
‘စတာလင်သေဆုံးခြင်း’

ကမ္ဘာကို ကစဉ့်ကလျား ဖြစ်အောင် လုပ်ခဲ့ကြတဲ့ အာဏာရှင်တွေ အကြောင်းကို ပြောမိကြတိုင်း ရုပ်ရှင်ကားနှစ်ကားကို သတိရမိပါတယ်။ ရုပ်ရှင်ဇာတ်ကြောင်းတွေက နာဇီအစွန်းရောက် အာဏာရှင် ဟစ်တလာနဲ့ ရုရှားက စတာလင်တို့ ဘဝပုံရိပ်ကို ပြန်ပြောင်းအခြေခံထားတာပါ။
နှစ်ကားစလုံးက သူတို့တွေကို သရော်ထားတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။ ဟစ်တလာကို အခြေခံထားတဲ့ ရုပ်ရှင်ကတော့ Time Travel ပုံစံမျိုးနဲ့ ဒီဘက်ခေတ်မှာ ပြန်လည် အသက်ဝင်လာတဲ့ ဟစ်တလာကြီး အဖြစ် ဖော်ပြထားပြီး သူ့ရဲ့အမြင်နဲ့ ဒီဘက်ခေတ် Culture တွေ အပြောင်းအလဲ ဖြစ်နေတာကို သရော်ပြီးပြထားတဲ့ ဟာသဆန်သော ရုပ်ရှင် ဖြစ်ပါတယ်။ အခုကတော့ ကျနော်က ဟစ်တလာရုပ်ရှင် ဇာတ်ကြောင်းထက် စတာလင်အကြောင်းက ကျနော်တို့လက်ရှိပြည် ဖြစ်ပျက်နေမှုနဲ့ တူညီနေလို့ စတာလင် ရုပ်ရှင်အကြောင်းကိုပဲ ရေးသားဖော်ပြပေးပါ့ရစေ။
စတာလင်ရုပ်ရှင်ကတော့ သူတို့က ဘာဟာသမှလုပ်ပြမနေဘဲနဲ့ကို ရယ်နေရ ပြုံးနေရတာ။ သရုပ်ဆောင်တွေကလည်း ဝါရင့်ပညာရှင်ကြီးတွေဆိုတော့ ပြောစရာမှမလိုတာကိုး။ အာဏာရှင် နဲ့ အာဏာရှင်နောက်လိုက်ဆိုတာ ဒီကားကိုကြည့်ရတော့ လိုတာထက်ပိုလုပ်ပြနေတဲ့ နောက်လိုက်တပည့်တပန်းတွေမြင်ရတာနဲ့တင် ရယ်ချင်စရာကြီး ဖြစ်သွားရတာရယ်။
ရုပ်ရှင်ဇာတ်ကြောင်းကတော့ ရုရှားပြည်မှာ စတာလင်ကြီး အင်မတန်မှ ဘုန်းမီးနေလ တောက်ပတဲ့အချိန်ကို အစပြုထားတယ် ။ သူ့ရဲ့နောက်လိုက်နောက်ပါတွေ အကုန်လုံးမှာ စတာလင်ကို ချီးချမ်းမတတ် ကြောက်ရွံ့ကြရပြီး စတာလင် ဖြစ်လိုသမျှကို အသည်းအသန် လုပ်ဆောင်ပေးကြရတယ်။ ဥပမာ ဆိုပါစို့
စတာလင်ကြီးက ဒီည အဲဒီသီချင်းနားထောင်ချင်တယ်။ အသံသွင်းထားတဲ့ ဓါတ်ပြားလာပေးလှည့်ဆိုလို့ ချက်ချင်း အဲဒီသီချင်းတွေကို ပြန်အသံသွင်းဖို့ ဖုတ်ပူမီးတိုက်နဲ့ ဂီတပွဲကို ပြန်စီစဉ်ပေးရတာတွေက ဒီဘက်ခေတ် မြန်မာပြည်ထဲလည်း ယူနီဖောင်းဝတ်တယောက်ယောက်လာမယ်တဲ့ဆိုတာနဲ့ သူလာမယ့်လမ်းက မည်းနေတဲ့ထန်းပင်ကိုတောင် ဖြူ အောင် ထုံးသုတ်ရတဲ့ မြင်ကွင်းကို ပြန်လည်သတိရမိပါရဲ့။ အာဏာရှင်ဆိုတာ ဘယ်လိုလူလဲ၊ ဘာကြောင့် ဒီကောင်တွေ ဒီသတ္တဝါတွေဟာ လူလူချင်း ဖိနှိပ်ခိုင်းစေရတဲ့ ဘဝကို တပ်မက်ကြသလဲဆိုတာကို စာဖတ်စရာ လေ့လာစရာမလို ခု ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ မြင်တာနဲ့တင် နားလည်နိုင်စေပါတယ် ။
အာဏာရှင်ရှေ့ စကားပြောရတယ်ဆိုတာကလည်း ရှေးခေတ်ဘုရင်တွေရှေ့ လျှောက်တင်ရတာထက်တောင် ဆိုးသလားမသိပါဘူး။ ဘဝရှင်မင်းတရားကြီးက အခန့်မသင့်လို့ မျက်တော်ရှရင် တောင်စွယ်နေကွယ် သတ်စေ ဖြစ်ရတာမျိုးမို့ စတာလင်ရဲ့ လက်ပါးစေ ဝန်ကြီးတွေခမျာလည်း စတာလင်နဲ့ မီတင်ပြီးလို့ အိမ်ပြန်လာရင်တောင် ချက်ချင်းတန်းမအိပ်ရရှာဘူးရယ်။ ဒီနေ့ဘယ်စကားက စတာလင်ကြီးသဘောကျ ရယ်သွားသလဲ။ ဘယ်စကားမှာ မျက်နှာဘာဖြစ်သွားသလဲ။ ဘယ်အဓိပ္ပါယ်သက်ရောက်သွားသလဲ ချက်ချင်း မိန်းမကို ပြောပြ ရေးချခိုင်းပြီး နောက်နေ့အတွက် ပြောရပြင်ဆင်ကြရတယ်။
ကိုယ်တို့နိုင်ငံလည်း ဒီအတိုင်းမဟုတ်လား။ ထိပ်က ပုဂ္ဂိုလ်ကြီးက အားလုံးမတ်တတ်ရပ်စမ်းဆိုတာနဲ့ တညီတည်းထရပ်ရ။ မအလက သူ့ကို ရုရှားကပြန်လာရင် ကြိုဆိုရမယ် ဆိုတာနဲ့ နောက်လိုက်တွေ စစ်မှုထမ်းဟောင်းတွေမှာ အာဏာရှင်ကြီး ပြန်လာမယ့်နေ့ကို အလံတလူလူကိုင်ရင်း နေပူစပ်ခါးထဲမှာ စောင့်နေကြရတာမျိုးတွေ။ အောက်က တင်ပြသူ ဝန်ကြီး ဆိုတာတွေမှာလည်း လက်ရှိတိုင်းပြည်အခြေအနေက ဘာဖြစ်နေတယ်မသိ။ မအလအကြိုက်ပဲ အဆင်ပြေပါတယ်၊ သာယာပါတယ် စလို့ သံတော်ဦး တင်ပေးရတာတွေ။
စတာလင်ရဲ့အပါးတော်မြဲတွေဆိုတာကလည်း စတာလင်ကြီး ဘာပြောရင် ကြိုက်တယ်။ ဘယ်စကားက အမှု လွတ်တယ် ဆိုတာလောက်ပဲ ပြောဖို့ အချိန်ပြည့် ခေါင်းထဲထည့်ထားရတာ။
အာဏာရှင်ဆိုတော့ သိတဲ့အတိုင်းပဲ။ သူနဲ့သဟဇာတမဖြစ်သူ သူကိုပုန်ကန်လောက်မယ် ထင်တဲ့သူဆိုရင် သတ်သရော ဖမ်းသရောလုပ်လို့ ရုရှားတပြည်လုံးလည်း ပညာတတ်။ လူတော်တွေလည်း ထောင်ထဲရောက်။ သေတဲ့သူကသေပေါ့။ အပါးတော်မြဲဆိုတာကလည်း ဖျောင်းဖြဖို့ မပြောနဲ့။ ဘယ်ကောင့်ဖမ်းပေး လက်တို့ပေးလိုက်ရင် သူ့ကို စတာလင်ကြီး ဘယ်လောက်မျက်နှာသာပေးမလဲ နေရာပေးမလဲ ဆိုတာလောက်ပဲ တွေးနေကြတဲ့ သူတွေချည်းရယ်။ အင်းလေ။ ဒါကလည်း မဆန်းပါဘူး။ အာဏာရှင်လို အတ္တကြီး တဖက်စွန်းရောက်ကိုယ်ကျိုးသမားနေရာရသွားမှတော့ သူ့နဲ့ပုလဲနံပဖြစ်သူဟာ အများအကျိုးကို ရှေ့ရှူတတ်တဲ့သူတွေ ဘယ်လိုလုပ် ဖြစ်မှာတုန်း။ အမြီးမြှောက် ဖင်မြှောက်။ သူလို ပုလင်းတူ ဘူးဆို့တွေပဲ ရောက်လာတာ ထူးဆန်တယ်ရယ်လို့မှ မဆိုနိုင်တာ။ ကိုယ်နဲ့ကိုက်ညီတာပဲ ရွေးချယ်ခန့်အပ်တာပဲလေ။ ဒါမှသူ့ကိုပြန်မလှန်ဘဲ သူ့ယန္တရားကြီးတခုလုံး ဒီအတိုင်းပဲ လည်နေအောင် သူကိုယ်၌မှာလည်း ဇိမ်အကျသားနဲ့ပဲ ဘဝခရီးကို ရှေ့ဆက်ရုံပဲ မဟုတ်လား။
နောက် စတာလင်ကြီးသေသွားတော့ မိမိတိုင်းပြည်ကို ဒါထက်ပိုကောင်းအောင် ဘယ်လိုစီမံကြမလဲ ဆိုတာ ဝေးရော။ အာဏာတွေလုဖို့ လုပ်နေကြတဲ့ မြင်ကွင်းတွေနဲ့တင် ဒီဘက်ခေတ်က ကျန်နေတဲ့ ခြေကုပ်ယူနေတဲ့ အာဏာရှင်အကြွင်းအကျန်တွေကို အာဏာရှင်ရဲ့နောက်လိုက်တွေ။ အာဏာရှင်လက်ဝေခံတွေဆိုတာ ဒီလိုသောက်တလွဲတွေလောက်ပဲ အရှက်မရှိလုပ်တတ်တဲ့ လူ့ဗလာနံ။ လူညစ်ပတ်တွေ။ ထိုင်ကြည့်ပြီး ဟားတိုက်ရယ်မောနေဖို့လောက်ပဲ အဆင်ပြေတဲ့ လူစုတ် ကမြောက်ကခြောက်တွေဆိုတာကို မီးမောင်းထိုးပြောပြသလို ခံစားရတယ်။ ခပ်ရှင်းရှင်းဆိုရရင် အာဏာရှင်အသိုင်းအဝိုင်းဆိုတာ ဒီလိုပဲကွ လို့ သိစေလိုတာမျိုးပေါ့။
ကြည့်ရှု့ရသူ ကျနော့်မှာတော့ အာဏာရှင်နိုင်ငံနဲ့ အာဏာရှင်တွေကို ခေတ်အဆက်ဆက် ခုရုပ်ရှင်ထဲက စတာလင်နောက်လိုက်တွေလို မလိုတာတွေ အလွန်အကျွံလုပ်ပြ ဖားလျားပြပြီး။ ရယ်ဖို့ကောင်းတဲ့ သောက်တလွဲကိစ္စတွေကို လူမြင်ကွင်းထဲမှာ ပျာယာခတ်အောင်လုပ်ပြတဲ့ အာဏာရှင်လက်ဝေခံအဆွယ်အပွားတွေနဲ့ အနီးကပ်နေလာတွေ့မြင်လာခဲ့ရလို့လားတော့ မသိပါဘူး။ ဒီရုပ်ရှင်ဟာ ပို၍ နီးစပ်သလို ခံစားရပြီး ခါတိုင်းသော ရယ်မောတတ်တာမျိုးထက် ပိုပြီး ရယ်မိတာ တကားလုံးက အခန်းတိုင်းလိုလိုပါပဲ။
ဟာသဖြစ်ရပ်ဆိုတာ တလွဲတွေကနေ အစပြု တာလို့ စာထဲမှာ ဖတ်ဖူးပါတယ်။ ဥပမာ ဆိုပါတော့ ဖေဖေရေ ကော်ဖီသောက်ရအောင် လို့ သမီးကခေါ်တော့ မသောက်တော့ဘူး သမီးရေ။ ဖေဖေ ဟိုတယ်က တောင်းသောက်လာခဲ့တယ် ဆိုတဲ့ ဟာသလိုပေါ့။ စတာလင်ကြီးက ကလေးမလေးကို လက်တွဲထားပြီး ပြုံးနေတဲ့ ပုံကြီးကနေ တကယ့်သောက်တလွဲရယ်ချင်စရာကြီး ဖြစ်နေတာပဲလေ။ လက်တွေ့နောက်ကွယ်မှာ ဘုန်းကြီးလည်းဖမ်း ဆရာဝန်လည်းဖမ်း သတ်လိုသတ်လုပ်နေတဲ့သူက ခလေးမလေးနဲ့ အပြစ်ကင်းတဲ့ပုံစံဖမ်းပြနေတာက ရယ်စရာ ကောင်းတာ အမှန်ပဲ မဟုတ်ဘူးလား။ ကိုယ်တွေဆီကလိုပေါ့ အာဏာတည်မြဲဖို့အတွက်ဆို ဘုန်းကြီးလည်း မရှောင်၊ ခလေးလည်းမရှောင် ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အာဏာရှင်တွေက ခုကျမှ အမျိုးဘာသာသာသနာက ဘယ်လောက်အရေးပါပါတယ်ဆိုပြီး တကြော်ကြော် အော်ပြ။ ဘုန်းကြီးတွေရှေ့မှာ လက်အုပ်ကြီးတချီချီနဲ့ ရိုက်ပြထားတဲ့ ပုံကြီးတွေမြင်ရတာကိုက ခု စတာလင်ကြီး ကလေးမလေးလက်ကိုဆွဲပြီး ရိုက်ထားတဲ့ ပုံကြီးလိုပေါ့။
တကယ်က အာဏာရှင်နဲ့ နောက်လိုက်အပေါင်းအပါဆိုတာက ဘရက်ပစ် Ocean Trilogy ထဲက ရယ်တဲ့လေသံမျိုးနဲ့ သူတို့လုပ်ရပ်တွေကို ကြည့်ပြီး ရယ်မောနေဖို့ပဲ ကောင်းတာတွေရယ်။
ခုရှင်ရှင်ဟာလည်း အဲလိုရယ်မောဖို့ပဲ ကောင်းတာပါ။ အဲလိုရယ်ကြဖို့ ရိုက်ပြတာ လို့ပဲ ပြောပြထားသယောင် စိတ်မှာမှတ်ထင်မိတာ အမှန်ပါပဲ။ တကယ်ပဲ ဟားတိုက်ရယ်မောရတဲ့ တွေးရင်း တွေးရင်း ပိုပြီး ပိုပြီး ရယ်မိစေတဲ့ ဖျော်ဖြေမှုထက်ပိုတဲ့ သမိုင်းဖြစ်ရပ်မှန် အခြေပြု ရုပ်ရှင်ကားကောင်း တကားလို့သာ ဆိုချင်ပါရဲ့။ စကားမစပ် ဒီကားကို ရုရှားကတော့ Banned ထားပါသတဲ့။
ရုပ်ရှင်ရည်ညွှန်း – The Death of Stalin Movie ( 2017 )
Be the first to comment