စစ်ကော်မရှင်၏ လူမျိုးတုံး သတ်ဖြတ်မှုတခု

ထွင်

by The Call
‘စစ်ကော်မရှင်၏ လူမျိုးတုံး သတ်ဖြတ်မှုတခု’
◼️ထွင်
၂၀၂၅၊ ဇူလိုင်လထဲတွင် စစ်ကော်မရှင် ကြေညာသော သတင်းတခု ဖတ်လိုက်ရသည်။ ART (HIV ပိုးရှိသူများ သောက်သုံးသော ပိုးထိန်းဆေး) ဆေးများအား NGO ရုံးများတွင် လုံးဝ ထုတ်ခွင့် မပေးတော့ဘဲ စစ်ကော်မရှင်၏ ဆေးရုံများတွင်သာ လွှဲပြောင်းစာတင်ပြီး ထုတ်ယူရမည်ဆိုသော သတင်းဖြစ်သည်။ ထိုသတင်းသည် စစ်ကော်မရှင်၏ လူမျိုးတုံးသတ်ဖြတ်မှုအမျိုးမျိုးထဲတွင် တမျိုးပါဝင်သော လူမျိုးတုံး သတ်ဖြတ်မှုတခု ဖြစ်သည်။
စစ်ကော်မရှင်၏ ကြေညာချက်ထဲတွင် ART ဆေးပေးသော NGO များ အားလုံးကို ပိတ်ရမည်။ ဆေးယူမည်ဆိုပါက လူနာရှင်ကိုယ်တိုင် ​ဆေးယူရန် လွှဲပြောင်းစာနှင့်အတူ စစ်ကော်မရှင်၏ ဆေးရုံသို့ လာရောက် တင်သွင်း၊ ထုတ်ယူရမည်ဖြစ်သည်။ ထို ထုတ်ပြန်ကြေညာချက်သည် စစ်ကော်မရှင်၏ အလွန် ယုတ်မာပက်စက်သော အကြံဖြစ်သည်။ စစ်ကော်မရှင်၏ ထိုလုပ်ဆောင်ချက်အား သေချာတွေးကြည့်လျှင် ကမ္ဘာနှင့်ချီသော ပြစ်မှု မြောက်သည်။
စစ်ကော်မရှင်သည် ထိုကြေညာချက်မျိုး ထုတ်ပြန်ဖို့ အကြံရခြင်းမှာ သည်သို့ဖြစ်သည်။ နိုင်ငံတဝန်းတွင် စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးလိုက်ရသော မြို့ပြ/ဒေသ အများအပြားရှိသည်။ ထို မြို့ပြ/ဒေသအများအပြားအပေါ် စစ်ကော်မရှင်သည် အငြိုးထားလေသည်။ သည့်ကြောင့် ထို မြို့ပြ/ဒေသအများအပြားဆီမှ ART သောက်နေသော ဝေဒနာရှင်များအား ဆေးဝါးပြတ်လပ်ပြီး သေကြေပျက်စီးစေလိုစိတ်ဖြင့် ထို ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကြေညာသည်မှာ ရိုးရိုးပင် မဟုတ်သေးပေ။ မည်သည့်ဆေးဝါးမျှ ကားဖြင့် သယ်ခွင့် မပြုတော့ပေ။ စာရေးသူတို့ဒေသဆီသို့ ဆန်၊ ဆီ၊ ဓာတ်ဆီ၊ ဆေးဝါး၊ အလှကုန်မျိုးစုံ၊ မီးဖိုချောင်သုံးဟင်းခတ်မှုန့်မျိုးစုံကအစ ဘာဆို ဘာမျှ တင်ပို့ခွင့် မရှိတော့ပေ။ ဆေးဝါးပြတ်လပ်ပြီး သေစေချင်ရုံမျှမက အစာအာဟာရပါ ပြတ်လပ်ပြီး သေစေရန်ဖြစ်သည်။ ဤသည်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးလိုက်ရသော မြို့ပြ/ဒေသအများအပြားအပေါ် စစ်ရှုံးသည့် စစ်ကော်မရှင်၏ အငြိုးကြီးမှု ဖြစ်သည်။
စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးလိုက်ရသော မြို့ပြ/ဒေသအများအပြားဆီမှ ART သောက်သုံးနေသူများသည် NGO ရုံးများကိုသာ အားကိုးနေရသည်။ သို့တိုင် ဆေးဝါးများကို လမ်းအခြေအနေကြောင့် ကိုယ်တိုင်သွားရောက် မထုတ်ယူနိုင်ကြပေ။ ဆေးဝါးထုတ်ယူရာ ရုံးမှ ဝန်ထမ်းများက ကားဖြင့်တဖုံ၊ လမ်းကြုံဖြင့်တသွယ် ပေးပို့နေရသည်။ သည့်အတွက်ကြောင့် ART