ငယ်ဘဝဆီ သွားကြစို့

by The Call
169 views
‘ငယ်ဘဝဆီ သွားကြစို့’
◼️မောင်တင်သစ်
ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင်
မင်းငယ်ဘဝဆီ ရောက်လိမ့်မယ်
ခြေသံကြားတာနဲ့
လယ်ပုဇွန်လုံးတွေက
မြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့
ရေစပ်စပ်မှာ
ငါးရှဥ့်တကောင်တလေ
ရွှံ့လူးနေတာ တွေ့ဦးမယ်
တနှစ်သား
တလင်းပြင်ထဲ စပါးနယ်နေတုန်း
မင်းကို လည်ပြန်ခတ်တဲ့ ကျွဲဂျိုကား
မှတ်မိသေးလား
သူရှိသေးရင်
ခုအချိန်
သူလည်း ရွှံလူးနေမှာပေါ့
ကတွတ်ပေါက်မှာ မြုံးထောင်ရင်
ငါးမြွေထိုး အကြီးအသေး
တထွေးကြီးလည်း ရတတ်တယ်
ငရုတ်စပ်စပ်နဲ့
ပင်စိမ်းအုပ်ပြီး လွေးရုံပဲ
ပျိုးခင်းလောက် လှတဲ့အစိမ်းရောင်
ဒီတသက် မတွေ့ဖူးဘူး
ဆိုတော့
သွားကြစို့
ကန်သင်းရိုးကလေးအတိုင်း
ငယ်ဘဝဆီ သွားကြစို့
၁၆၊ ဇွန်၊ ၂၀၂၅

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment