
“စစ်ရေးစစ်ရာ တပတ်တာ (၄၁)”
■ နောင်လူသစ်
စက်တင်ဘာလ ၆ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ
☆ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု အကြိမ် (၃၀) ထက်မနည်း ရှိခဲ့သည်။
☆ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅၄) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်သောကြောင့် ကျောင်းသူကျောင်းသားများနှင့်ကလေးသူငယ်များ အပါအဝင် ၁၉ ဦး သေဆုံးခဲ့ရသည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၈) ခုရှိ မြို့နယ်ပေါင်း (၂၂) မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး ဝင်ရောက် သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၅၄) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ မြန်မာစစ်တပ်နှင့် KIA ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မြန်မာစစ်တပ်၏ တပ်ရင်းဌာနချုပ်အချို့ကို ပြန်လည် လက်လွှတ်လိုက်ရကြောင်း သတင်းများဖေါ်ပြကြသည်။
☆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ ကချင်လွတ်လပ်ရေးတပ် (KIA) သိမ်းပိုက်ထားသည့် စခန်းကုန်းအား မြန်မာစစ်တပ်က စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။ အဆိုပါ တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဘက်မှ ကျဆုံးများကြောင်း သတင်းဖေါ်ပြမှုများရှိခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ကို မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
☆ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု ရပ်တန့်နေသော်လည်း ဒရုန်းများ၊ လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်နေကြောင်း သတင်းများ ဖေါ်ပြထားသည်။
☆ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ထိစပ်နေသည့် အမ်း-ပဒါန်းလမ်းပိုင်း၌ ရက္ခိုင်တပ်တော် အေအေ ပူးပေါင်းတပ်နှင့် မြန်မာစစ်တပ်ကြား စစ်ရေး ပြန်လည် တင်းမာလာလျက်ရှိသည်။ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်း၊ ဧရာ၀တီတိုင်း ဒေသအတွင်း၌ ထိုးစစ်ဆင်လာသည့် မြန်မာစစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားရကြောင်း အေအေက ထုတ်ပြန်ထားသည်။
☆ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများ၌ တိုက်ပွဲပေါင်း (၂၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ ရန်ကုန်တိုင်းအတွင်း မြို့ပြပျောက်ကျားတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။
☆ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း MDY-PDF ထိန်းချုပ်ထားသည့် ဒေသများကို မြန်မာစစ်တပ်က စစ်မျက်နှာ ၅ ခုအထိ ဖွင့်ထားပြီး လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ ဆက်တိုက်သုံး တိုက်ခိုက်နေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များဘက်က တပ်စခန်းတချို့ လက်လွှတ်ရမှုများ ရှိနေကြောင်း သတင်းများဖေါ်ပြကြသည်။
☆ တနင်္သာရီဒေသအတွင်း၌ KNU ပူးပေါင်းတပ်များနှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာ အနီးဝန်းကျင်ကို စက်တင်ဘာ ၁၂ ရက်၌ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲချိန် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ပြန်လည် ပစ်ခတ်မှုကြောင့် တိုက်လေယာဉ် ထိခိုက်မှုရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
☆ သတင်းဖေါ်ပြချက်များအရ တပတ်တာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဘက်က အယောက် ၇၀ ထက်မနည်း သေဆုံးခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲ အရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
Be the first to comment