သောက်သုံးနေသူများသည် အချိန်မှန် သွေးဖောက်ကုသမှု မခံယူနိုင်ကြပေ။ ထို မြို့ပြ/ဒေသအများအပြားဆီမှ NGO ရုံးများသည်လည်း စစ်ကော်မရှင်၏ လက်အောက်တွင် ရှိသော ဆေးရုံများ/ NGO ရုံးများကိုသာ အားကိုးမှီခိုနေရသည်။ သည်တော့ NGO ရုံးများတွင် လူကိုယ်တိုင် သွားရောက်ထုတ်ယူနေသူများသည် လွှဲစာယူကာ စစ်ကော်မရှင်၏ ဆေးရုံတွင် လွှဲပြောင်းစာတင်ကာ ထုတ်ယူရလိမ့်မည်။ ထိုအဖြစ်သည် လွယ်မယောင်ရှိသော်လည်း လုံးဝမလွယ်ကူပါပေ။ ART သောက်ခြင်းသည် လူသိမခံဝံ့သော ကိစ္စဖြစ်သည်။ အဲ့သည် ခက်ခဲမှုက အသာထား လူကိုယ်တိုင် သွားရောက် မထုတ်ယူနိုင်သောကြောင့် ကားတတန်၊ လူကြုံတသွယ်ဖြင့် ဆေးဝါးသောက်သုံးနေရသူများအဖို့မူ လုံးဝ ခက်ခဲသွားပြီဖြစ်သည်။ ဆေးဝါးပြတ်လပ်ပြီး သေဖို့သာ ရှိတော့သည်။
စစ်ကော်မရှင်၏ ထို ထုတ်ပြန်ကြညာချက်ကြောင့် တနိုင်ငံလုံးကို လူညွန့်တုံးသတ်ဖြတ်စေမှုမြောက်ပါသည်။ (နောက်ဆက်တွဲဆိုးကျိုးများကို သေချာစေ့ငုကြည့်လျှင် တကမ္ဘာလုံးကို ဒုက္ခဖြစ်စေပါသည်။) အဘယ်ကြောင့်မူ NGO ရုံးများတွင် ART ဆေးဝါး တမျိုးတည်းသာ ထုတ်ယူနေကြသည်မဟုတ်ပေ။ တီဘီဝေဒနါရှင်များနှင့် ကာလသားဝေဒနာရှင်များလည်း ဆေးဝါးထုတ်ယူကုသမှု ခံယူနေကြသည်။
ကမ္ဘာပေါ်တွင် လူညွန့်တုံး၊ လူမျိုးတုံးဖို့ အလွယ်ကူဆုံး ရောဂါများမှာ HIV၊ ကာလသား၊ တီဘီ ရောဂါများဖြစ်သည်။ HIV နှင့် ကာလသားမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုနှင့် တခြားအမျိုးမျိုးသော အကြောင်းအရင်းများစွာကြောင့် ကူးစက်နိုင်သော်လည်း တီဘီရောဂါသည် ကူးစက်နိုင်ရန် အလွယ်ကူဆုံးဖြစ်သည်။ တီဘီသည် လေကနေတဆင့် ကူးစက်နိုင်ပါသည်။ သည့်အပြင် တီဘီရောဂါသည် ဝေဒနါရှင်အား နှစ်ဝက်အတွင်း၊ အများဆုံး တနှစ်အတွင်း သေစေနိုင်ပါသည်။
သို့ပါသော်လည်း တီဘီဝေဒနာရှင်အရေအတွက်မှာ HIV ဝေဒနာရှင်အရေအတွက်လောက် မများပေ။ HIV မှာ ပျောက်ကင်းနိုင်သည့် ဆေးဝါးမပေါ်သေးဘဲ ပိုးကို မများပြားအောင် ထိန်းချုပ်ပေးနိုင်သည့် ART ဆေးဝါးသာ ပေါ်ပေါက်သေးသောကြောင့်ပင်။ တီဘီသည် ကုသလျှင် ပျောက်ကင်းပါသည်။ မကုသလျှင် အချိန်တိုအတွင်း သေစေနိုင်ပြီး ပတ်ဝန်းကျင်ရှိ ရောဂါကိုယ်စီရှိသူ၊ ကိုယ်ခံအားနည်းစေသူများကို လေကနေတဆင့် အလွယ်တကူ ကူးစက်နိုင်ပါသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်ကြောင့် တီဘီရောဂါ ကုသနေသူများသည် ဆက်လက်ကုသခွင့် မရတော့ဘဲ ဆေးယဥ်ပါးကာ လုံးဝ ကုသလို့ မရတော့သည့် အခြေအနေမျိုး ဖြစ်ပွားလွယ်သည်။ ဆေးတရက် အသောက်ပျက်ရုံနှင့် ဆေးယဥ်ပါးလွယ်ပါသည်။ HIV ပိုးကား တီဘီလောက် အလွယ်တကူ ဆေး မယဥ်ပါးလွယ်သော်လည်း တရက်မျှ မပြတ်အောင် သောက်ရပါသည်။ သို့ပါသော်လည်း HIV ဝေဒနာရှင်များသည် ဆေး အလွယ်တကူမရရှိဘဲ ဆေးသောက်ပြတ်ရက် ရှည်ကြာလာလျှင် ပိုးများ ပြန်လည်ရှင်သန် ပွားများလာတတ်ပါသည်။ သို့တိုင် HIV ဝေဒနာရှင်မှာ ပိုးများ ပြန့်ပွားနေသည်ကို လုံးဝ မသိနိုင်။ လူကောင်းပကတိအတိုင်း ရှိနေတတ်သည်။ သည့်ကြောင့် လိင်ဆက်ဆံအဖော်အား အလွယ်တကူ ကူးစက်နိုင်တော့သည်။ လောကတွင် HIV ပိုးရှိမှန်း သိနေသူထက် မသိသူက ပိုမိုများပြားပါသည်။ ပိုးရှိမှန်း မသိသူထဲတွင် ဆေးစစ်ရမှန်းပင် မသိသူများစွာ ရှိသည်။
ထိုသူများတွင် ပိုးများ ပြန့်ပွားကာ ကိုယ်ခံအားနည်းပါးပြီး ရောဂါပေါင်းစုံ ဝင်လာတတ်သည်။ ဝင်လာတတ်သော ရောဂါထဲတွင် တီဘီရောဂါလည်း ပါဝင်သည်။ (HIV မရှိဘဲ တီဘီကူးစက်ခံရသူများလည်း ရှိသည်။) နှစ်များ ကြာလာသည့်အခါ AIDS အဆင့်သို့ ရောက်ရှိသွားသည်။ သည့်ကြောင့် ပိုးရှိမှန်း မသိသူများသည် အကာအကွယ်မဲ့ လိင်ဆက်ဆံတတ်ကြသည်။ သည်တော့ လိင်ဆက်ဆံဖော်သည် ကူးစက်ခံရပြန်သည်။ သည့်ကြောင့် HIV ပိုးကို သည့်ထက် ပိုပြီး မပြန့်ပွားအောင် အကာကွယ်နိုင်ဆုံးကား ပိုးရှိမှန်း သိလို့ ART သောက်နေသူကို ပိုးမပြန့်ပွားအောင် ထိန်းပေးဖို့ ဖြစ်သည်။ သည့်အပြင် HIV၊ AIDS ကာကွယ်ကုသသော ရုံးဋ္ဌာနများဆီက ဝန်ထမ်းများအား HIV နှင့် AIDS မဖြစ်ပွားအောင် ရှောင်ရန် ရှောင်ရန် နည်းလမ်းများကို ပြည်သူလူထုထံ ဟောပြော၊ စည်းရုံး၊ ဝါဒဖြန့်ပြီး ဆေးစစ်ဖို့ ဆော်သြကာ ရောဂါရှာဖွေပေးသည့်အလုပ်ကို လုပ်ကြရပါသည်။
HIV၊ ကာလသား နှင့် တီဘီရောဂါများသည် တခြားသော ရောဂါများဖြစ်သည့် ကင်ဆာ၊ နှလုံး၊ ဆီးချို၊ သွေးချို၊ သွေးတိုး စသော ရောဂါများထက် ဖြစ်ပွားလွယ်၊ ကူးစက်လွယ်ပြီး လူမျိုးကိုလည်း တုံးစေနိုင်သောကြောင့် အခမဲ့ကုသမှသာ ထိရောက်နိုင်လိမ့်သည်။ အခမဲ့ ကုသမပေးလျှင် ငွေကြေးမတတ်နိုင်သူများက မကုသဘဲ အသေခံလိမ့်မည်။ သို့ဆိုလျှင် လူသာ သေသွားမည် ရောဂါကတော့ အသက်ရှင်ကျန်သူများ၏ နှာခေါင်းဝတွင် ကျန်ရစ်ပြီး ကူးစက်စေလိမ့်မည်။
သည့်ကြောင့် နိုင်ငံများစွာတွင် လူမျိုးမတုံးစေရန်အတွက် HIV နှင့် တီဘီရောဂါများအား အခမဲ့ ကာကွယ်ကုသပေးသည့် NGO ရုံးများ ပေါ်ပေါက်လာကြသည်။ အစိုးရဆေးရုံများနှင့်ပင် မလုံလောက်သေးပါ။ NGO ရုံးများနှင့်မှ လုံလောက်သင့်သလောက် လုံလောက်လိမ့်မည်။ သည်တော့ NGO ရုံးများ ပေါ်ပေါက်လာခြင်းသည် အစိုးရကို
ကူညီရာ ရောက်ပါသည်။
သည်သို့ အစိုးရကို ကူညီနေသော NGO ရုံးများကို စစ်ကော်မရှင်က ပိတ်ပင်လိုက်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်ခြင်းပင် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment