည်ကြည်သူဖြစ်တာမို့ ကိုပေါက်စီလည်း သတင်းကို မယုံချင်လို့မရဘဲ ဖြစ်ရတယ်။
ကိုမင်းနိုင်တယောက်ရော ဘယ်လိုရှိလဲ အဆင်ပြေရဲ့လားလို့ သတင်းစကားယူလာသူကို မေးကြည့်ဖြစ်တော့ သိပ် တော့ အဆင်ပြေပုံမရဘူး။ ဒါပေမဲ့ ဘာမှ လုပ်လို့မရတဲ့ အခြေအနေဆိုတော့ စိတ်သက်သာရာရအောင် ဝိုင်းပြီး တော့ ဖြေသိမ့်နေရတာမျိုးပေါ့လို့ ဆိုတယ်။
တကယ်တမ်းတော့ ကိုမင်းနိုင်တို့တတွေဆိုတာက ကိုပေါက်စီတို့ရပ်ကွက်ထဲ ပြောင်းလာတာ သုံးနှစ်လောက်ပဲ ရှိ ဦးမယ်။ ကိုမင်းနိုင်က ကိုပေါက်စီတို့ မြို့နယ်ထဲမှာရှိတဲ့ အထက်တန်းကျောင်းတခုရဲ့ပညာရေးဝန်ထမ်း။ စစ်တပ်က အာဏာသိမ်းတော့ အာဏာသိမ်းတာကို ဆန့်ကျင်ပြီး အစောဆုံး စီဒီအမ်လုပ်ခဲ့သူတွေထဲ ပါတယ်။
အစောပိုင်းကာလတွေမှာ ပတ်ဝန်းကျင်ကောင်းတာမို့ စီဒီအမ်လုပ်ထားပေမဲ့ ဝန်ထမ်းလိုင်းခန်းမှာပဲ ဟန်မပျက် ဆက်ပြီး နေထိုင်နိုင်ခဲ့ပေမဲ့ စီဒီအမ်ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ စစ်တပ်က အချိန်ယူ ကိုင်တွယ် ဆောင်ရွက်လာနိုင်ချိန်မှာတော့ ကိုမင်းနိုင်တို့လည်း ဟိုဟိုဒီဒီ ပြောင်းရွှေ့နေထိုင်ရင်း နောက်ဆုံးမှာ ကိုပေါက်စီတို့ရပ်ကွက်ထဲကို ရောက်လာခဲ့တာဖြစ်တယ်။
စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ စိတ်တခုတည်းနဲ့ ဆန့်ကျင်တော်လှန်ခဲ့ပေမဲ့ နဂိုကတည်းက ပညာရေး အောက်ခြေဝန်ထမ်း သာမညောင်ညသမားမို့ စီဒီအမ်တွေနဲ့ပတ်သက်တဲ့ အထောက်အပံ့လိုင်းကြောင်းတွေ၊ အခွင့်အလမ်းတွေလည်း ကိုမင်းနိုင်တို့မှာ အဆက်အစပ် ရှိမနေခဲ့ဘူး။
တခါတလေ ရင်းနှီးခင်မင်ကြတဲ့ ဟိုကဒီက ပေးကမ်းကူညီတာလေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေးလာတတ် တာလေးရှိပေမဲ့ အာဏာသိမ်း နှစ်ကြာလာလေ အဲဒီအကူအညီတွေလည်း လေအတိုက်မှာ လွင့်စင်သွားတဲ့ သစ်ရွက်ခြောက်လို ဝဲကတော့ထိုးရင်း တဖြည်းဖြည်း ပျောက်ကွယ်ကုန်တာမို့ အခြေပျက်သွားတဲ့မိသားစု အဆင်ပြေဖို့အ တွက် ရသမျှအလုပ်တွေကို ကိုမင်းနိုင်တို့တတွေ လုပ်ကိုင်ရင်း ဖြတ်သန်း နေထိုင်နေခဲ့ကြတာဖြစ်တယ်။
နွေရာသီဆို အထမ်း မန်ကျည်းဖျော်ရည်သည်၊ မိုးရာသီဆို ပေါင်းရှင်းမြက်ရှင်းအလုပ်သမား၊ ဆောင်းရာသီဆို တ ခါတရံ ဆောက်လုပ်ရေးလုပ်သား၊ တခါတရံ ပွဲခင်းဈေးသည် စသဖြင့် ကြုံရာကျပန်း ရသမျှအလုပ်တွေကို ကိုမင်းနိုင်တို့မိသားစုတွေ လုပ်ကိုင်ရင်း တောင့်ခံနေခဲ့ပေမဲ့ စစ်အာဏာသိမ်းမှု ကာလကြာရှည်လာတာနဲ့အမျှ အလုပ် အကိုင်တွေလည်း တနေ့တခြား ရှားပါးလာခဲ့သလို စီဒီအမ်သမားတွေအတွက် စစ်တပ်ကပေးတဲ့ မျိုးစုံသော ဖိအား တွေကိုလည်း ကြုံလာခဲ့ရတာဖြစ်တယ်။
