စစ်ကြီးက ကဗျာဆန်တယ်

by The Call
68 views
“စစ်ကြီးက ကဗျာဆန်တယ် “
◼️လူရောင်လွင်
သေဆုံးသူရဲ့ သွေးနဲ့ စီးတဲ့
မြစ်ရေကို ဆယ်ယူပြီး
ငါတို့အဖ လယ်ယာလုပ်ရတယ်
‘ပြန်မလာတော့ဘူးလို့ မပြောရဘူး’ လို့ ပြောနေတုန်း
ပြန်မလာသူဟာ ရပ်တန့်သွားတယ်
စစ်ကြီးက ကဗျာဆန်တယ်
ငါ့သူငယ်ချင်းဟာ
သူ့ရဲ့ ကွေးကောက်နေတဲ့ ကျောရိုးကို ထုတ်ပြပြီး
‘ငါဘာမှ မလုပ်ရသေးဘူး’ လို့ ပြောတယ် …
အိမ်မက်ထဲမှာ
တန်းစီနေတဲ့ စစ်ခမောက်တွေကို မြင်နေရပြီး
လန့်နိုးတော့ စစ်ခမောက်ဟာ အပေါက်ဖြစ်နေပြီ
‘လန့်နိုးခွင့်တောင်မရှိတော့ဘူး’ လို့
ပြန်မလာသူကပြောတာကို
ငါဟာ ခရုခွံလေးထဲကနေကြားရတယ်
တကယ့် တကယ် ကျတော့
လက်တဖက်က သေနတ်ကိုင်ထားရင်
နောက်လက်တဖက်က
မိမိ အသက်ကို ကိုင်ထားရတယ်
မင်းအိမ်နောက်ဖေး မြေကွက်လပ်လေးမှာ
ငါစောင့်နေမယ်
ပြန်မလာသူဟာ သံလိုက်အိမ်မြောင်ကို
လည်မှာ ဆွဲထားတယ်
ပြန်မလာသူဟာ
စစ်ပြီးစ ကမ်းခြေမှာ တင်ကျန်နေတဲ့
ဖိနပ်တွေကို လိုက်ကောက်နေတယ်
ငါတို့အားလုံးရဲ့ ဖိနပ်တွေမှာ သွေးတွေနဲ့
ကမ်းခြေဟာ လှိုင်းဖြူဖြူတွေနောက်ကို
လွန့်လူးပြီး ပါသွားတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment