စိတ်ကုထုံးဝတ္ထု

‘စိတ်ကုထုံးဝတ္ထု’
◾️ရေအေး
၁။
စစ်ပွဲက ပြန်လာပြီးတဲ့နောက် ဖိုးစီ လူမဖြစ်ချင်တော့ဘူး။ လူဖြစ်ရတာ မပျော်တော့ဘူး။ လူဖြစ်ရတာ မကောင်းဘူး၊ လူဖြစ်ရတာ အကျိုးမရှိဘူး၊ လူတွေနဲ့ ဆက်ဆံရတာ အလကားပဲလို့ တွေးလာတယ်။ လူတွေမှာ ကောင်းကွက်ရယ်လို့ မရှိဘူး၊ လူတိုင်းလူတိုင်း တမျိုးစီ ဆိုးနေကြတာပဲပေါ့။ ဒါနဲ့ပဲ ဖိုးစီက လူအဖြစ်မနေတော့ဘဲ သူ့စိတ်ထဲရှိတဲ့အတိုင်း သူ့ကိုယ်သူ ပုံစံတွေပြောင်းပြီးနေတယ်။ တချို့ရက်တွေမှာ စိမ်းရင့်ရင့် ပန်းရုံထက်မှာ စွင့်စွင့်လေးပွင့်နေတဲ့ စံပယ်ပွင့်လေးပေါ့။ တချို့ရက်တွေကျ ငါးလေးအဖြစ်ပြောင်းပြီး ကြာရွက်ဖားဖားတွေအောက်မှာ ပုန်းတဲ့အခါ ပုန်း၊ တခါတလေကျတော့လည်း ဟိုအပင်၊ ဒီအပင် လူးလာခေါက်တုံ ပျံသန်းနေတဲ့ လိပ်ပြာလေး ဖြစ်တဲ့အခါဖြစ်၊ တခါတလေကျတော့လည်း သူ့အခွံလေး သူသယ်ပြီး တိုင်ထိပ်ကို ဇွဲနဘဲနဲ့ တက်နေတဲ့ ခရုလေး ဖြစ်တဲ့အခါဖြစ်။ သူ ပျော်သလောက် အဲဒီပုံစံနဲ့နေပြီး မပျော်ရင် နောက်ပုံစံတခုကို ပြောင်းလိုက်တာဆိုတော့ တနေ့တမျိုးနဲ့ အမျိုးမျိုးလို့ဆိုရမလား။
ပြဿနာက သူ အဲဒီလိုနေတာကို ဖိုးစီကပျော်ပေမယ့် ဖိုးစီရဲ့မိသားစုက မပျော်ဘူး။ ဖိုးစီ လူအဖြစ် မနေတာကိုလည်း မပျော်ဘူး။ တနေ့တမျိုး ပြောင်းနေတာကိုလည်း မပျော်ဘူး။ သားရယ် ဘာဖြစ်တာလဲ၊ လူက လူလိုပဲ နေရမှာပေါ့ ဆိုတဲ့စကားကို ဖိုးစီရဲ့အမေက နေ့စဉ်နဲ့အမျှ တအီအီ ငိုသလို မနက်၊ မနက်ခင်းဆိုရင်လည်း ပုံစံပြောင်းနေတဲ့ ဖိုးစီကို ရှာတဲ့အသံတွေက တအိမ်လုံး ဒေါင်းတောက်လို့။ ဖိုးစီ ဘာဖြစ်နေပြီလဲ၊ ဖိုးစီရေ ဖိုးစီ၊ ဖိုးစီ ဘယ်ကို ရောက်နေသလဲနဲ့ ဘာပုံစံ ဖြစ်နေမှန်းမသိတဲ့ ဖိုးစီကို ရှာတဲ့အသံတွေက ဆူညံလို့။ မိသားစုတွေအားလုံးက တခုခုဖြစ်နေတဲ့ ဖိုးစီကို မတွေ့မချင်း စိုးရိမ်တကြီး။
တခါက လိပ်ပြာလေးဖြစ်တုန်း ငှက်တကောင်စားတာ ခံရမလို ဖြစ်ဖူးတာကို တဖျစ်တောက်တောက် ရေရွတ်ပြီး ဒုက္ခပဲ အခုလည်း အဲဒီလိုဖြစ်နေပြီလား မသိဘူးလို့ စိုးရိမ်တကြီး ပြောတဲ့သူက ပြောတယ်။ ဖိုးစီကလည်း ဖိုးစီပဲ၊ တခါကဆို တိမ်လေးဖြစ်ချင်တယ်ဆိုပြီး တိမ်လေးအဖြစ် ပြောင်း၊ ကောင်းကင် ပေါ် ပျံတက်သွားလိုက်တာ။ လေပြင်းနဲ့တိုးပြီး အဝေးကြီး ရောက်သွားလို့ သုံးလေးလနေတော့မှ မိုးစက်လေးတွေအဖြစ်နဲ့ အိမ်ကို ပြန်ရောက်ခဲ့တာ၊ သူ့မိသားစုကဆို ဖိုးစီ သေပြီဆိုပြီးတောင် တွေးမိတဲ့အထိ။ အဲဒီမှာ ဇာတ်လမ်းကို မြန်မြန်ခုန်ပျံကျော်လွှားပြီး ပြောရရင် ဖိုးစီ အဲဒီလိုဖြစ်နေတာကို ကုဖို့ ဖိုးစီရဲ့ မိသားစုက ကြိုးစားတယ်။ ပထမ အပ်နဲ့ထိုးတဲ့ ဆရာဆီကို သွားတယ်။ တရက်၊ နှစ်ရက်၊ သုံးရက်ကြာတော့ မဟုတ်သေးဘူး၊ မဟုတ်သေးဘူးလို့ နောက် ဆရာတယောက်ဆီကို ပြောင်းတယ်။ ဒီလိုနဲ့ အပ်နဲ့ထိုးတဲ့ ဆရာ၊ မန်းတဲ့မှုတ်တဲ့ ဆရာ၊ ဘုရားရှိခိုးတဲ့ ဆရာ၊ တုတ်နဲ့ရိုက်တဲ့ ဆရာ၊ ဆေးဆရာတွေ တယောက်ပြီးတယောက် ပြောင်းသွားပြီး နောက်ဆုံးတော့ စိတ်ကုဆရာတယောက်ဆီကို ဖိုးစီ ရောက်သွားတယ်။
စိတ်ကုဆရာက ခပ်အေးအေးလို့ ဆိုရမလားမသိဘူး။ ဖိုးစီက အဲလိုအဲလိုတွေ ဖြစ်တယ်ဆိုပြီး ဖိုးစီရဲ့အမေက ငိုကြီးချက်မနဲ့ ပြောတာကို မျက်နှာတချက်မပျက်၊ ခေါင်းတဆတ်ဆတ်ညိတ်ပြီး နားထောင်တယ်။ စစ်ပွဲကပြန်လာပြီး ဒီလိုဖြစ်သွားတယ်၊ ဟုတ်သလားလို့ သံယောင်လိုက်တယ်။ အရင်ရော ဖြစ်ဖူးသလား၊ အမျိုးထဲမှာကော ရှိသလား၊ ခန္ဓာကိုယ်ရောဂါတွေ ဘာတွေကော ရှိသလား၊ စစ်ပွဲမှာတုန်းက ခေါင်းတွေ ထိခိုက်မိသေးလား၊ ဝိတွေ၊ ကိုကိန်းတွေရော ချသလားနဲ့ မေးခွန်းတွေ အများကြီးမေးတယ်။ အဲဒီတုန်းက ဘောက်ဖတ်ကလေးဖြစ်ပြီး လော့လိလော့လန်း သွားနေတဲ့ ဖိုးစီကိုလည်း ဟေ့ကောင် ဖိုးစီရ လူအဖြစ် ပြောင်းပါဦးဟ၊ ဘာညာနဲ့ စကားတွေပြောဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဖိုးစီက ဂရုမစိုက်ဘူး။ တွန့်ချည်၊ ခေါက်ချည် သွားနေတဲ့ သူ့ခြေလှမ်းတွေကိုလည်း မရပ်ဘူး။
ဒီလိုနဲ့ မေးမြန်း၊ စမ်းသပ်ပြီးတဲ့နောက် ဆရာဝန်ကပြောတယ်။ သူ့အထင် ဖိုးစီဖြစ်နေတာက ကိုယ်ခန္ဓာ နေမကောင်းနေတာ မဖြစ်နိုင်ဘူး၊ စိတ်နေမကောင်းနေတာ ဖြစ်မယ်တဲ့။ အတိအကျ ဟုတ်ချင်မှ ဟုတ်နိုင်ပေမယ့် စစ်ပွဲကြီးထဲမှာ အဆိုးတွေ ကြုံရလွန်းလို့ လူတွေအကြောင်း အကောင်း မတွေးနိုင်တော့ဘဲ လူဖြစ်ရတာကို မပျော်နေတော့တာ ဖြစ်မယ်လို့ သူထင်တယ်တဲ့။ ဆရာဝန်က အဲဒီလိုပြောတော့ ဖိုးစီရဲ့အမေ မျက်နှာမကောင်းဘူး။ သူ့သားကလေး စစ်ပွဲကြီးထဲ ဘယ်လောက်များ ဆိုးဆိုးရွားရွား ဖြတ်သန်းခဲ့ရလို့ လူဖြစ်ရတာကို မုန်းသွားတာလဲလို့ ညည်းတယ်။ အမေ့သားလေးကို အမေသနားလိုက်တာပေါ့။ ပြီးတော့ စိတ်ကုဆရာကိုလည်း ပြန်မေးတယ်။ သူ့သားလေး လူပြန်ဖြစ်ချင်လာအောင် ဘယ်လိုများ လုပ်ရမလဲပေါ့။ ဆရာဝန်ရဲ့အဖြေကတော့ ရှင်းရှင်းလေး။ ကုထုံးက လူဖြစ်ရတာ ပျော်စရာ ကောင်းတဲ့အကြောင်းကို ဖိုးစီသိအောင် နေ့စဉ် ပြောပြပေးဖို့ပဲတဲ့။ ကြားထဲမှာတော့ လူမဖြစ်ချင်တဲ့ ဖိုးစီ သူ ဘာဖြစ်ချင်သလဲ စဉ်းစားမရတဲ့အချိန်မှာ သူ့ကိုယ်သူ သတ်သေတာမျိုး ဖြစ်မသွားအောင် ဂရုစိုက်ပေးဖို့ လိုတယ်တဲ့။ လတ်တလော ကြပ်ကြပ်မတ်မတ် ကုနိုင်ဖို့တော့ ဘောက်ဖတ်ကလေးဖြစ်နေတဲ့ ဖိုးစီကို လတ်တလော သူ့ဆီအပ်ထားခဲ့တာ ပိုကောင်းမယ်တဲ့။ စိတ်ကုဆရာက အဲဒီလိုဆိုမှတော့ ဖိုးစီရဲ့ မိသားစုလည်း ဘယ်တတ်နိုင်မလဲ။ ဟုတ်ပါပြီ ဆရာလို့ ပြော၊ ဖိုးစီကို စိတ်ကုဆရာဆီမှာ ချန်ခဲ့ပြီး အိမ်ကို ပြန်သွားကြတယ်ဆိုပါတော့။
၂။
ခေတ်ပေါ်ဆေးပညာတွေ ဘယ်လောက် တိုးတက်နေသလဲဆိုတာကို ဖိုးစီ မသိဘူး။ ဒါပေမယ့် မနက်ခင်း မိုးလင်းလာတဲ့အချိန်၊ သူ ဘာပဲဖြစ်နေနေ စိတ်ကုဆရာက တွေ့အောင် ရှာနိုင်တယ်ဆိုတာကိုတော့ တရက်နှစ်ရက်အတွင်းမှာပဲ ဖိုးစီ သိလာတယ်။ ပထမရက် ဖိုးစီက ပင့်ကူလေးအဖြစ် ပြောင်းပြီး အခန်းထောင့်တနေရာမှာ အိမ်ဆောက်နေတယ်။ ဖိုးစီ အိမ်ဆောက်လို့ တဝက်မကျိုးခင်မှာပဲ စိတ်ကုဆရာက ပိုကြီးတဲ့ပင့်ကူအဖြစ် ဖိုးစီရဲ့နံဘေးကို ရောက်လာပြီး ကြိုးစားလှချည်လား ဖိုးစီရလို့ နှုတ်ဆက်တယ်။ ပြီးတော့ မနက်ခင်း နေထွက်လာတာကို ကြည့်ရတာ ကျေနပ်စရာကောင်းတဲ့အကြောင်း၊ တညလုံး အိပ်ပြီး နိုးလာတဲ့ ပန်းပွင့်တွေ၊ ငှက်တွေ အချင်းချင်း သတင်းဖလှယ်ကြတာကို နားထောင်ရတာကလည်း တမျိုးကောင်းတဲ့အကြောင်း စကားစမြည်တွေ ပြောတယ်။ ပြီး ဖိုးစီက ဘာမှမပြောဘဲ တိတ်နေတာကိုလည်း ကိုယ့်လူက တယ်စကားနည်းသကိုးလို့လည်း မှတ်ချက်ပေးတယ်။ အင်းလေ မပျော်တဲ့နောက်တော့ ဘာစကား ပြောချင်ပါ့မလဲ၊ ဒါက ဖြစ်တတ်တာပါပဲတဲ့။
ပထမနေ့ သူပြောချင်တာတွေ ပြောပြီး ပြန်သွားတဲ့ စိတ်ကုဆရာက နောက်နေ့ ဖိုးစီ သရက်သီးလေးအဖြစ် သရက်ရွက်တွေကြား ပုန်းနေတော့လည်း ထပ်ပြီး ရောက်လာတာပဲ။ ဒီတခါတော့ သူက ဖိုးစီလို သရက်သီးမဟုတ်ဘဲ သရက်ရွက်တွေကြား လျှောက်သွားနေတဲ့ ခါချဉ်လေး။ ဒီတခါမှာလည်း ဖိုးစီရောဂါနဲ့ ပတ်သက်ပြီး ဘာဘာညာညာ စကားတွေမဆိုဘူး။ သူ မနက်စာ စားခဲ့တာ မြိန်လှတဲ့အကြောင်းကိုပဲ ဖွဲ့နွဲ့ပြီး ပြောပြသွားတယ်။ အံ့ဩစရာ ကောင်းတာက အရင်တနေ့ကပဲ သူ ဒီဟင်းနဲ့ ပုံစံတူစားခဲ့ပေမယ့် ဒီလောက်မမြိန်ခဲ့ဘူး၊ အခြေအနေတူတာတောင် ခံစားချက်က ကွာခြားနိုင်တာပဲတဲ့။
တတိယနေ့ ပုစဉ်းရင်ကွဲအဖြစ်ပြောင်းပြီး အော်နေတဲ့ ဖိုးစီကို ဆေးဆရာပြောတာက သူ ဟမ်ဘာဂါ စားခဲ့တဲ့အကြောင်း။ ပြီးတော့ ဘဝဒဿနလိုလို၊ ဘာလိုလိုနဲ့ လူဖြစ်ရတာက ဟမ်ဘာဂါလိုပဲ၊ ပေါင်မုန့်ကြားထဲမှာ အသားပြားတွေ ရှိနေသလို သခွားသီးတွေ၊ ခရမ်းချဉ်သီးတွေလည်း ရှိနေတယ်၊ ဒီလိုပဲ ဘဝဆိုတာလည်း အခုပျော်ပေမယ့် ခနနေ စိတ်ညစ်ရတာမျိုး။ ခနနေ စိတ်ညစ်နေပေမယ့် မကြာခင် ရယ်ရတာမျိုး၊ အမျိုးမျိုးပဲဆိုပြီးလည်း ပြောတယ်။ ဒီလိုနဲ့ နေ့တွေ တရက်ပြီးတရက် ကုန်သွားတယ်။ ည ဖိုးစီ ပိုးစုန်းကြူးလေးအဖြစ် ပျံသန်းနေတော့လည်း စိတ်ကုဆရာ ရောက်လာတယ်။ ဖိုးစီက စိတ်တိုနေတဲ့ ပျားအဖြစ်ပြောင်းပြီး ဟိုလူ၊ ဒီလူကိုတုတ်ဖို့ ကြိုးစားနေတော့လည်း စိတ်ကုဆရာ ရောက်လာတယ်။ ဘာနေနေ စကားပြန်မပြောဘူးလို့ တွေးထားရင်း နောက်ပိုင်း ရက်သတ္တ တပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ သုံးပတ်ရှိလာတော့ ဖိုးစီလည်း ထိန်းထားတဲ့ကြားက ခင်ဗျား ဘယ်လိုပြောပြော ကျနော်ကတော့ လူအဖြစ် ပြောင်းမှာမဟုတ်ဘူး၊ ကျနော့်ကို အိမ်ပြန်ပို့လိုက်တာ ကောင်းမယ်လို့ ပြောဖြစ်သွားတယ်။
၃။
“ခင်ဗျားသာ တကိုယ်လုံး သွေးတွေပေနေတဲ့ ဆေးတပ်သားရဲ့ ကူကယ်ရာမဲ့ ငိုသံကို ကြားဖူးမယ်ဆိုရင်၊ ခင်ဗျားသာ ကိုယ့်ရဲ့ရဲဘော် ငါးယောက်လောက် ကို တပြိုင်တည်း ဆုံးရှုံးဖူးမယ်ဆိုရင်၊ ခင်ဗျားသာ စစ်ပွဲမှာ မျက်လုံးနှစ်လုံးကို ထားခဲ့ပြီး အိမ်ပြန်သွားရတဲ့ ရဲဘော်ကို တွေ့ဖူးမယ်ဆိုရင် ဒီမေးခွန်းကို မေးမှာ မဟုတ်ဘူး။ စစ်ပွဲဆိုတာ အနိဋ္ဌာရုံတွေကို စုထားတဲ့ ငရဲဗျ၊ အဲဒီလိုပဲ လူတွေရဲ့ကမ္ဘာဆိုတာလည်း အဲဒီ ငရဲသေးသေးလေးတွေကို စုထားတဲ့ ငရဲကြီးဗျ”
အခြေအနေတွေက တဖြည်းဖြည်း ပြောင်းလဲလာတယ်။ မနက်ခင်း မိုးလင်းပြီဆိုတာနဲ့ တခုခုအဖြစ် ပြောင်းပြီးနေတဲ့ ဖိုးစီဆီကို စိတ်ကုဆရာ ရောက်လာတယ်။ ပြီးတော့ အပြန်အလှန် စကားတွေပြောတယ်။ အကြောင်းအရာကတော့ သောင်စဉ် ရေမရ ဆိုရမလား၊ မနက်ခင်းစားခဲ့တဲ့ အစားအသောက်တွေအကြောင်းရောက်တယ်။ ဘဝဒဿနတွေအကြောင်းကို ရောက်သလို စစ်ပွဲတွေအကြောင်းလည်း ရောက်တယ်။ တခါတလေကျတော့လည်း မဆီမဆိုင် သီချင်းတပုဒ်ရဲ့ သာယာငြိမ့်ညောင်းပုံကို ပြောချင် ပြောနေကြတာပဲ။ ဒါပေမယ့် စကားတွေဆုံးလို့ စိတ်ကုဆရာက ဖိုးစီကို လူအဖြစ် မပြောင်းသေးဘူးလား မေးရင်တော့ ဖိုးစီက စိတ်ထဲဘာရှိနေသလဲ ခန့်မှန်းရခက်တဲ့၊ မပြုံးမရယ်မျက်နှာနဲ့ ဟင့်အင်းလို့ အမြဲဖြေတယ်။ ဒါပေမယ့် သစ်ငုတ်တွေတောင် တွန်းတိုက်ပါများရင် နဲ့တယ်ဆိုတဲ့စကား ရှိတယ်မလား၊ အဲဒီလိုပဲ လူပြန်ဖြစ်ဖို့ပြောတိုင်း ဟင့်အင်းအပြင် ဘာမှမပြောခဲ့တဲ့ ဖိုးစီက တရက်တော့ အောင်းနေတဲ့အနာ ရုတ်တရက် ပေါက်ထွက်သလို စိတ်ကုဆရာရဲ့စကားတွေကို တိတ်တဆိတ် နားထောင်နေရာက ဘာကြောင့်မှန်းမသိ ရုတ်တရက် ပေါက်ကွဲပြီး ငိုတယ်။ ကမ္ဘာဆိုတာ ငရဲသေးသေးလေးတွေ စုထားတဲ့ ငရဲကြီးပဲတဲ့။ ခင်ဗျား မသိပါဘူး၊ ခင်ဗျားမှ စစ်မတိုက်ဖူးတာပဲတဲ့။
ဖိုးစီက ပေါက်ကွဲအော်ဟစ်နေပေမယ့် စိတ်ကုဆရာကတော့ မတုန်လှုပ်သလိုလို့ ဆိုရမလား၊ ဖိုးစီ ခံစားနေရတာကို သူ နားလည်ပါတယ်လို့ အစချီပြီး သူ ပြောချင်တာကို ဖြည်းဖြည်းချင်း ဆက်ပြောတယ်။ သူ စစ်မတိုက်ဖူးပေမယ့် သူ့ရဲ့မိသားစုဝင်‌ကိုတော့ ဆုံးရှုံးဖူးပါတယ်။ စစ်မြေပြင် စစ်ပွဲမဟုတ်တဲ့ သေမင်းနဲ့ခင်းတဲ့ စစ်ပွဲမှာပေါ့တဲ့။ ဒါကြောင့် ကိုယ့်ရဲ့မိသားစုဝင်လို ရဲဘော်တယောက်ကို ဆုံးရှုံးရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သူသိပါတယ်တဲ့။ ဒါပေမယ့် ဖိုးစီက ခံစားနေရတာကြောင့်ပဲ ဖိုးစီရဲ့စကားတွေ အကုန်မှန်တယ်လို့ သူ မထောက်ခံနိုင်ပါဘူးတဲ့။ ဥပမာပြရရင် စစ်ပွဲဆိုတာ အနိဋ္ဌာရုံတွေကို စုထားတဲ့ ငရဲဗျ ဆိုတဲ့စကားနဲ့၊ လူတွေရဲ့ကမ္ဘာဆိုတာ ငရဲသေးသေးလေးတွေ စုထားတဲ့ ငရဲကြီး ဆိုတဲ့စကားပါတဲ့။ ဘဝဆိုတာ ဟမ်ဘာဂါနဲ့ တူတယ်လို့ သူ ပြောခဲ့ဖူးပါတယ်၊ အဲဒီလိုပဲ ကိစ္စတိုင်းမှာ ဆိုးတာတွေရှိသလို ကောင်းတာတချို့လည်း ရှိပါတယ်တဲ့။ ပြောခဲ့သလို အနိဋ္ဌာရုံတွေ၊ ငရဲတွေချည်းပဲ မဟုတ်ပါဘူးတဲ့။ ဖိုးစီပြောနေကျ စစ်ပွဲ‌တွေနဲ့ ဥပမာပြရရင် အောင်ပွဲ ပြန်လာလို့ ကိုယ့်ကိုကြိုနေတဲ့ ပြည်သူတွေ၊ ကိုယ်ရောက်လာလို့ စိတ်သက်သာရာ ရသွားတဲ့ ပြည်သူတွေပေါ့တဲ့။
ခနက အော်ခဲ့ဟစ်ခဲ့တာက သူ မဟုတ်သလိုဘဲ၊ ဖိုးစီက အခုတော့ စိတ်ကုဆရာပြောသမျှကို ဘာစကားမှ ပြန်မဆိုဘဲ ခေါင်းငိုက်စိုက်နဲ့ မှိုင်နေတယ်။ စိတ်ကုဆရာက ငိုက်နေတဲ့ ဖိုးစီကိုကြည့်ပြီး သူပြောချင်တာတွေကို တလုံးချင်း ဆက်ပြောနေတယ်။ လူတွေရဲ့ဘဝကို ပြန်ပြောကြတဲ့အခါမှာ မွေးဖွားတယ်၊ ကျောင်းတက်တယ်၊ ဖျားတယ်၊ သေတယ် အဖြစ်အပျက်တွေနဲ့ ပြောကြပေမယ့် လူတွေ အမှန်တကယ် ဖြတ်သန်းကြတာကတော့ အဲဒီအဖြစ်အပျက် တွေကို အဲဒီလူရဲ့ သိမှုနဲ့ လက်ခံပုံဖော်ပြီး ရလာတဲ့ ပျော်တာ၊ ဝမ်းနည်းတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာ၊ ပူပန်တာ၊ ကျေနပ်တာ၊ အဲဒီခံစားချက်တွေနဲ့ပဲ ဖြတ်သန်းကြရတာပါတဲ့။ အဖြစ်အပျက်မဟုတ်တဲ့ ခံစားချက်တွေပါတဲ့။ အဲဒါတွေကိုမှ ပိုပြီးမြင်သာအောင် အုပ်စုခွဲပြရရင် ခံစားချက်ကောင်းနဲ့ ခံစားချက် ဆိုး ဆိုပါတော့တဲ့။
ငယ်ငယ်တုန်းက တခုခုလုပ်ရရင် ပျော်ပြီး အဲဒီ ပျော်တဲ့အတွေ့အကြုံကို ပြန်ရဖို့အတွက် အဲဒီတခုခုကို ပြန်လုပ်ဖူးတယ်မလားတဲ့။ လူဆိုတာ ပင်ကိုယ်ဗီဇအရ ပျော်ရွှင်ရတာကို ကြိုက်ကြတယ်၊ အဲဒီအတွက် ပျော်ဖို့ဆိုတဲ့စိတ်နဲ့ ပျော်မယ်ထင်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးကြတယ်၊ ဒီလိုနဲ့ ပျော်ရွင်ဖို့ဆိုတဲ့ မူလအခြေခံကိစ္စကို အဖြစ်အပျက်ဆိုတာက ဖုံးပြီး အရိုးကို အရွက်ဖုံးသလို ဖြစ်သွားတယ်၊ ပြီးတော့ အဖြစ်အပျက် ကြီးလေလေ လူဆိုတာ ပိုပျော်လေလေ၊ အောင်မြင်မှု ကြီးလေလေ ပိုပျော်လေလေလို့ ထင်ပြီး ပိုကြီးတဲ့ အောင်မြင်မှု၊ ပိုကြီးတဲ့ အဖြစ်အပျက်တွေနောက် လိုက်ရင်းက ကိစ္စသေးသေးလေးတွေက ရလာတဲ့၊ အောင်မြင်မှုမဟုတ်တဲ့ သဘာဝဖြစ်စဉ်တွေက ရလာတဲ့ ပျော်ရွှင်မှုကို မမြင်နိုင်တော့ဘူး ဖြစ်သွားတာမျိုးတဲ့။ ဥပမာပြရရင် ကော်ဖီဆာနေချိန် ကော်ဖီသောက်လိုက်ရတဲ့ ကျေနပ်မှု၊ အိမ်ပြန်လာချိန် စောင့်ကြိုနေတဲ့ ထမင်းဝိုင်းကို တွေ့လိုက်ရလို့ ခံစားရတဲ့ ပီတိစိတ်၊ ပူလောင်နေချိန် ရေဝဝ ချိုးလိုက်ရတဲ့ အပျော်တွေလိုမျိုး၊ ပြဿနာက အဲဒီခံစားချက်ကောင်းတွေက သေးနေတော့ လူတွေရဲ့စိတ်မျက်စေ့မှာ ရှန်းပြီး မမြင်နိုင်၊ မခံစားနိုင် ဖြစ်သွားတာတဲ့။ ဘယ်လိုဆိုဆို သူ အဓိကပြောချင်တာက လူဆိုတာ ဟမ်ဘာဂါလိုပါပဲတဲ့၊ ဘယ်လောက် အဆိုးတွေ ဖြစ်နေပါစေ အကောင်းတွေ ရှိသလို အကောင်းတွေချည်း ဖြစ်နေတယ်ဆိုရင်တောင် အဆိုးက ရှိနေတယ်ဆိုတာပါပဲတဲ့။ စစ်ပွဲဆိုတာ အနိဋ္ဌာရုံတွေချည်းပဲ စုထားတဲ့ ငရဲမဟုတ်ကြောင်းနဲ့ ကမ္ဘာကလည်း ငရဲ သေးသေးလေးတွေ စုထားတဲ့ ငရဲကြီးဆိုတာ မဟုတ်ကြောင်းကို သိစေချင်တာပါတဲ့။
၄။
အခြေအနေတွေက ရုတ်တရက်ဆိုသလိုပဲ တိုးတက်လာတယ်။ ဖိုးစီက တရက်လုံးနီးပါး လူမဟုတ်တဲ့ တခုခု ဖြစ်နေတာမျိုး မဟုတ်တော့ဘဲ ရံဖန်ရံခါဆိုသလို လူပုံစံနဲ့နေတာကို မြင်လာရတယ်။ စိတ်ကုဆရာကတော့ ဖိုးစီ ရှက်မှာစိုးလို့ပဲလား မသိဘူး။ ဖိုးစီ ဘယ်လိုဖြစ်နေတာပဲ၊ ဘာဖြစ်နေတာပဲလို့ ဝေဖန် တာမျိုး မလုပ်ဘဲ သူ သင်စရာရှိတာကို သင်တယ်။ စိတ်ဖိစီးစရာ၊ စိတ်ညစ်စရာမကောင်းတဲ့ ခံစားချက်တွေဖြစ်လာရင် ရှင်းနိုင်တဲ့ပြဿနာကို ရှင်းပြီး မရှင်းနိုင်တဲ့ပြဿနာကို ထားလိုက်ဖို့ဆိုတာမျိုး၊ ဘဝဆိုတာ သင်္ချာစာမေးပွဲ ဖြေသလိုပဲမို့ မရှင်းနိုင်တဲ့ပုစ္ဆာကို အတင်း ကုန်းတွက်နေရင် စာမေးပွဲ ဘယ်အောင်တော့မလဲတဲ့။ ပြီး ပြဿနာတခု မရှင်းနိုင်တော့ဘူးဆိုရင် အဲဒီပြဿနာက ရနိုင်တဲ့ ကောင်းကျိုးကိုရှာပြီး အမြင်ပြောင်းကြည့်ဖို့လည်း သင်ပေးတယ်။ အဲဒါမှ မရှာနိုင်ဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်းက အသက်ရှုတဲ့။ ခပ်ဖြည်းဖြည်း ဝင်သက်၊ ထွက်သက် ငါးစက္ကန့်စီကြာအောင် ဖောင်းချည်၊ ပိန်ချည် ဖြစ်နေတဲ့ဗိုက်ကို အာရုံစိုက်ပြီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်အထိ အသက်ရှုတဲ့။ အဲဒီမှာ စိတ်ကုဆရာ နောက်ဆုံးသင်ပေးတာက စစ်ပွဲတွေဆိုတာ လူတွေရဲ့ အကောင်းခံစားမှုကို ပိုပြီး သတိလက်လွတ်ဖြစ်စေတာမို့ အကောင်းခံစားမှု နေ့စဉ်မှတ်တမ်း ရေးရမယ်တဲ့။ တရက်တာအတွင်း၊ ပျော်ရွှင်၊ ကျေနပ်၊ ပိတီဖြစ်၊ သဘောကျခဲ့ရတဲ့ ခံစားချက်ကောင်း ဖြစ်ခဲ့သမျှတွေ၊ အိပ်ခါနီး နံပါတ်စဉ်ထိုးပြီး ရေတွက်တာမျိုး ဆိုရမလား၊ စိတ်ကုဆရာရဲ့ စကားအတိုင်းဆို ခံစားချက်ကောင်းဒိုင်ယာရီ ဆိုပါတော့။
၅။
နှစ်လနဲ့ ဆယ့်တရက် ကြာပြီးတဲ့နောက် စိတ်ကုဆရာဆီကနေ သူ့အိမ်ကို ဖိုးစီ လူအဖြစ်နဲ့ ပြန်တယ်။ ဖိုးစီရဲ့အမေကဆိုရင် လူပြန်ဖြစ်လာတဲ့ သူ့သားရဲ့လက်မောင်းကိုတွယ်ပြီး အရိပ်တကြည့်ကြည့်နဲ့။ သူ့သား လူပြန်ဖြစ်ပြီ၊ သူ့သား စိတ်ရောဂါ ပျောက်ပြီပေါ့။ ဘယ်လိုဆိုဆို စိတ်ကုဆရာကတော့ မှာ‌လေရဲ့၊ ဘဝဆိုတာ ပြောခဲ့ပြီးသလိုပဲ ဟမ်ဘာဂါမလားတဲ့၊ ပြီးတော့ လောကဓံတရား ရှစ်ပါး ဆိုတာကလည်း တားလို့ရတဲ့အရာ မဟုတ်ဘူးတဲ့။ ဒီတော့ တချိန်ချိန် မှာ ဖိုးစီ လူအဖြစ်မပျော်ဘဲ ပိုးတုံးလုံး ဖြစ်ချင်လာတာမျိုးက ရှိနိုင်တာမို့ အဲဒီလိုမျိုး ပြန်ဖြစ်တဲ့အခါ သူ့ဆီပြန်လာခဲ့ပါတဲ့။
၆။
ဖိုးစီတယောက် စစ်ကြီးကပြန်ခဲ့တာ ကြာပြီ။ လူအဖြစ် အကြာကြီးပြောင်းလို့ အိမ်ထောင်တွေလည်း ကျပြီ။ ဖိုးစီ အကောင်အမျိုးမျိုးအဖြစ် ပြောင်းတုန်းက သူ စိတ်ညစ်ရတဲ့အကြောင်းတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်တဲ့ သူ့အမေလည်း သေပြီ။ ဒါပေမယ့် လူ့ဘဝဆိုတာက ပျော်စရာနဲ့ မပျော်စရာ ရောနေတယ် လို့ စိတ်ကုဆရာ ပြောခဲ့ဖူးသလိုပဲ၊ ဖိုးစီရဲ့ဘဝလည်း ပျော်တဲ့အခါ လူဖြစ်လိုက်၊ အလွန်အမင်း မပျော်တဲ့အခါကျ အကောင်တကောင်ကောင် ဖြစ်လိုက်နဲ့၊ လေးငါးနှစ်တခါ၊ တခါကို တရက်ဆိုသလိုမျိုးတော့ အကောင်ဘဝနဲ့ နေတတ်တုန်း။
အဲဒါကလည်း ဖိုးစီရယ်မှ မဟုတ်ဘူး။ တခြားသူရဲ့စိတ်ကို ကုပေးပါတယ်ဆိုတဲ့ စိတ်ကုဆရာတောင် ဖြစ်သေးတာကလား။ တခါက ဖိုးစီ နှင်းပန်းကလေးအဖြစ် ပြောင်းသွားလို့ သူ့အိမ်ကလူတွေ စိတ်ကုဆရာဆီကို ရောက်သွားတာ။ အော်သံပြဲကြီးနဲ့ အော်ခေါ်တာတောင် ရောက်ပြီး အတော်ကြာတဲ့အထိ စိတ်ကုဆရာ ထွက်မလာဘူး။ နောက် နာရီဝက်ကျော်ကျော်၊ တနာရီလောက် နေတော့မှ ရုတ်တရက် ရောက်လာပြီး သူ စိတ်မပျော်သလို ဖြစ်နေလို့ လိပ်ပြာအဖြစ်နဲ့ စိတ်ပြေလက်ပျောက် ခန ထွက်သွားမိတယ်လို့ တောင်းပန်တယ်ဆိုပဲ။
About The Call 697 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*