ကာလကြာလာလေ အဆင်မပြေမှုတွေ ပိုများလာလေဆိုပေမဲ့ ရရာ သင့်ရာ အလုပ်ကလေးတွေကို စိုက်လိုက်မတ် တပ် ဖိလုပ်ရင်း မိသားစုအရေးကို ကိုမင်းနိုင်တို့တတွေ ရုန်းကန် ဖြေရှင်းနေခဲ့တာဖြစ်တယ်။
ကိုပေါက်စီတို့ ရပ်ကွက်ထဲ ကိုမင်းနိုင်တို့တတွေ ပြောင်းရွှေ့လာချိန် မိသားစု လေးယောက်ဖြစ်တယ်။ ကိုမင်းနိုင် ရယ်၊ သူ့ အမျိုးသမီးရယ်၊ သားနှစ်ယောက်ရယ်။
သားနှစ်ယောက်လုံးက တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး နှစ်ယောက်စလုံး ကိုဗစ်ရောဂါကပ်ဆိုးမှာ ပညာရေး တနှစ်အောက်နေခဲ့ရာကနေ စစ်တပ်က အာဏာသိမ်းတာပါ ကြုံရော ကျောင်းပညာရေးဘက်ဆီလည်း မရောက်၊ တခြားသော ပညာရေး အခွင့်အလမ်းတွေဘက်ဆီလည်း လက်လှမ်းမမီနဲ့ ပညာ‌ရေး ဆုံးဆုံးမြုပ်နေခဲ့ကြတာဖြစ် တယ်။
ကိုမင်းနိုင်ကိုယ်တိုင်က စီဒီအမ်သမားဖြစ်ပေမဲ့ သူ့သားတွေကို ကျောင်းဆက်တက်ခိုင်းတာမှာ သားတွေက ဆက် မတက်ကြဘူး။ ကိုမင်းနိုင်က ကြုံရာသင့်ရာ လုပ်ကိုင်ရင်း မိသားစုအတွက် ရှာဖွေသလို သားနှစ်ယောက်ကလည်း ရရာအလုပ်အကိုင်တွေ ဝင်ရောက်လုပ်ကိုင်ရင်း မိသားစုဝန်ကို တဘက်တလမ်းက ဝိုင်းဝန်း ထမ်းပိုးနေခဲ့ကြတာ ဖြစ်တယ်။
အာဏာသိမ်း အစောပိုင်းကာလတွေ မိသားစု တက်ညီလက်ညီနဲ့ ကြုံလာသမျှ အခက်အခဲကို ကြိုးစားရင်ဆိုင် ဖြေ ရှင်းနိုင်ခဲ့ကြပေမဲ့ စစ်မှုထမ်းဥပဒေ ထွက်လာအပြီးမှာတော့ အခြေအနေတွေအားလုံးက ကိုမင်းနိုင်တို့အတွက် ပြောင်းပြန်ဆိုသလို ဖြစ်ကုန်တော့တာပါပဲ။
စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် အသက်ကန့်သတ်ချက်မှာ အကျုံးဝင်နေတဲ့ သားနှစ်ယောက်အတွက် ကိုမင်းနိုင်တို့ မိသားတစုလုံး အကြပ်ရိုက်ခဲ့ကြတယ်။ အခြားသူတွေလို အောက်လမ်းကနေ ထိုင်းနိုင်ငံဘက်ဆီ ပို့ရအောင်ကလည်း တဘက်မှာ ငွေကြေးမတတ်နိုင်သလို တဘက်မှာလည်း ထိုင်းနိုင်ငံဘက်ခြမ်းရဲ့ တင်းကြပ်လာတဲ့ အဖမ်းအဆီး သတင်းတွေကြောင့်လည်း ထိုင်နေအကောင်း ထသွားလို့ ကျိုးနေမှ သားတွေလည်းဆုံး ငွေလည်းဆုံး ဆိုရင် အခြေအနေက ပိုဆိုးကုန်မှာကို အားလုံးက စိုးရိမ်ကြတယ်။
နောက်ဆုံးတော့ ဟိုကအကြံပေး၊ ဒီကအကြံပေးနဲ့ သားတွေကို ကိုယ့်မြို့နယ်အတွင်း မနေခိုင်းတော့ဘဲ တခြားမြို့ နယ်တွေဘက်ဆီနဲ့ ဆွေရိပ်မျိုးရိပ် မကင်းသူတွေဆီ သင့်တင့်သလို လှည့်ပြောင်းနေထိုင်စေရင်း စစ်မှုထမ်းကိစ္စကို တော့ လစဉ် သတ်မှတ်ငွေကြေး ထည့်ဝင်ပြီး ရှောင်ရှားတဲ့နည်းလမ်းကို ကိုမင်းနိုင်တို့ ရွေးချယ်ခဲ့ကြတယ်။
အဲဒါကလည်း အစပိုင်း အတော်လေး အဆင်ပြေတယ်လို့ ဆိုရမယ်။ လစဉ် သတ်မှတ်ငွေကြေး ပေးလိုက်ပြီးရင် ဘာမှ စိတ်ပူနေစရာ မလိုတော့ဘူး။ အားလုံး စိတ်အေးလက်အေး ဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီအခြေအနေက အကြာကြီး မခံလိုက်ပါဘူး။
လစဉ်ငွေကြေး ထည့်ဝင်ပေးနေပေမဲ့လည်း စီဒီအမ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သန်းခေါင်စာရင်းထဲပါ စစ်မှုထမ်းအမည်ပေါက် သားနှစ်ယောက် အိမ်မှာ အတူရှိမနေရလားဆိုပြီး ရပ်ကွက်ထဲ သန်းခေါင်စာရင်းလာစစ်ချိန် ကိုမင်းနိုင်ကို စစ်တပ်က ဖမ်းခေါ်သွားတော့တာပါပဲ။
သူ့အဖေသတင်းကြားတော့ သူ့သားတွေလည်း ဘယ်နေနိုင်ကြမလဲ၊ အိမ်ပြန်လာကြတာပေါ့။ ကိုမင်းနိုင်သားတွေ အိမ်ပြန်ရောက်ပြီ ဆိုတဲ့သတင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးကတဆင့် အထက်အဆင့်ဆင့်ဆီ ရောက်သွားတော့ ဖမ်းခေါ်သွားခံရပြီး နှစ်ရက်လောက်အကြာမှာ ကိုမင်းနိုင်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်တယ်။
သားတွေက စစ်မှုထမ်းသင်တန်းပါပေမဲ့ ရှေ့တန်းကို ပို့မှာမဟုတ်ကြောင်း၊ မြို့နယ်အတွင်းမှာပဲရှိတဲ့ တပ်ရင်းတွေ မှာပဲ အရံအင်အားအဖြစ် တာဝန် ပြန်ထမ်းဆောင်ရမှာဖြစ်ကြောင်း၊ စိတ်ပူနေဖို့ မလိုကြောင်း စသဖြင့် စစ်တပ် အရာရှိက ကိုမင်းနိုင်ကို ကတိအထပ်ထပ်ပေးလိုက်လို့ သိရပေမဲ့ အိမ်ပြန်ရောက်လာတဲ့ ကိုမင်းနိုင်ရဲ့နှုတ်ခမ်းတွေက အိန်ဂျလီနာဂျိုလီရဲ့ နှုတ်ခမ်းတွေလိုဖြစ်နေခဲ့ပြီး ညာဘက် မျက်လုံးတဘက်ကလည်း ဖွင့်မရအောင် ဖူးယောင်နေခဲ့တယ်။
အတိုချုပ်ပြောရရင်တော့ အဲဒီ‌နောက်ပိုင်း ကိုမင်းနိုင်ရဲ့ သားနှစ်ယောက်လုံး စစ်မှုထမ်းပါသွားပြီး စစ်တပ်ကအရာ ရှိ တွင်တွင်ကတိပေးသလို မြို့နယ်ထဲက တပ်ရင်းတွေဆီ တာဝန်ကျလာတာလဲမရှိ၊ သတင်းအစအနလည်း လုံး လုံး စုံးစုံး စုံစမ်းမရတော့ဘဲ မြုပ်သွားခဲ့တာပါပဲ။
အခုကလည်း ကိုမင်းနိုင်ရဲ့ အမျိုးသမီးက သူ့သားတွေ သူ့ကို ညတိုင်းနီးပါး အိပ်မက်လာပေးတဲ့ အကြောင်းကနေ နီးစပ်ရာ အဆက်အသွယ် အကူအညီနဲ့ မရအရ သတင်းလိုက် စုံစမ်းမေးမြန်းတော့မှ သားနှစ်ယောက်လုံး ရှေ့တန်းစစ်မြေပြင် အပို့ခံရပြီး တိုက်ပွဲမှာ ကျသွားတယ်ဆိုတာကို သိရတော့တယ်တဲ့။
ကိုမင်းနိုင်ကို ဖမ်းခေါ်သွားပြီး သားတွေကို ရှေ့တန်းမပို့ပါဘူးလို့ ကတိပေးခဲ့တဲ့ စစ်တပ်ကအရာရှိပဲ နောက်တ ရက် ကိုမင်းနိုင်တို့အိမ်ကို ရောက်လာပြီး သားနှစ်ယောက်အတွက် နစ်နာကြေးလို့ဆိုကာ ငွေကျပ်သုံးသိန်း လာ ပေးတယ်တဲ့၊ ပြီးတော့ အိမ်ရှေ့မဏ္ဍပ်ထိုး နာရေးလုပ်တာမျိုး မလုပ်ဖို့ ကိုမင်းနိုင်တို့ကို အမိန့်ပေးသွားတယ်တဲ့။
ကြားရတဲ့ သတင်းစကားနဲ့ ကိုမင်းနိုင်တို့အကြောင်း တွေးမိတော့ ကိုပေါက်စီစိတ်ထဲ မအေ..ိုးတွေလို့ တစ်တစ်ခွခွ ဆဲရေးနေမိတယ်။
About The Call 802 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*