9
သက်ငြိမ်
‘တောင်ပံ’
ငါလို့ပြောရင် သင့်တော်မလားတော့မသိဘူး။ ဒါပေမယ့် ငါလို့ပြောတဲ့အခါ ငါ့အတွက် သက်တောင့်သက်သာ ပိုဖြစ်တယ်။ ငါပြောချင်တာတွေကို ပိုပြီး ပြောပြနိုင်တယ်။ အဲဒီတော့ အစဉ်အလာယဉ်ကျေးမှုကို ငါ မေ့ထားလိုက်မယ်။
ငါ ပင်လယ်ကြမ်းပြင်မှာ ရောက်နေခဲ့တယ်။ နေရောင်လို့ ယူဆရတဲ့ အလင်းတွေ ထွင်းဖောက်နေတာကို ငေးမောရင်း ပင်လယ်ကြမ်းပြင်မှာ ရှိနေရတာကို ငါမကြိုက်ပါဘူး။ နည်းနည်းလေးမှတောင် မကြိုက်ဘူး။ ရေထုထည်တွေဟာ ငါ့ကိုယ်ပေါ်က ဖြတ်သွားနေကြတာကို ကြည့်ရင်း ငါ့အတွက် လုံလောက်တဲ့ အောက်ဆီဂျင်မရခြင်းကို ငါအတော် မုန်းတယ်။ အသက်ရှူလို့မဝဘူး။ ဟိုးပင်လယ်ရဲ့အပေါ်က နေရောင်ကို ငါ တွေ့နေရတော့ အဲဒီမှာ ငါအသက်သွားရှူချင်တယ်။ ဒါပေမယ့် ငါက ပင်လယ်ကြမ်းပြင်အောက်မှာလေ။
ငါ့ခြေထောက်တွေကို ချည်နှောင်ထားတဲ့ ကြိုးတွေကို ငါ ဖြုတ်လို့မရဘူး။ ကြိုးတွေကိုလည်း ငါမမြင်ရဘူး။ ရေတွေနဲ့ ရောနေတဲ့ ကြိုးတွေက ထုံးကျစ်နေကြပြီး ငါ့ကို ချည်နှောင်ထားကြတယ်။ ဆွဲချည်ထားကြတယ်လို့ ပြောရင် ပိုကောင်းမယ် ထင်တယ်။
တုန်ယင်ချိနဲ့နေတဲ့အထိ ငါ ဖြုတ်ဖို့ကြိုးစားသေးတယ်။ ငါ့ခြေထောက်တွေ ပြတ်ထွက်တော့မယ့်အထိ ငါရုန်းသေးတယ်။ မရဘူး။
ငါ့မှာ လက်တွေမရှိဘူး။ ငါ့လက်တွေအစား တောင်ပံတွေပဲ ဖြစ်နေခဲ့တဲ့အခါ အဲဒီတောင်ပံတွေနဲ့ ကြိုးတွေကို ဖြည်လို့မရနိုင်ဘူး။ ငါ့တောင်ပံတွေဟာ တဖြည်းဖြည်းရှည်ထွက်လာရင်း ဖြန့်ကားလို့ရလောက်တဲ့အနေအထားအထိ ကြီးထွားလာနေကြတယ်။ ပြန့်ကြည့်လိုက်မိတော့ ငါတောင်ပံတွေကို ခတ်လို့မရဘူး။ ဒီနေရာဟာ တောင်ပံခတ်လို့ရတဲ့နေရာ မဟုတ်ဘူး။
ငါရေမှော်တွေကို စားသောက်ကြည့်တယ်။ မကြိုက်ဘူး။ ငါ့အကြိုက်မဟုတ်ဘူး။ ဒါပေမယ့် ငါအသက်ရှင်ဖို့လိုတယ်ဆိုတာ သိနေတယ်။
ပင်လယ်ကြမ်းပြင်အောက်မှာ ငါ့အနားကိုရောက်လာတဲ့ သက်ရှိတွေဟာ အစုံပဲ။ အချို့က လက်မကြီးကြတဲ့ ဂဏန်းတွေ ဘေးတိုက်သွားတဲ့ သတ္တဝါတွေလေ။ အချို့ကတော့ ငါးရှဉ့်တွေလိုမျိုး ရှည်မျှောမျှော ချောတောတောတွေ၊ အချို့ကတော့ အလှမွေးကန်ထဲက ငါးတွေ။ ရယ်ရတာကတော့ ရေပုတ်သင်လိုအကောင်တွေပဲ… ဘာနဲ့ထိထိ ထိတွေသမျှ အရောင်တွေ ပြောင်းသွားကြတယ်။ ပြီးတော့ အချင်းချင်း အမဲလိုက်စားနေကြတဲ့ သတ္တဝါတွေရဲ့အသံတွေကိုလည်း အဝေးကြီးကနေ ကြားရတယ်။ စားခွက်လုနေကြတဲ့ ခွေးတွေလိုမျိုး၊ အစားတလုတ်အတွက် မာန်ဖီနေကြတဲ့ ကြောင်တွေလိုမျိုး…ငါကတော့ ရပ်ကြည့် နားထောင်ရုံလောက်ပဲ တတ်နိုင်တာပါ။
မျိုးတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ရန်စောင်လေ့ရှိကြတဲ့အထဲမှာ ငါ ရန်နည်းအောင်တော့ နေရတယ်။ ငါက ချည်ခံထားရတဲ့ကောင်လေ။
လက်ဖက်ရည်တခွက်လောက်သောက်ချင်တဲ့အခါဖြစ်စေ၊ ဘီယာတခွက်လောက် သောက်ချင်တဲ့အခါဖြစ်စေ ပုလင်းတလုံးနဲ့ ထည့်ယူလာဖို့ မှာလို့မရဘူး။ ဒါဟာ ရယ်စရာကောင်းတယ် ထင်ရပေမယ့် ငါ့အတွက်တော့ အိပ်မက်ဆိုးလိုပဲ။ ကုန်းပေါ်မှာ ညနေခင်းအတွက် သက်တောင့်သက်သာနိစ္စဓူဝဟာ ငါ့ဆီမှာ မရှိဘူး။ ချမ်းလွန်းတယ်လို့ ထင်ရတဲ့အခါ လှုပ်ရှားနေရတယ်။ မီးဟာ ရေထဲမှာ မတောက်လောင်နိုင်ဘူး။ မီးမွှေးလို့မရဘူးတဲ့။ လျှပ်စစ်ဟာလည်း ငါတို့အတွက် မဟုတ်ဘူးတဲ့။
ရေဟာ အကြည်ဖြစ်ပြီး အမှောင်ဟာ ရေကိုလည်း ဖြတ်နိုင်တယ်။ ငါတို့ဆီမှာ နေ့နဲ့ညလို့ သတ်မှတ်ချက်မရှိဘူး။ အိပ်ချိန် နိုးချိန်ပဲရှိတယ်။ အန္တရာယ်တွေ နီးကပ်လေ ငါတို့က နိုးကြားရလေပဲ။အဲဒီအချိန်မှာ ငါတို့ပုန်းခိုဖို့ပဲ ပြေးလွှာဖို့ပဲ စဉ်းစားရတယ်။ ငါတို့လိုကောင်တွေက ဘယ်တုန်းကမှ ပြန်ချလို့ မနိုင်နိုင်ဘူးလေ။
ငါရုန်းကန်လွန်းလို့ ငါ့ပါးပြင်ပေါ်မှာ ဒဏ်ရာရသွားတဲ့အခါ သွေးတွေထွက်လာကြတယ်။ ပါးပြင်ထက်ကို လှိမ့်ဆင်းကျသွားဖို့တော့ မတတ်နိုင်ကြပါဘူး။ ငါ့တောင်ပံတွေ ပျက်စီးမှာတော့ သိပ်ကြောက်မိတာမို့ ငါ တောင်ပံတွေနဲ့အားပြုပြီး မရုန်းမိဘူး။ အကယ်၍ တောင်ပံတွေနဲ့ ပျံသန်းရမယ့်နေရာရောက်ရင် ငါ့တောင်ပံတွေ ကျိုးကြေသွားတဲ့အထိ တောင်ပံတွေခတ်ပစ်လိုက်နိုင်ပါတယ်။ ဒီနေရာကတော့ တောင်ပံခတ်လို့မရတဲ့နေရာလေ။
ငါ့ကို ကူညီဖို့ ပြောတဲ့အခါ ဘယ်သူမှ အရေးတယူမရှိလှပါဘူး။ ကောင်းကင်အလင်းထက်ကို ငါ့အသံတွေကို ယူသွားပေးဖို့ ပြောလိုက်မိတဲ့အခါ ရေညှိတွေကို အားပါးတရစားသောက်နေတာမို့ ဝဖီးနေတဲ့ပင်လယ်ကြွက်ကြီးက ဘာလို့ သွားရမလဲ ဒီနေရာမှာ ရေညှိတွေစားဖို့ပေါတယ်လို့ပြောပြီး သူ့ကျင်းထဲ ရေညှိတွေ ကိုက်ချီပြီး ဝင်သွားခဲ့တယ်။ မကြာပါဘူး။ သူ့ကျင်းထဲ လိုက်ဝင်သွားတဲ့ မြွေတကောင်ကိုတွေ့လိုက်ရတာပဲ။ ငါကတော့ သူတို့တွေ မိတ်ဆွေဖွဲ့နေကြတာလို့ မထင်ပါဘူး။
ငါ့ရှေ့ကို ရွေ့လျားလာတဲ့ နေအိမ်တလုံးကို ကြည့်ရင်း ဒါခရုတကောင်ဆိုတာ သိလိုက်ရတဲ့အခါ သူက ရှေ့ဖြစ်ဟောတရားကို ဟောပြတယ်။ သူ့ခြေရာတွေနောက်က လိုက်လာတဲ့ နှုတ်သီးချွန်ငါးတကောင်က သူ့ရဲ့ ပျော့စိနေတဲ့ အသားနေရာကို နှုတ်သီးချွန်နဲ့ ထိုးဆိတ်သွားတော့မှ ငါလည်း နားညည်းသက်သာသွားတယ်။
အေးစက်ပြာရီတဲ့ ရေရိပ်လှိုင်းတွေအောက်ထဲမှာ ငါတည်ရှိနေခြင်းက မတရားသလိုပဲ။ ဒါဟာ မဖြစ်ထိုက်ဘူးလို့ တွေးလိုက်မိတဲ့အတွေးက ငါ့ကို စည်းနှောင်ခံထားရတဲ့နေရာကနေ စတင်ပြီး နာကျင်လာတယ်။ အရူးတယောက်လိုမျိုးပဲ။ အစပိုင်းကတော့ ဘယ်နေရာကနေ နာနေမှန်း ငါမသိဘူး။ လက်သည်းသေးသေးလေးတွေနဲ့ ဖြုတ်ဖို့ ဒါမှမဟုတ် ပါးစပ်ထဲက သွားတွေနဲ့ ကိုက်ဖြတ်ဖို့ မတတ်နိုင်ဘူး။ ငါရုန်းတယ်။ တဖြည်းဖြည်း ငါနာကျင်တဲ့နေရာကို သိလာတယ်။ ရုန်းလေ နာလေ နက်လေ။ ငါ့နှလုံးရဲ့ ပင်မသွေးလွှတ်ကြောနဲ့ တွဲချည်ခံထားရတာ ငါသိလိုက်တယ်။ ငါရုန်းလေ ငါ့နှလုံးက နာလေ။
ငါအကျယ်ကြီး ဟစ်အော်ပြီး လဲကျသွားတယ်။ တောင်ပံတွေဟာ ငါ့ခန္ဓာကိုယ်ပေါ်ကို ဖွဖွလေး ဖုံးအုပ်လွှာကျလာကြတယ်။ နာလွန်းလို့ လှုပ်ရှားဖို့တောင် မတတ်နိုင်တော့ဘူး။ ငြိမ်သက်နေမိတဲ့အခိုက်အတန့်လေးမှာပဲ ငါ့တောင်ပံတွေဟာ လှုပ်ရွလာကြတယ်။ ငါခတ်လိုက်တာ မဟုတ်ဘဲ။ ရေစီးပေါ်မှာ တောင်ပံတွေဟာ ဝဲလွှင့်နေကြတာကို ငါ တိတ်တိတ်လေး ငေးကြည့်နေမိတယ်။
ပြီးတော့ ငါ အားယူပြီး ဖြည်းဖြည်းချင်း ပြန်ထတယ်။ ငါ့ခြေထောက်တွေကို ထောက်ကန်အားပြုလိုက်တယ်။ အသက်ဝဝရှုပြီး ရှေ့ဆက်တိုးသွားတယ်။ နာကျင်မှုဟာ မခံမရပ်နိုင်လောက်အောင် ဖြစ်လာပေမယ့် ငါရှေ့ဆက်တိုးနေတုန်းပဲ။ တောင်ပံတွေကို အားပြုပြီး ငါရှေ့တိုးနေမိတယ်။ တင်းလွန်းမက တင်းလွန်းလာတဲ့ ကြိုးတွေက ငါ့ခန္ဓာကိုယ်ကို ဆွဲဖြဲတော့မလို ဖြစ်နေကြတယ်။ နောက် ငါ မိမိရရ ရုန်းပစ်လိုက်တဲ့အခါ ကြိုးဟာ ရုတ်ခနဲ ဖြစ်သွားတယ်။ ငါ ဟာခနဲ ဖြစ်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားချိန်မှာ ကြိုးဟာ ပြတ်သွားခဲ့ပြီ။ ငါ့ခန္ဓာကိုယ်ကနေ လုံးလုံးလျားလျား ပြတ်သွားခဲ့ပြီ။
တရှိန်ထိုး တိုးထွက်ပစ်ခဲ့တဲ့ နေရာကို ငါ ပြန်လှည့်မကြည့်ခဲ့ဘူး။ ဟိုး…ဦးခေါင်းထက်က ပြာလွင်လင်းလဲ့နေတဲ့ ကောင်းကင်ရှိရာကို ငါ တရှိန်ထိုး တိုးထွက်ပစ်ခဲ့တယ်…။ ငါ့လွှတ်မြှောက်မှုအတွက် ငါ့ တောင်ပံတွေအတွက်…။
သို့သော်…
ငါ တောင်ပံတွေကို ခတ်နေတယ်။ ငါ လေဟုန်စီးနေတယ်။ ငါ ရွေ့လျားနေတယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းမရှိ။ နာကျင်ခြင်းလည်း မရှိ ဝမ်းမြောက်ခြင်းလည်း မရှိ။ အရာရာကို ဘယ်လိုမှ မခံစားမိ။ ဗလာ…
ငါတောင်ပံအစုံကိုခတ် ပျံသန်းတတ်နေတယ်။ လေအဟုန်စီး ခရီးလည်း နှင်နေတယ်။ မြင်လွှာတွေ စိမ်းပြာဝဲလွှင့်… ကြည်လင်နေကြတယ်။ လေပြည်တွေ ယိမ်းယိမ်းနွှဲ့နွှဲ့ တိမ်လှိုင်းတွေလည်း ဝင့်နေကြတယ်။
သို့သော်
ငါ့နှလုံးသားဟာ ပင်မသွေးလွှတ်ကြောနဲ့အတူ တွဲချည်ထားလျက်က ငါနေခဲ့တဲ့အရပ်မှာ ကျန်ရစ်ခဲ့တာကို ငါသိသွားတယ်။
ငါ့နှလုံးသားတွေ ပါမလာခဲ့တဲ့နောက်မှာ အရာအားလုံးပျောက်ရှ…။အားလုံးဟာ ဗလာ….
ဒါပေမယ့်… ငါတောင်ပံခတ်နေတယ်။ အခုထိ…
သို့သော်… ငါ့ရဲ့တောင်ပံအစစ်တွေ ဘယ်မှာလဲ…။
1.11.25
Saturday (6:14AM)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
