18
ဂနိုက်
‘ကျနော်ရောက်ခဲ့တဲ့ စစ်မြေပြင်တရက်တာအကြောင်း ရေးတဲ့စာ’
မနက်အစောပိုင်းမှာ **** တပ်ခွဲ ၄ တပ်ရင်းဌာနချုပ် (******)ကို ရောက်ခဲ့တယ်။ အဲ့ကနေ ဆိုင်ကယ်နဲ့ ရှေ့တန်းဇုန်ကိုလိုက်ပါခဲ့တယ်။ မနက်တပိုင်းမှာ ရှေ့တန်းကင်းပေါက်တွေမှာ သတင်းလိုက်ယူ/ဓာတ်ပုံလိုက်ရိုက်ခဲ့တယ်။ စစ်တပ်နဲ့ဆိုင်ထားတဲ့နေရာ။ ဘောလုံးကွင်း တကွင်းစာမျှ အလျားလိုက်အကွာအဝေး။ အဲ့လိုနေရာမှာ ကျနော်နည်းနည်းတော့ ကြောက်ပါတယ်။ မကြာခဏ ဒရုန်းတက်နေတယ်လို့ပြောပေမဲ့ လာချတဲ့အဆင့်အထိ မရောက်ခဲ့ပါဘူး။
မကြာခဏ စစ်တပ်က လှမ်းလှမ်းပစ်နေတဲ့အကွာအဝေးမှာ ရဲဘော်တွေကတော့ မကြောက်ဖို့ တခုခုဆို မပြာဖို့နဲ့ သတိထားဖို့ ကျနော့်ကိုသတိခဏခဏပေးနေတယ်။ ကံကောင်းတာ စောက်ရူးစစ်တပ် မူးအိပ်နေလားတော့ မပြောတတ်ပါဘူး။ ကင်းနေရာတွေတော်တော်များများရောက်ပြီး second line လောက်ပြန်ရောက်တဲ့အထိ အန္တရာယ်အခြေအနေနဲ့ မရင်ဆိုင်ခဲ့ရပါဘူး။ နေ့လယ်ပိုင်းမှာ ရှေ့တန်းအထိုင်တနေရာမှာ ကုတင် ၃လုံး နဲ့ ကိုယ်တို့အတွက် နေရာပေးခဲ့တယ်။ ကျည်ကာအင်္ကျီကို ခေါင်းအုံးပြီး အိပ်ပျော်သွားတယ်ထင်တယ် နာရီအနည်းငယ်အကြာအထိ။
ပြန်နိုးလာတော့ ထမင်းထုပ် ရောက်နေပြီ။ ရဲဘော်တွေပြောစကားအရ တရက်မှာ ထမင်းနှစ်နပ်ကျွေးတယ်တဲ့။ မနက်အစောတကြိမ် နေ့လည်+ညစာ နေ့လယ် ၂ နာရီဝန်းကျင်မှာတကြိမ် ခန့်မှန်းပေါ့။ ဗိုက်ဆာသလိုရှိတာနဲ့ အတူနေရဲဘော်နဲ့အတူတူ ထမင်းဖွင့်စားလိုက်တယ်။ ထမင်းက အရင်ရှေ့တန်းတွေမှာလိုက်ခဲ့တုန်းက စားရတဲ့ထမင်းထပ်စားရင် အတော်ကောင်းတယ်ပြောရမယ်။ ဟင်းကတော့ ဘာငါးခြောက်မှန်းမသိတာကို ငြုပ်သီးနဲ့ရောကြော်ထားတဲ့အကြော် ထမင်းထုပ်တဲ့ပုံထားရယ် အိတ်သပ်သပ်နဲ့ပါလာတဲ့ ခရမ်းသီးနှပ်တခွက်။
ဒီနေ့က ကိုယ့်မွေးနေ့ဆိုတာကို ရုတ်တရက်သတိရသွားတော့ အရင်နှစ်မွေးနေ့တွေမှာ ငါဘာစားနေတာလဲ ဘာတွေလုပ်ဖြစ်ခဲ့လဲဆိုတာပြန်တွေးမိသွားတယ်။ ထူးထူးခြားခြားအောက်မေ့စရာရယ်တော့ မရှိပါဘူး။ မွေးနေ့ကိတ်ခွဲဖြစ်ခဲ့တဲ့နှစ်တွေမှာ ကိတ်ရဲ့ Cream သားကို ရေခဲအပြည့်ပါတဲ့ဘီယာအေးအေးလေး မြည်းနေတာတော့သတိရမိသလိုပဲ။
မီတာ ****** လောက်အကွာမှာ တိုက်ပွဲဆက်တိုက်ဖြစ်နေတာရယ် လက်နက်ကြီးသံဝုန်းဒိုင်းကြဲနေတဲ့နေရာမှာ ဘီယာသောက်ချင်တယ်လို့တွေးမိတာ အတွေးနဲ့တင် အတော်ရယ်ရပါတယ်။ အေးလေ စိတ်ကူးယဉ်တာပဲဟာ စိတ်ကူးရိုင်းတာမှမဟုတ်တာပဲလေနော့။
ထမင်းစားပြီးတော့ အမှိုက်တွေကို စနစ်တကျပစ်။ လက်ဆေးဖို့အုတ်ကန်ဆီကိုသွားခဲ့တယ်။ ဒရုန်းကခေါင်းပေါ် နဲ့ မလှမ်းကမ်းက ကောင်းကင်ရဲ့နေရာတော်တော်များများမှာဝဲနေဆဲပဲ။ ရဲဘော်တွေရဲ့ဆိုစကားအရတော့ ကိုယ်တို့နေနေတဲ့နေရာကို ဒီကောင်တွေလုံးဝမသိနိုင်ဘူးလို့ပြောတယ်။
မီတာ ***** ဝန်းကျင်အကွာက ရဲဘော်တွေကာထားတဲ့ကင်းနေရာတွေကို ဒရုန်းဗုံးသီးတွေ ဆက်တိုက်ကြဲနေသံကို အတိုင်းသားကြားနေရတယ်။ အတူနေရဲဘော်ပြောတာတော့ ”ခွေးဒရုန်းက နေ့တိုင်းတက်တယ်၊ ကျနော်တို့ဘက်ကပဲ ဝေးဝေးမှ တကြိမ်တတ်တာတဲ့”။ အခုဒီစာရေးနေရင်းကို ကင်းနေရာတခုဆီထင်တယ်။
ဒရုန်းကြဲသွားပြန်ပြီ။ (double 10,16:47 PM)
တော်ရုံလူဆိုရင် သိပ်ကိုသွေးပျက်စရာ အခိုက်အတန့်တွေပါပဲ။ ပြောသာပြောတာပါ ကျနော်လဲလူသားပဲ ကျနော်လဲ ကြောက်တတ်တာပဲပေါ့။ ဒါပေမဲ့ တခုပါပဲ ကုန်လွန်သွားမဲ့အချိန်တွေ ကြီးရင့်သွားမဲ့အသက်အရွယ်တွေမှာ မှတ်တမ်းတခုအနေနဲ့ပဲကျန်ကျန် ကျနော်ဆက်ရှိနေဖို့ပဲ တွေးနေမိတာပဲ။ တကယ်တော့ ရသေ့စိတ်ဖြေတာပါ။ ကျနော်တို့ဟာ ဘာမဆိုလုပ်ခွင့်ရဖို့ အရာအားလုံးဆုံးရှုံးပေးရတတ်တယ်မဟုတ်လား။ ဒီနေရာမှာ အင်တာနက်လုံးဝမရတော့ ကျနော့်ရဲ့ Fb အကောင့်မှာ ဘာစာတွေဝင်နေမယ် newfeed မှာ ဘာအသစ်တွေတက်နေမလဲဆိုတာတော့မသိရဘူး။ ကျနော့် timeline မှာတော့ မွေးနေ့ ဆုတောင်းစာတွေထပ်နေမယ်ထင်ပါတယ်။
တအောင့်ကြာတော့ ရဲဘော်တယောက် ရောက်လာတယ်။ လက်ဆေး ရေသောက် ဘာညာပြီးတော့ ကျောပိုးအိတ်နေရာချထားတဲ့နေရာမှာ ဆေးလိပ်ခဲဖို့ပြင်နေချိန်ပေါ့။ အကိုမနက်ကရှေ့တန်းနေရာမှာ သတင်းလိုက်ယူသေးလားတဲ့။ ဟုတ်ကဲ့ ကျနော်လိုက်ခဲ့တယ် သတင်းယူခဲ့တယ်ဆိုတော့။ အကို Video တွေ Photo တွေက နေရာပွိုင့်တွေကို ဖော်ပြတာမျိုးဆို အခုတင်လို့မရသေးဘူးနော်။ စောင့်ပေးပါတဲ့။ ကျနော်တို့ရဲဘော်တွေက ဆက်ရှိနေသေးတာဆိုတော့လေတဲ့။
ဟုတ်ကဲ့ဖြစ်ပါတယ်။ ကျနော်လုံခြုံတဲ့အချိန်အထိစောင့်ပါမယ်လို့ဖြေလိုက်တယ်။ အဲ့ရဲဘော်လဲပြန်သွားတယ်။ အနည်းငယ်တော့ စိတ်ထဲ,ဖု သွားပေမဲ့ နယ်မြေလုံခြူံရေးဟာလဲ အရေးကြီးကြောင်းပြန်တွေးမိတော့ သိမ်းထားလို့ရနေတာတွေသိမ်းထားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
အတူနေရဲဘော်ရဲ့စကားအရတော့ ကိုယ်တို့အခုတည်းတဲ့နေရာက ဒရုန်းလာကြဲရင်တောင် ထိခိုက်ဖို့ခဲယဉ်းတယ်လို့ဆိုတယ်။
ကျနော်အများကြီးမတွေးချင်ပါဘူး။ ကျေးဇူးဗျာလို့ပြန်ပြောမိသလားပဲ။ ကျနော်က ရင်ဘတ်ထဲရှိသူအနည်းငယ်ကို မကြာခဏပြောပြဖူးတယ်။ ကျနော်တစုံတခုဖြစ်သွားတဲ့အခါ ဝမ်းနည်းကြောင်း တခမ်းတနားကြီး မဖော်ပြဖို့။ ကြားဖူးသူတစုံတယောက်တွေက ”အဲ့လိုမဖြစ်ချင်ရင် ဝမ်းနည်းအောင်မတင်ရအောင်နေရမှာ တာဝန်မဟုတ်လား” လို့ပြောတယ်။
အခုရေးနေရင်း ဒရုန်းဗုံးသီးကြဲချ ပေါက်ကွဲသံနှစ်ချက် ကြားလိုက်ရတယ်။ နည်းနည်းတော့ဒေါသထွက်စရာဖြစ်တာပေါ့။ ဘာကိုမှမကြောက်ဖူးလို့ထင်တဲ့ကိုယ်က ဆူညံသံကြီးကြီးမားမားကို တယ်မကြိုက်လှပါဘူး။ ဟော နောက်တချက် …
နေ့စဉ်နဲ့အမျှ နေထိုင်လှုပ်ရှားနေရတဲ့ ရဲဘော်တွေတော့ ပုံမှန်ပဲ သွားလာလှုပ်ရှားနေတာကိုမြင်ရတာပဲ။ နေပူထဲ အဝတ်လှမ်းသလို သေနတ်ထရေဂါပေါ် လက်ညိုးတင်ထားသလို ချစ်ခြင်းမေတ္တာရဲ့အေးမြခြင်းလို သိပ်မထူးခြားတော့တဲ့ကြားနေကြအသံတွေလို နားဝင်ပီယံဖြစ်နေပုံရတယ်။
ဒိုင်ယာရီရေးရတာ ပျင်းစရာသိပ်ကောင်းတယ်လို့ထင်တဲ့ ကျနော့်အတွက်တော့ ဒီစာကိုရေးနေရတာ တော်တော်စိတ်သက်သာရာပါပဲ။
ကမ္ဘာကြီးရဲ့ ပူနွေးလာခြင်းတွေအကြောင်း၊ ဒီနေ့ပျက်သွားတဲ့ အတန်းနှစ်ချိန်အကြောင်း၊ ထပ်မံရရှိရန်မလွယ်ကူတဲ့ စိတ်လုံခြုံအေးချမ်းခြင်းတွေအကြောင်း စသဖြင့် ရောက်တတ်ရာရာတွေးရင်း ချရေးနေမိတာပဲ။ ပုံမှန်လိုပဲ ဒရုန်းဗုံးသီးကြဲချသံတွေ ဂျိန်းးဆိုပေါက်ကွဲသံတွေ တုန်ခနဲ ဖြစ်ဖြစ်သွားတဲ့ ခြေဖျားတွေ။ စစ်မြေပြင်တွေနဲ့ တနှစ်ကျော်ဝေးနေတဲ့ကျနော့်အတွက် တုန်လှုပ်မယ်ဆို သိပ်တုန်လှုပ်စရာအခိုက်အတန့်တွေ။
အတူနေရဲဘော်ကို ဒီကတပ်ခွဲမှူးလာခေါ်တယ် စောင်တွေရှာကြအောင်တဲ့။ နေ့အလင်းပျောက်စပြုတာနဲ့ တော်တော်အေးတယ်လို့ပြောတယ်။ ဖလန်နယ်လက်ရှည်တထည်နဲ့ sleeping bag ပါပေမဲ့ ဘယ်လိုလာဉီးမယ်တော့ မသိသေးဘူး။ အတူနေရဲဘော်ကိုလာခေါ်တဲ့ တပ်ခွဲမှူးကတော်တော်ငယ်သေးတယ်။ ၁၉ နှစ်တဲ့။ သဘောကျစရာလို့ ဒါမှမဟုတ် ဘယ်လိုပြောရမလဲ ဒီနေ ရှေ့တန်းနေရာကိုရောက်လာကတည်းက သိပ်အသက်ကြီးတဲ့အထဲက မတွေ့မိသေးဘူး ကိုယ်မမြင်သေးတာလဲ ဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်။ အခုထိတော့ ၁၈ နှစ်ကနေ ၃၆ လောက်အထိပဲ တွေ့သေးတယ်။ တကယ့်ကိုလူငယ်လေးတွေချည်း ဟန်ချက်ညီညီလှုပ်ရှားနေကြတဲ့ ရှေ့တန်းနယ်မြေတွေ။ ပဋိပက္ခဖြစ်တယ်လို့လဲမကြားမိဘူး။
ညနေကျတော့ ရောက်တတ်ရာရာတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်။ နာရီနည်းနည်းများများပေါ့ သူတို့သိချင်တာမေး ကျနော်သိချင်တာမေး ဆိုတဲ့အထာပေါ့။ တညနေလုံးနီးပါး လက်နက်ကြီးသံ ဗုံးသံ သေနတ်သံတွေတိတ်ဆိတ်နေတာကိုခံစားမိပါတယ်။ ကျနော်ခံစားမိသလို သူတို့လဲခံစားမိပုံရပါတယ်။
အရမ်းတိတ်နေတာမနေတတ်တော့ဘူးကွာ…တဲ့ အတူနေရဲဘော်က နောက်ထပ်ရဲဘော်တယောက်ကို ပြောပါတယ်။ ကြည့်ရတာ လက်နက်ကြီးသံတွေနဲ့နားယဉ်လာရာကနေ ရုတ်တရက်ကြီး ပျောက်သွားတော့ အားမလိုအားမရဖြစ်ပုံ စိတ်မလုံခြုံပုံရပါတယ်။
ကျနော်တို့စကားပြောမဆုံးခင်မှာပဲ လက်နက်ကြီးသံ ၃ ချက်ဆင့်ကြားရပြီ နှစ်ဖက်တိုက်ပွဲဖြစ်သံကိုအတိုင်းသားကြားလိုက်ရပါတော့တယ်။ တခါတခါများမှာတော့ လက်နက်ငယ်ကျည်တချို့ဟာ ကျော်ပြီး ကျနော်တို့နားအထိ လာကျနေပါတယ်။ ကျနော်လဲစကားစ,ဖြတ်ပြီး ဖုန်း ဖွင့်လို့ ဓာတ်ပုံတပုံနှစ်ပုံရိုက်ခဲ့တယ်။ တပုံမှာ ကြယ်ပွင့် ၃ ပွင့်ဟာ အထင်အရှားပါလာလို့သဘောကျရပါတယ်။
လက်နက်ကြီးကျသံ ဒရုန်းဗုံးသီးကွဲသံတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်လာခဲ့ပြီး နှစ်ဖက်ပစ်ခတ်သံတွေဟာ တော်တော်ကျယ်ကျယ်လောင်လောင်ကို ပေါ်ထွက်နေတော့တာပါပဲ။ အရမ်းမဝေးတာကြောင့်လဲဖြစ်မယ်ထင်ပါတယ်။ video mode ပြောင်းပြီး အမှောင်ထဲ အသံတွေဖမ်းယူနေလိုက်တော့တာပဲ။ အဲ့နောက် မလင်းတလင်းဖြစ်နေတဲ့ ဖယောင်းတိုင်မီး ဖြာကျနေတဲ့အခန်းထဲ ပြန်ဝင်လာခဲ့ပြီး ဖယောင်းတိုင်မီးမှုတ်လို့ ပစ္စည်းအနည်းငယ်သိမ်းရင်း အိပ်ယာဝင်ဖို့ပြင်ရပါတယ်။
ကျောခင်းချလိုက်တဲ့အချိန်အထိကို လက်နက်ငယ်သံတွေ လက်နက်ကြီးသံတွေကြားနေရဆဲပါပဲ။ အိပ်နေတဲ့အဆောက်အဦဟာ သာမန်ထပ်ပိုတုန်ခါသွားခဲ့ပြီး လက်နက်ကြီးတလုံးဟာ ကျနော်တို့နားပစ်ကျလာပါတယ်။ ကုတင်ပေါ်ကပြေးဆင်းမိတဲ့အထိ။ ကျည်ကာချက်ချင်းဆွဲဝတ်ပြီး ဝပ်ထားမိတဲ့အထိပါပဲ။ ကံကောင်းထောက်မစွာနဲ့ပဲ ထိခိုက်နိုင်တဲ့ အကွာအဝေးကိုကျော်လွန်နေပါသေးတယ်။
အပြင်ထွက်ရိုက်ခဲ့တဲ့ video ကိုဖွင့်ကြည့်တော့ လက်နက်ငယ်သံအများအပြားနဲ့ ဒရုန်းဗုံးသီးပေါက်ကွဲသံ တချက်ပီပီသသပါလာတာကိုနားထောင်လိုက်ရပါတယ်။ တခါတလေမှာ လက်ခံဖို့ခက်ခဲတဲ့အခြေအနေကို သဟဇာတဖြစ်အောင်ကြိုးစားလုပ်ယူရင်းဖြတ်သန်းရတာပါပဲ။
အတွေးစ,တို့ကို ကြိုးစားဖြတ်ယူရင်းနဲ့ပဲ အိပ်ဖို့ကြိုးစားစဥ်မှာ နာရီကား ၂၂:၅၀ ကို ကျော်လွန်လာခဲ့ပါပြီ။ သေနတ်တို့ဟာတော့ သားချော့တေးလို တိုးဝင်လိုက် ကျယ်လောင်လာလိုက် ဟန်ချက်ညီညီထွက်ပေါ်နေဆဲပါပဲ။
“စစ်တို့သည် ဖြစ်ပွားမြဲဖြစ်ပွားရာ၏
ဤ ကမ္ဘာ၌ စစ်တို့သည် တည်ရှိကြကုန်၏
အဆုံး၌ စစ်သည် ပျက်စီးရပေလိမ့်” ဟု ရွတ်ရင်း သေနတ်တို့နဲ့အတူစီးမျောရင်း အိပ်ပျော်ရာဆီသို့…..။ ။
၁၀ ရက်၊ ၁၀ လ၊ ၂၀၂၅
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
