တနေ့မှာတော့…

မပိုးအိမ်

by The Call
0 views
‘တနေ့မှာတော့…’
◼️မပိုးအိမ်
အညာရဲ့ ကောင်းကင်ဟာ တရားလွန် ပြာလဲ့လွန်းနေသည်။ ထိုအပြာရောင်သည် ကလေးငယ်များအတွက် ကစားကွင်း မဟုတ်တော့ဘဲ၊ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် “အပြာရောင်သုသာန်” တခု ဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီ။ တိမ်တိုက်ဖြူဖြူလေးများကတော့ ဘာမှမသိသလို ဟိုတစ ဒီတစ လွင့်မျောနေဆဲ။
“တဝီဝီ…” အသံက ကျယ်လောင်လာသည်။
အဝါရောင်ဂါဝန်လေးဝတ်ထားသော ငါးနှစ်အရွယ်ကလေးမလေးနှင့် အပြာစင်းအင်္ကျီလေးဝတ်ထားသော သုံးနှစ်အရွယ် ကောင်လေးတို့ မောင်နှမသည် အလင်းရောင်ရှိရာမှ မှောင်မိုက်စိုထိုင်းသော မြေကျင်းထဲသို့ တိုးဝင်လိုက်ကြသည်။ ဤကျင်းသည် သူတို့အတွက်တော့ ပုံပြင်စာအုပ်ထဲက လိုဏ်ဂူမဟုတ်။ သေခြင်းတရားကို ခဏတာ ရှောင်တိမ်းရာ နေရာသာ ဖြစ်သည်။
ကျင်းနံရံက မြေနံ့စိမ်းစိမ်းတွေက သူတို့ရဲ့ နှာခေါင်းထဲမှာ အသားကျနေပြီ။ ငါးနှစ်အရွယ် မမက သုံးနှစ်သား မောင်လေး၏ နားနှစ်ဖက်ကို သူမ၏ လက်ဖဝါးနုနုလေးတွေနဲ့ အုပ်ပေးထားရှာသည်။ “မကြောက်နဲ့နော်… ခဏနေရင် သူသွားတော့မှာ” ဟု မပီကလာ ပီကလာ ချော့ရှာသည်။ သူမကိုယ်တိုင်လည်း တုန်ယင်နေပါလျက်။
ကျင်းဝမှာ ထိုင်နေတဲ့ အမေဖြစ်သူကတော့ ကောင်းကင်ကို ကြည့်ရင်း အသက်ရှူဖို့ မေ့နေပုံရသည်။ သူမ၏ လက်ချောင်းများက ပုတီးစေ့တွေကို ကျပ်ကျပ်ဆုပ်ထားသည်။ လေယာဉ်သံက ခေါင်းပေါ်တည့်တည့် ရောက်လာချိန်မှာတော့ သူမသည် ကလေးနှစ်ယောက်ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး တုန်ရီနေတဲ့ အသံနဲ့ ဘုရားစာကို အသံတိတ် ရွတ်နေသည်။ သူမ၏ မျက်ရည်တစက အဝါရောင်ဂါဝန်လေးပေါ်သို့ တောက်ခနဲ ကျသွားသည်။ အမေဖြစ်သူ၏ ပူပန်မှုသည် ဂျက်လေယာဉ်သံထက်ပင် ပို၍ လေးလံနေသည်။
ညရောက်တော့လည်း ငြိမ်းချမ်းမှုက အိမ်တံခါးကို လာမခေါက်။ သုံးနှစ်သားလေးသည် အိပ်ပျော်နေရင်းကနေ “ဟင့်… ဟင့်… လာပြီ… လာပြီ…” ဟု ယောင်ယမ်းအော်ဟစ်ကာ လန့်နိုးလာတတ်သည်။ သူ့အိပ်မက်ထဲမှာ ဂျက်လေယာဉ်ကြီးက ဘီလူးကြီးတကောင်လို သူ့ကို လိုက်ဖမ်းနေတာ ဖြစ်နိုင်သည်။
မမဖြစ်သူကတော့ အိပ်ပျော်နေချိန်မှာတောင် သူမ၏ လက်ကလေးတွေကို “လက်သီး” ဆုပ်ထားတတ်သည်။ လေယာဉ်ပျံကို လက်ပြခဲ့ဖူးတဲ့ သူမ၏ လက်ကလေးတွေဟာ အခုတော့ အကြောက်တရားကို ကာကွယ်ဖို့အတွက် ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးလေးတွေ ဖြစ်သွားခဲ့ပြီ။
နေဝင်သွားသော်လည်း သူတို့ရင်ထဲက တုန်ရင်မှုက ငြိမ်းမသွားသေး။ ကောင်းကင်ယံက ပြာလဲ့နေဆဲ ဖြစ်သော်လည်း ကလေးငယ်များ၏ စိတ်အိမ်တွင်တော့ မီးခိုးရောင် တိမ်တိုက်များက အမြဲတမ်း မှိုင်းညို့နေတော့မည်။
တချိန်က… ကလေးငယ်တွေရဲ့ လက်ဖဝါးလေးတွေဟာ ကောင်းကင်ကို ဦးတည်ပြီး “တာတာ့” လို့ နှုတ်ဆက်ရင်း ကောင်းကင်ပြာပြာပေါ်မှာ လှပစွာ ဝဲပျံသွားသော လေယာဉ်ပျံကြီးနဲ့အတူတူ ပျံသန်းချင်ခဲ့ကြဖူးလိမ့်မယ်။ အခုတော့ ထိုလက်ကလေးတွေဟာ မြေကြီးကိုသာ တူးဆွရင်း၊ မြေအောက်မှာသာ ပုန်းအောင်းရင်း “ရှင်သန်ခြင်း” ဆိုတဲ့ စာလုံးကို ခက်ခဲစွာ ရေးထွင်းနေကြရသည်။
ကောင်းကင်ကြီးကတော့ ဘာမှမဖြစ်သလို ပြာလဲ့မြဲ ပြာလဲ့နေသည်။ ဒါပေမဲ့ ထိုအပြာရောင်အောက်မှာ လက်ပြနှုတ်ဆက်ရဲတဲ့ ဖြူစင်သော စိတ်ပန်းပွင့်နုနုကလေးတွေဟာ ဗုံးခွဲခံလိုက်ရတဲ့ အိမ်ဟောင်းလေးတွေလိုပဲ အစအန ရှာမရအောင် ပျက်စီးသွားခဲ့ရလေပြီ။
ဒီမြေကျင်းလေးရဲ့ အပြင်ဘက်၊ အဝေးတနေရာမှာတော့ သူတို့ရဲ့ ဖခင်ဟာလည်း ကောင်းကင်ပြာကို မော့ကြည့်ရင်း ရင်လေးနေမှာ အမှန်ပါပဲ။ တနေ့မှာ သူတို့မိသားစု ပြန်ဆုံကြတဲ့အခါ ဖခင်ဖြစ်သူရဲ့ လက်ထဲမှာ ပါလာမှာက ကစားစရာအရုပ်တွေ မဟုတ်ဘဲ ရှင်သန်ခြင်းအတွက် လဲလှယ်ခဲ့ရတဲ့ ဒဏ်ရာဟောင်းတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်နေပါလိမ့်မယ်။ အိမ်အိုလေးရဲ့ ပြိုပျက်နေတဲ့ တံခါးဝမှာ အဖေ့ကို ဆီးကြိုမယ့် ကလေးတွေရဲ့ လက်ကလေးတွေဟာ အရင်လို လေထဲမှာ ယိမ်းနွဲ့နှုတ်ဆက်မနေတော့ဘဲ အဖေ့ရဲ့ အင်္ကျီစကိုပဲ အားကိုးတကြီး ဆုပ်ကိုင်ရင်း “ရှင်သန်ခွင့်ရလို့ တော်ပါသေးရဲ့” ဆိုတဲ့ အသိနဲ့ ငိုရှိုက်နေကြဦးမလား။
ယခုတော့ အညာမြေရဲ့ လေတိုးသံဟာလည်း ချိုမြိန်မနေတော့ပါဘူး။ သစ်ရွက်လှုပ်သံကြားရင်တောင် ကလေးငယ်တွေဟာ ပုခုံးလေးတွေ တွန့်သွားတတ်ကြပြီ။ သူတို့ရဲ့ ကမ္ဘာငယ်လေးထဲမှာ “ငြိမ်သက်ခြင်း” ဆိုတာဟာ အန္တရာယ်ရဲ့ ရှေ့ပြေးနိမိတ် ဖြစ်နေရရှာပါတယ်။ ကလေးတွေရဲ့ ရယ်သံတွေ ပျောက်ဆုံးသွားတဲ့ ရွာကလေးတွေမှာ တိတ်ဆိတ်ခြင်းဟာ အော်ဟစ်သံတွေထက်ပင် ပို၍ ကျယ်လောင်လို့ နေပါတော့တယ်။ စစ်အာဏာရှင်စနစ်က ခိုးယူသွားတာဟာ အာဏာတင်မကဘဲ၊ ကလေးငယ်တွေရဲ့ စိတ်ကူးယဉ် အိပ်မက်တွေနဲ့ ကောင်းကင်ကြီးကို ယုံကြည်တတ်တဲ့ စိတ်ကလေးတွေပါ ပါသွားခဲ့ပါပြီ။
ဒါပေမဲ့… တနေ့မှာတော့ ဒီကလေးငယ်တွေရဲ့ လက်ဖဝါးနုနုလေးတွေဟာ မြေကြီးထဲကနေ ပြန်လည် ထွက်ပေါ်လာပါလိမ့်မယ်။ အဲဒီနေ့ကျရင် ကောင်းကင်ပြာဟာ သေခြင်းတရားကို သယ်ဆောင်လာတဲ့ “သုသာန်” မဟုတ်တော့ဘဲ ပုံပြင်အသစ်တွေကို ရေးထွင်းမယ့် ကမ္ဘာသစ်တခု ဖြစ်ရပါမယ်။
လေယာဉ်သံကြားရင် ကလေးတွေဟာ ကြောက်လန့်တကြား ဗုံးကျင်းထဲ ပြေးစရာ မလိုတော့ဘဲ သူတို့ရဲ့ လက်ကလေးတွေကို ဝှေ့ယမ်းရင်း “လေယာဉ်ကြီးရေ….တာတာ့” လို့ လွတ်လပ်စွာ အော်ဟစ်နှုတ်ဆက်နိုင်မယ့် နေ့ရက်တွေဟာ မြန်မာ့မြေပြင်ပေါ်ကို အမြန်ဆုံး ဆိုက်ရောက်လာရပါတော့မယ်။ တနေ့မှာတော့…..။ ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment