3
ခခူးနော်
‘တာဝန်လည်ပြန်’

မိုးဖွဲရာမှသည်းလာပြီ။ တချက်တချက် လေပြင်းတိုက်ခတ်၏။ မိုးသံလေသံနှင့်အတူ အပင်အကိုင်းအခက်များ ယိမ်းနွဲ့လှုပ်ရှားနေကြသည်။ ကမ္ဘာမြေပေါ် မုန်တိုင်းကျရောက်ပါစေကြောင်း ကျိန်စာတိုက်နေကြလေသလား။ ကျရောက်လာနေသောမုန်တိုင်းကို ကြိုဆိုနေကြလေသလား။
၂၀၂၁ ခုနှစ်၊ တိုင်းပြည်အခြေအနေနှင့် ရာသီဥတုအခြေအနေတို့သည် ထပ်တူပင်။
ဦးသောင်းဝေသည် ပြတင်းပေါက်မှအပြင်ဘက် ညအမှောင်ထုကိုလှမ်းကြည့်ရင်း ရင်ထဲမွန်းကြပ်လျက်၊ ဒေါ်စောမြ၏ မျက်ဝန်းများကလည်း မိုးနှင့်အပြိုင်ပြိုတော့မလို။ ထိုအခိုက်လူတယောက်သည် အိမ်တံခါးဝမှဝင်လာရာနှစ်ဦးလုံးပင် ”သား…” ဟု ပြိုင်တူခေါ်မိကြ၏။ ခေါ်ရင်း နှစ်ဦးစလုံး သားဆီသို့လှမ်းသွားမိကြသည်။
“အေးဆေးပါအဖေတို့ရာ…” သောင်းထိုက် ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။ သူ့ပုံစံကလည်း သူလေသံအတိုင်းပေါ့ပါးလျက်။
“ မင်း မပေါ့ဆနဲ့ကွာ” ဦးသောင်းဝေ ခေါင်းကိုရမ်းရင်း ပြောလိုက်သည်။
”သား၊ မင်းရပ်တန်းကရပ်သင့်ပြီနော် “ ဒေါ်စောမြကတော့ငိုသံပါနေသည်။ တဦးတည်းသောသားလေး၊ အသက်သုံးဆယ်ရှိလာသော်လည်း ကလေးတယောက်လို ချစ်နေရသောသားလေး၊ ဤသားလေးသည် အုတ်နံရံကိုခေါင်းနှင့်ဆောင့်သလို လုပ်ရပ်ကြီးကိုလုပ်ဆောင်နေပြီ။ တရက်၊ တပတ်မဟုတ်၊ လနှင့်ချီ၍ကြာလာပြီ။ မိခင်၏မျက်ရည်ကျခဲ့ရပြီ။ ဖခင်မှာတော့ မိမိတို့တသက်လုံးအရိပ်တကြည့်ကြည့် ပြုစုခဲ့သောသား၏ အတွေးအခေါ်များကြောင့် ယူကျုံးမရဖြစ်ရသည်။
“ဗိုက်ဆာတယ်အမေ” သောင်းထိုက်ပြောရင်း မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ဦးသောင်းဝေ မီးဖိုထဲထိလိုက်သွားသည်။
“မင့်အကြောင်း လူသိတာများနေပြီသား ”
“မင်းအခု ငါ့မျက်နှာကြောင့် ချမ်းသာရာရနေတာနော်၊ မင်းကိုယ်မင်းဟုတ်လှပြီ မထင်နဲ့” ပြောနေရင်း လေသံမာလာသည်။
ယနေ့လည်း သက်ဆိုင်ရာမှ သူ့ထံဖုန်းဆက်လာသည်။ ထုံးစံအတိုင်း သူတောင်းပန်ရပြန်သည်။ အာမခံလိုက်ရပြန်သည်။ တွေးရင်းစိတ်က ဒေါသဖက်သို့ကူးလာသည်။
“ငါတသက်လုံးလူကြီးလုပ်လာတဲ့အရှိန်ကြောင့် မင်းကို သူတို့လွှတ်ပေးထားတာနော် “
“မင်းဆန္ဒပြပွဲမှာ ဝင်ပါတာတွေ၊ စာတွေရေး၊ စာတွေထုတ်လုပ်နေတာတွေကို သူတို့ ပိုပိုရိပ်မိလာပြီ”
မှန်၏။ ဖေဖော်ဝါရီလကတည်းက မောင်သောင်းထိုက်ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်နေခဲ့သည်။ ကြာလာသော် ဖုံးဖိရ၊ လိမ်ညာရခက်လာသည်။ သို့သော်သက်ဆိုင်ရာမှ သူ့အိမ်သို့ ဝင်မလာရန် သူတားဆီးနိုင်သည်။ အတိအကျပြောရလျှင် ယခု တားဆီးနိုင်သေးသည်။ ရှေ့လျှောက်မလွယ်ကူတော့။
ဦးသောင်းဝေသည် တသက်လုံး အစိုးရအတွက်အမှုထမ်းခဲ့သော အရာရှိဖြစ်၏။ ပင်စင်ရထားသည်ပင် မကြာသေး။ ပင်စင်ယူ၊ တဦးတည်းသောသား၏ ဝါသနာပါရာ ဓာတ်ပုံ၊ ဗီဒိုယို၊ ကွန်ပျူတာလုပ်ငန်းနှင့် လူပျိုကြီးသားကို အိမ်ထောင်ချပေး၊ မြေးချီကာအေးအေးနေတော့အံ့ဟု ကြံစည်ခါမှ မြန်မာပြည်ကြီးသည် ရှုပ်ထွေးလာလေပြီ။ ထမင်းစားနေသော သားကိုကြည့်ရင်း…..
“အဖေ့စကားနားထောင်စမ်းပါ သားရာ၊ မင့်အမေကိုလည်းကြည့်ပါဦး၊
ငါတို့တသက်လုံး မင့်အတွက်ပဲလုပ်လာတာနော်၊ မမိုက်ချင်စမ်းပါနဲ့… ”
ချော့လိုက်၊ ခြောက်လိုက်နှင့် သားစိတ်ဆိုးသွားအောင်လည်း မပြောရက်ဘဲ တယောက်တည်း ခံစားရခက်လှပေသည်။
ဦးသောင်းဝေနှင့်ဒေါ်စောမြတို့မှာ ၁၉၈၈ ခုနှစ်တွင် ညားကာစလင်မယား။ အရေးအခင်းများ အစပိုင်း အနည်းငယ်တွေဝေ နေခဲ့သေးသည်။ သို့သော်တည်ဆောက်ကာစ မိသားစုအသိုက်လေးကိုတော့ ဒုက္ခအဖြစ်မခံနိုင်။ သူတို့နှစ်ဦးလုံး မိသားစု ကောင်းစားရေးလမ်းစဉ်ကိုသာ လိုက်လျှောက်ခဲ့ကြ၏။ ဤအတိုင်းလည်း အမှန်ဖြစ်ခဲ့၏။ နှစ်ပေါင်းကြာလာသောအခါ ထိုအရာသည်ရွေးချယ်၍ယုံကြည်ခဲ့သော အရာမဟုတ်တော့။ ဤအတိုင်းသာ အမှန်ဖြစ်သည်ဟူသောယုံကြည်ချက်အဆင့်သို့ ရောက်ရှိခဲ့ပြီ။
ယခု ၂၀၂၁၊ သားအလှည့်တွင်တော့ ဆန္ဒပြသူများနှင့် ပူးပေါင်းလေပြီ။ သားက မိတ်ဆွေသူငယ်ချင်း ပေါများသည်။ ဒေါ်စောမြက သတ်သေမည်ဟုပြောထား၍ ဆန္ဒပြပွဲများတွင်ပေါ်ပေါ်ထင်ထင် မဦးဆောင်။ နောက်လိုက်ကာလှုပ်ရှားသည်။ နောက်ပိုင်း အိမ်မှစာစီစာရိုက်၊ မိတ္တူစက်များကိုပါ အသုံးချလာသည်။ ဦးသောင်းဝေသိတော့ စက်များ၊ စာများကို မီးရှို့မည်လုပ်သည်။ ဒေါ်စောမြက မျက်ရည်ခံတားထားရလေသည်။ မိသားစုရိပ်မြုံလေးမှာအစေးမကပ်၊ တစိမ်းပြင်ပြင်ဖြစ်လာကြပြီ။ ယခုလည်း သူသားဘယ်ကပြန်လာသည်ကိုမသိရ။ သေချာတာကတော့ သူ့အဖွဲ့သားများထံမှ ဖြစ်ရမည်။
“ငါသာမရှိရင် မင်းအခုဘယ်ရောက်နေမလဲ၊ ဘာဖြစ်နေမလဲသိရဲ့လား” နောက်ဆုံးလေသံက အနည်းငယ်ပို၍မာသွားသည်။
ထိုစကားကြားသော် သောင်းထိုက်ထမင်းစားနေရာမှ သူ့အဖေကိုတချက် လှမ်းကြည့်လိုက်သည်။
“ သားဆုံးဖြတ်ပြီးသွားပြီအဖေ ”
ယခင်ကစကားများများပြောတတ်သောသားသည် ယခုနောက်ပိုင်းစကားနည်းလာပြီ။ ယခုလည်းဘာများဆုံးဖြတ်ပြီးပြန်သနည်း။ ဦးသောင်းဝေ မေးချင်စိတ်ပင် မရှိတော့။
…………………………………………………………………..
ဦးသောင်းဝေ မမေးသော်လည်းနောက်တနေ့ မနက်တွင်သား၏ ဆုံးဖြတ်ချက်ကို သိရလေသည်။ ညက အိပ်ယာဝင်နောက်ကျသဖြင့်ဒေါ်စောမြ မထသေး။ ဦးသောင်းဝေသာထလျက် မှိုင်နေချိန်၊ သားဖြစ်သူအနားကပ်ကာ ပြောလိုက်သော စကားကြောင့် ခေါင်းနပန်းကြီးသွားသည်။ အရာရာအိပ်မက်လိုလို၊ ယောင်ချာချာနှင့်။ သို့သော်အိပ်မက်မဟုတ်၊ အမှန်အကယ်ဖြစ်သည်။
သားသည်မိတ်ဆွေတချို့နှင့်အတူ ခရီးသွားတော့မည်။ နက်ဖြန်သဘက်ခါမဟုတ်။ ယနေ့နံနက်ပင် သွားတော့မည်။ ကြိုပြောလျှင်မရမကဖျက်မည်စိုး၍ ယခုသွားခါနီးမှဖွင့်ပြောခြင်း ဖြစ်လေသည်။ သောင်းထိုက် သူ့အဖေကို စကားအနည်းငယ် ပြောသည်။ သူ့အမေအတွက် စကားတချို့မှာကြားသည်။ သို့သော် ဦးသောင်းဝေကောင်းကောင်းမကြား၊ မသိလိုက်တော့။ ငူငူကြီးသာ ထိုင်နေမိသည်။
မောင်သောင်းထိုက် အိမ်တံခါးပေါက်ကိုလွန်၍ထွက်သွားလေပြီ။ ထိုအခါမှ ဦးသောင်းဝေ ထလျှက် တံခါးပေါက်သို့လှမ်းသွားကာ ရပ်ကြည့်နေမိပြန်သည်။ သားသည်ကျောပိုးအိတ်ကိုလွယ်လျှက်၊ ခြေလှမ်းမှန်မှန်လှမ်းလျှက်။ အကြိမ်ပေါင်းများစွာမြင်ဖူးနေကြမြင်ကွင်းပင်။ ကြည့်နေရင်း၊ ကြည့်နေရင်း သူ့ရှေ့မှမြင်ကွင်းကို တခါမှ မမြင်ဖူးသလိုဖြစ်လာသည်။ မဟုတ်သေး၊ လူကတော့ သူ့သားပင်၊ ကျောပိုးအိတ်နှင့်လမ်းတို့ကိုသာ သူအရင်က မမြင်ဖူးခဲ့သလို၊ သို့သော်မသေချာ။
ဦးသောင်းဝေ ဆက်ကြည့်ရင်းမှ ရုတ်တရက် အသိတခု ဝင်ရောက်လာလေသည်။
ဘုရားသခင်. .သူ့တကိုယ်လုံးမိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရ၏။ တကယ်တော့ သူ့သားလွယ်သွားသော အိတ်၊ သူ့သားလျှောက်သွားသောလမ်းတို့မှာ သူမေ့နေသော၊ သူမေ့ပစ်လိုက်သော အရာများသာဖြစ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ထိုအိတ်ကိုသူ မထမ်းလို၍ ပစ်ချခဲ့လိုက်သည်မှာ သူ့သားပခုံးပေါ်သို့ ပစ်ချမိရက်သားပါလား။ ယခုသူ့သားသည် သူ မသယ်ချင်ခဲ့သောအိတ်ကိုလွယ်လျှက်၊ သူရှောင်ဖယ်ခဲ့သောလမ်း သို့ လိုက်သွားလေပြီ။
………………………………………………………………
မိုးဖွဲဖွဲလေးထဲတွင် လူတစုသည် လမ်းကြိုလမ်းကြားများအတိုင်း ခရီးနှင်လျှက်ရှိ၏။ ထိုလူစုထဲတွင် မောင်သောင်းထိုက်လည်းပါ၏။ မှန်ပေသည်။ ယခုဤလမ်းကို သူငြင်းပယ်လိုက်လျှင် နောင်နှစ်ပေါင်း ၃၀၊ ၄၀..တချိန်ချိန်တွင် သူ့သား/သမီး ဤလမ်းကိုလျှောက်ရပေလိမ့်မည်။ မောင်သောင်းထိုက် အသက်ပြင်းပြင်းရှူရင်း ကျောပိုးအိတ်ကြိုးကို ဆွဲတင်းလိုက်သည်။ မှန်ပေ၏။ ယခုဤဝန်ကို လေးလှသည်၊ မထမ်းလိုဟူ၍ သူပစ်ချလိုက်လျှင် နောင်နှစ်ပေါင်း ၃၀၊ ၄၀..တချိန်ချိန်တွင် သူ့သား/သမီး ပြန်ကောက်ထမ်းရပေလိမ့်မည်။။