ဆူဆိုက်ဟွန်းန်

by The Call
‘ဆူဆိုက်ဟွန်းန်’
◼️ဓီရ်ခေတ်အိမ်
လီးမှပြန်မလာဘူးဟေ့လိုအော်ပြောပြီး မြင်ကွင်းထဲကပျောက်သွားတဲ့ အရူးကိုငါမြင်လိုက်ရတဲ့နေ့ကပေါ့ ကုန်သည်လမ်းမှောင်ရိပ်အောက်မှာ ဘီယာဗူးဖွက်ပြီး ထိုင်သောက်နေတုန်း မယုံတော့တဲ့အကြောင်းကို ငါယုံတဲ့လူတယောက်ယောက်ကို ပြောပြတော့သူမယုံဘူး၊ သားကြီး မင်းရှင်သန်ဖို့လိုတယ်တဲ့ အပင်တွေဘယ်လိုနေကြလဲလို့၊ ကျီးဟာ သူသာရမယ့်နွေကိုပျောက်နေတုန်း မြစ်တွေဆီငါဆန်တတ်ပြီးပြီ တော်ပါပြီ ကားဟာထွက်သွားခဲ့ပြီ ကူးမယ့်လမ်းဟာနီသွားပြီ၊ ရဲဘော်တွေကျဆုံးကုန်ပြီ ငါ့အခန်းဆီမိုးရေတွေအလည်လာတော့ ရန်ကုန်ဟာပင်ပန်းနေပြီ၊ ငါတို့တမျိုးဆက်လုံး သေနတ်ကျည်အောက်ပြေးဝင်ဖို့သွားနေပေါ့၊ တစ်ဇာတ်လုံးသယ်လာတဲ့သေနတ် နောက်ဆုံးခန်းမှာ လွတ်ကျသွားတဲ့အခန်းပေါ့၊ ငါတို့လက်ကုန်ရွာပြီးနေပြီ ဆုရီ၊ ဒီထပ်ဘာပေးရဦးမလဲလို့ ဇာတ်ကောင်ကိုအော်မေးတော့ မင်းတို့မှာဘာရှိနေလို့လဲလို့တဲ့ လေတချက်အဝေ့မှာ ပြိုကျပျက်စီးသွားတဲ့သဲအိမ်တွေလိုပဲ ငါတို့တသက်လုံးအချိန်ယူတည်ဆောက်ခဲ့တဲ့ဇာတ်လမ်းတွေ၊ မျောက်ပွဲလိုက်ရှာနေတဲ့ လူ့အဖွဲ့အစည်းဟာ ကျေးဇူးကိုကွန်ဒုံးလုပ်ပြီး အခါခါမုဒိန်းကျင့်ခဲ့ကြပြီးပြီ သွေးတွေဟာ တနွေလုံး အငွေ့ပျံမဆုံးဘူး မိုးဟာ ဒီမျိုးဆက်မှာပြောင်းပြန်ရွာသွားခဲ့ သူတော်စင်ရုပ်တုပါးစပ်ထဲက မစင်တွေအထွေးလိုက်ထွက်ကျနေချိန် လိင်င်္အဂါဟာတီဗီမှာစစ်ဝတ်စုံဝတ် စကားပြောသွားခဲ့ ငါတို့ပိကျခဲ့တဲ့အိပ်မက်တွေနဲ့ ကျိန်စာသင့်ကုန်းမြေပေါ်က ရုန်းကြွနေသောဆင်ငိုမြက်ပင်များ အမြှောက်ကုန်းရှေ့အပြိုင်းအရိုင်းပေါက်လာ၊ နွေဦးဟာရိုးပြတ်တွေ၊ သားချင်းအရိုးတွေပေါ်ဖြတ် သွေးအလိမ်းလိမ်းနဲ့ချီတတ်သွားပေါ့ ငါတို့သတ်သေမယ့်ခရာသံတွေ။
၁၁ မတ် ၂၀၂၂

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment