”တော်လှန်ရေးဟာ လိုကယ်”
-သတင်းသုံးသပ်ချက်ဆောင်းပါး-
◼️ ကျော်ဇောခိုင်
၂၀၂၆ ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း မြန်မာနှင့်ကမ္ဘာတလွှား စိတ်ဝင်စားစရာသတင်းများ ဖြစ်ထွန်းလာခဲ့တယ်။ ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုတွေက တခြားအဖြစ်အပျက်တွေထက် ပိုလို့ရှေ့တန်းရောက်လာတယ်။ ဥပမာ ၂၀၂၀(ကျော်)က ဂရီတာသန်းဘာ့ဘ်နဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးက ဒါးဗို့စ်ဖိုရမ်ကို ကောင်းစွာလှုပ်ခတ်ခဲ့ပြီး ၂၀၂၅(အကျော်)မှာ ထရမ့်နဲ့ ကနေဒါဝန်ကြီးချုပ်မိန့်ခွန်းတွေက ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အဓိကသတင်းဖြစ်စေခဲ့တာကို ယှဥ်ကြည့်ရင်သိနိုင်တယ်။
ယူကရိန်းစစ်နဲ့အတူ ကြိုးတန်းလမ်းလျှောက်နေတဲ့ အီရန်အကျပ်အတည်း၊ တရုတ်မှာ ရှီကျင်းပင်ရဲ့ တင်းကျပ်တဲ့ဗဟိုချုပ်ကိုင်မှုဟာ စစ်ကော်မရှင်ဒုဥက္ကဌကျန်းယို့ရှာကိုရှင်းထုတ်မှုအပြီးရုန်းကန်နေရသလို၊ အမေရိကန်မှာ ဂျက်ဖရီအက်စတိန်းဆက်စပ်သတင်းတွေကြောင့် လစ်ဘရယ်အစဥ်အလာဟာ လှုပ်ခါနေပြန်တယ်။
ပြည်တွင်းကိုကြည့်တော့ နယ်မြေအလိုက်သီးသန့်ဖြစ်နေတဲ့တိုက်ပွဲတွေကိုတွေ့ကြရမှာဖြစ်ပြီး မတူညီတဲ့ချဥ်းကပ်မှုနှစ်ခုကနေ ၂၀၂၆ ကို အကြမ်းခန့်မှန်းကြည့်နိုင်မယ်လို့ ယူဆရတယ်။
▫️ချဥ်းကပ်မှု၂ခု
၂၀၂၆ ကို ဝင်လာကတည်းက ၂၀၂၅ ဒုတိယနှစ်ဝက်အတွင်း အခြေအနေပြန်ကောင်းသလိုဖြစ်လာတဲ့စစ်တပ်ဟာ ရှုံးပွဲတွေကိုဆက်တိုက်တွေ့လာရတယ်။ ဒါပေမယ့် တခုရှိတာက ကချင်မှာ၊ ရခိုင်မှာ၊ ချင်းမှာ၊ စစ်ကိုင်းမှာ၊ မကွေးမှာ၊ ပဲခူးမှာ (နောက်ဆုံးရှမ်းတောင်မှာ) ပွဲတိုင်းနီးပါး အရေးနိမ့်နေတဲ့စစ်တပ်ဟာ မန်းမြောက်ကို မှန်မှန်ဖိအားပေးထိန်းချုပ်နေတာကို တွေ့ရတယ်။ ဒီအခြေအနေကနေ စစ်တပ်ရဲ့စစ်ပွဲတွေအပေါ် ဘယ်လိုချဥ်းကပ်နေသလဲဆိုတာကို စူးစမ်းကြည့်ဖို့ ဖြစ်လာတယ်။
စစ်တပ်အသက်ကို တရုတ်ကဆက်ပေးထားတယ်လို့ လက်ခံကြမယ်ဆိုရင် ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့အပေါ်ကို တရုတ်သြဇာသက်ရောက်မှုရှိတာကို အနည်းနဲ့အများ လက်ခံကြရဖို့ရှိတယ်။ တရုတ်သြဇာလို့ပြောရင် တရုတ်အကျိုးစီးပွားလို့ ဆိုလိုမှာဖြစ်သလို တရုတ်အကျိုးစီးပွားလို့ပြောရင် ကျောက်ဖြူကူမင်းလမ်းဟာ တဆက်တည်းပါလာမှာဖြစ်တယ်။ ဆိုလိုတာက လက်ရှိစစ်ပွဲ (တနည်း တိုက်ပွဲတွေ) ကို တရုတ်အကျိုးစီးပွားဘက်က ချဥ်းကပ်ကြည့်ဖို့ဖြစ်တယ်။ ဒီတော့ မန်းဟာ ကျောက်ဖြူကူမင်းလမ်းရဲ့ဗဟိုချက်မှာရှိနေတယ်လို့ အရင်လို ဆက်လက်နားလည်ထားရမှာပဲဖြစ်တယ်။
ဒီချဥ်းကပ်ပုံ(၁) အရ စစ်တပ်ဟာ မန်းကို ကျန်တဲ့တိုင်းတွေထက် ပိုပြီးဦးစားပေးထိန်းချုပ်ထားဖို့ ကြိုးစားမှာဖြစ်တယ်။ ဒါပေမယ့် တဘက်ကပြန်ကြည့်ရင် တအာင်းအဆုတ်ဟာ မန်းပီဒီအက်ဖ်ကို အတိုင်းအတာတခုအထိ ချိနဲ့စေပြီး မန်းမြောက်တိုက်ပွဲတွေမှာ ဆုတ်ခွာမှုတွေဖြစ်စေတယ်လို့လည်း သုံးသပ်ကြည့်လို့ရစေတယ်။ (စစ်တပ်ကဖိနိုင်လွန်းလို့မဟုတ်ဘဲ တော်လှန်ရေးဘက်က အားနည်းချက်ကြောင့်များလားလို့ စဥ်းစားကြည့်တာကို ပြောချင်တာဖြစ်တယ်။)
▫️ဗဟိုချက်ပြောင်း
ဒုတိယချဥ်းကပ်မှုက တရုတ်အကျိုးစီးပွါးကိုအခြေမခံဘဲ တော်လှန်ရေးကို စစ်ပွဲနဲ့အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ သဘောတရားကနေ လေ့လာကြည့်တာဖြစ်တယ်။ ဒီရှူထောင့်ကကြည့်ရင် စစ်ကို မြစ်တွေကိုအခြေခံပြီး ယေဘုယျနားလည်ကြည့်ရင် မြင်သာမယ်ထင်တယ်။ ဒီချဥ်းကပ်မှုမှာ မန်းတိုင်းလို့ဆိုစေဦးတော့ မန်းဟာဗဟိုမဖြစ်ဘဲ နေပြည်တော်ကိုယ်တိုင်ကသာ ဗဟိုဖြစ်တယ်။
နေပြည်တော်ဗဟိုမှာ ချင်းတွင်း (စစ်ကိုင်း) ဟာ ရှေ့တန်းမဟုတ်ဘဲ အားဖြည့်ပေးဖို့သာဖြစ်တယ်။ တနည်း ချင်းတွင်းဟာ အခြေခံနယ်မြေတည်ဆောက်မှုနဲ့ ရေရှည်စစ်အမြင်ကိုဇောင်းပေးတယ် (ဆိုလိုတာက စစ်တပ်ကိုဦးစားပေးနယ်မြေထဲ ထည့်သွင်းတွက်ချက်စေဖို့ မသေချာဘူး)။ စစ်တောင်းလည်းထို့အတူ။ သို့သော်စစ်တောင်းဟာ ချင်းတွင်းထက်စာရင် ပိုပြီးနီးစပ်တဲ့အနေအထားမှာရှိတယ်။ ပဲခူးတိုင်းဟာ တောင်ငူ၊ ပြည် အပြိုင်ထိန်းချုပ်နိုင်ပြီဆိုရင် အတော်နက်ရှိုင်းလာပြီ၊ နီးကပ်လာပြီလို့ ဆိုရမှာဖြစ်တယ်။
တကယ်အားကောင်းလာနေတဲ့ မကွေးဘက်အခြမ်းမှာတော့ ဧရာဝတီဟာ မြစ်လတ်ပိုင်းမှာ အလျားလိုက် (မြောက်ကနေတောင်ကို) ဆင်းလာဖို့လိုသလို ကန့်လန့်ဖြတ် (အနောက်ကနေ အရှေ့ကို) ကူးလာဖို့လည်းလိုအပ်မှာဖြစ်တယ်။
စစ်တပ်ဟာ လတ်တလောအရှူံးတွေကို စစ်မှုထမ်းအင်အားနဲ့ စုပ်ယူကိုယ်ဖော့ထားတဲ့သဘော တွေ့ရတယ်။ ဒါကရေရှည်မဖြစ်နိုင်ဘူးဆိုပေမယ့် တိုင်းဂိမ်း (time game) တခုကို ကစားလို့ ရစေတယ်။ ချဥ်းကပ်ပုံ(၁) တရုတ်အကျိုးစီးပွားကကြည့်ရင် ကိုးကန့်ဆီက လားရှိုးအထီးတည်းရမှုနဲ့ တအာင်းဆီက မန်းလားရှိုးကြားပြန်ရမှုရှိပေမယ့် လားရှိုးအလွန် သိန္နီ၊ (နမ့်ခမ်း၊မူဆယ်) နဲ့ (ချင်းရွှေဟော်)အခြမ်းတွေကိုထိန်းချုပ်ဖို့ ဖြစ်နိုင်ခြေဟာ အတော်နည်းနေပြီး၊ ဒါဟာနေပြည်တော် အစိုးရအဖွဲ့သစ်အပေါ်မှာရှိတဲ့ တရုတ်သြဇာနဲ့လည်း တိုက်ရိုက်ပတ်သက်နေပြန်တယ်။
ဒီတော့ ၂၀၂၆ ကို ကြည့်ရင် စကမရဲ့ရှမ်းမြောက်လမ်းကြောင်း ဖြောင့်ဖြောင့်တန်းတန်းပွင့်လာဖို့နဲ့ တော်လှန်ရေးရဲ့ မကွေးနဲ့ပဲခူးတိုင်းတွေမှာ စစ်ကိုင်းလိုအခြေခိုင်လာဖို့ ဆိုတဲ့ မဟာဗျူဟာအမြင်တွေကို စိန်ခေါ်ခံရတဲ့ နှစ်တနှစ်အဖြစ်တွေ့ကြရဖို့ရှိတယ်။ ၂ ဘက်စလုံးအကျပ်အတည်းရှိကြတယ်ဆိုရင် စစ်တပ်ဘက်ကပိုလို့ကျပ်တည်းနေနိုင်ပြီး နောက်တကြောင်းက ရွေးကောက်ပွဲလွန်အစိုးရသစ်နဲ့ လူသစ်လူဟောင်းတွေကြား အဖွဲ့အစည်းပိုင်းဆိုင်ရာတည်ဆောက်မှု၊ ချဲ့ကားမှုနဲ့ ပွတ်တိုက်မှုစတဲ့ အတွင်းပဋိပက္ခတွေကိုပါ ရင်ဆိုင်ကြရဖို့ဖြစ်စေမယ်။
▫️တော်လှန်ရေးဟာလိုကယ်
ကမ္ဘာ့အဖြစ်အပျက်တွေ (အထူးသဖြင့် အမေရိကန်အပြောင်းအလဲဟာ) တော်လှန်ရေးကို အားဖြစ်စေဖို့၊ ထိခိုက်စေဖို့ သိပ်မရှိနိုင်ဘဲ တရုတ်အပြောင်းအလဲကသာ ပိုလို့သက်ရောက်စေမှာဖြစ်တယ်။ တရုတ်မှာတော့ ရှီကျင်းပင်ဟာ အခက်အခဲတွေကြားက သူ့ပါဝါကို ၂၀၂၇ အထိသယ်ယူသွားနိုင်လိမ့်ဦးမယ်လို့ ယူဆရတယ်။ သို့သော် မြန်မာစစ်တပ်နဲ့ အတုအယောင်ရွေးကောက်ပွဲကထွက်ပေါ်လာမယ့် အစိုးရပေါ်မှာရှိတဲ့ တရုတ်လွှမ်းမိုးမှုကတော့ အခုကိုပဲ ဖိအားတချို့ဖြစ်စေတာကို တွေ့ရမှာဖြစ်တယ်။ ဒီတော့ တရုတ်အပြောင်းအလဲဆိုတာထက် လတ်တလောမှာတော့ တရုတ်အမြင်အပြောင်းအလဲကိုသာ လေ့လာကြရဖို့ဖြစ်တယ်။
စကမရဲ့ပုံသဏ္ဍာန်အပြောင်းအလဲဟာ စစ်ဘက်ထက်နိုင်ငံရေးဘက်မှာဖြစ်နေတဲ့အတွက် ဆွေးနွေးပွဲသဘောထားတွေ ပိုအားကောင်းလာနိုင်တယ်။ သို့သော် ၂၀၂၆ အတွက်တော့ တော်လှန်ရေးဟာ လိုကယ်ကိုအားပြုပြီး ဆက်လက် ရွေ့လျားနေဦးမယ်လို့ ယူဆရမှာဖြစ်တယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
