တံဆိပ်ခေါင်းများ အကြောင်း

ဆူးနတ်သန်

by The Call
0 views
‘တံဆိပ်ခေါင်းများ အကြောင်း’
◼️ဆူးနတ်သန်
ဆောင်းနှင်းမြူအအေးဓာတ်ကဲတဲ့ နယ်မြို့ရဲ့ စာတိုက်ရုံးကနေ ဖုန်းဆက်လာတယ်။ မဆူးလား ခင်ဗျာ။ မြို့နယ် စာတိုက်ကပါ။ စာအုပ်များ ရောက်နေပါပြီ။ လာရောက်ထုတ်ယူပေးပါတဲ့။ အချိန်ကား ၂၀၁၇ ဆောင်းမနက်ခင်းတွေ။
စာအုပ်တွေ စာတိုက်ရုံးကနေ ပေးပို့တတ်သူဟာ
ဘယ်သူဖြစ်နိုင်သလဲ။ ကျ​နော်ဟာ ပြုံးရွှင်တက်ကြွစွာ စာတိုက်ရုံးကို အလျင်အမြန်ချီတက်ခဲ့တယ်။
စာအုပ်လက်ဆောင်အတွက် စာအုပ်တွေ ပြန်ပြီး မေတ္တာစာ ပြန်ပါးပေးဖို့လည်း ယူဆောင်ခဲ့တယ်။
တံဆိပ်ခေါင်းများထဲက ဈေးအကြီးဆုံး ငါးရာတန်တံဆိပ်ခေါင်းလေး ရွေးကပ်ပေးလိုက်တယ်။
“မဆူးမှ ပြန်စာပါ။ စာအုပ်တွေ ကောင်းမွန်စွာ လက်ခံရရှိပါတယ်။ နယ်ကို ခရီးထွက်နေလို့ ခုရက်မှ လာထုတ်ယူရင်း စာအုပ်လက်ဆောင် ပြန်ပါးပါတယ်ဗျာ။
ကဗျာအကြောင်းကို ဖုန်းကတဆင့်ပဲ ပြန်ရှင်းပြပါမယ်။ ကျန်းမာရွှင်လန်းပါစေ။ မေတ္တာများစွာဖြင့်….. “
လက်ရေးဝိုင်းဝိုင်းနဲ့ ပြန်စာညှပ်ပြီး စာအုပ်တွေ ပေးပို့ခဲ့လိုက်တယ်။
တံဆိပ်ခေါင်းများဟာ လူတွေရဲ့ အတွင်းရေးသိရှိကြပါသလား။ တံဆိပ်ခေါင်းများဟာ ကျ​နော်တို့ရဲ့ အတွင်းရေးကို လျှို့ဝှက်စွာ သိမ်းဆည်းထားတဲ့ တခုတည်းသော အကောင်ထည်ဒြပ်ပါပဲ။ ပို့ပေးလိုက်တဲ့ စာအုပ်ထုပ်ပေါ်က တံဆိပ်ခေါင်း ၃၀၀ တန်ကို ဖြုတ်ပြီး သိမ်းဆည်းလိုက်တယ်။ လူတယောက်ရဲ့ နူးညံ့မှုကို တံဆိပ်ခေါင်းတွေကသာ သိပါလိမ့်မယ်။
မြင့်သန်း စာအုပ်တွေက အများသား။ မြင့်သန်းကို ကျ​နော်က မကြိုက်တတ်။ လူပေါ်လူဇော်လုပ်စာရေးဟန်က ကျ​နော့်ကို မဆွဲဆောင်နိုင်။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ကင်းဝေးတဲ့ သူ့လေသံက ကျ​နော့်ရင်ထဲ ထောက်တောက်တောက်မလား။ ဒါပေမဲ့ ဖတ်စရာစာအုပ်ဟာ ဖတ်ရမှာပဲလေ။
ကျ​နော်ပို့ပေးတဲ့ စာအုပ်တွေ လက်ခံရရှိကြောင်း ဖုန်းဆက်ပါရဲ့။ မောင်ထွန်းသူ၊ တင်မောင်မြင့်၊ ကဗျာဗေဒ စာအုပ်တွေပါပဲ။ ကဗျာနဲ့ မရင်းနှီးတဲ့ လူတယောက်ကို ကဗျာတွေ ရွတ်ပြပြီး အဲ့ဒီကဗျာဟာ ခေတ်နိမိတ်ပုံနဲ့ ဟပ်မိလွန်းတော့ ခေတ်ကို ကျော်လွန်မယ့် ကဗျာမျိုးပဲလို့ ကျ​နော်ရှင်းပြတာကို သဘောကျနေလေရဲ့။
ဇော်ဇော်အောင် အက်ဆေးတွေ ဖတ်ပြရင် ငြိမ်သက်မှုအားကြီးစွာ သူ့အသက်ရှူသံကို နှိမ့်ချထားရဲ့။ ဘာလို့ ကဗျာဆရာ ဖြစ်ချင်ရတာလဲကွယ်။ ဘာလို့ ကဗျာရွတ်ဆိုတာ သန္တရသ ပါနေရသလဲ မဆူးရယ်တဲ့။ ကဗျာဟာ သံစဉ်မပါပေမဲ့ သိပ်လှတဲ့ တေးသွားတွေရယ်ပါ။ ကျ​နော်တို့ ကဗျာကို ခံစားလို့ရရင် လူတွေရဲ့ခံစားမှုကို နားလည်တာပါပဲ။
ကျ​နော်ဟာ တယောက်တည်း အိပ်စက်ရတဲ့ညတွေ ရှိတယ်။ ကြောက်စိတ်ကို အန်တုဖို့ဆိုပြီး ဖုန်းတွေခေါ်ထားပြီး ဘာစကားမှ မပြောဘဲ တိတ်ဆိတ်ပေးထားတယ်။ အိပ်ပျော်သွားရင် ဖုန်းချလိုက်မယ်နော်တဲ့။ ကြင်နာငဲ့ညှာတတ်ခြင်းကပဲ အရှည်တည်တံ့တဲ့ မေတ္တာတရားပါပဲ။
စာတိုက်ရုံးကနေ ဖုန်းတွေ အလာစိပ်ခဲ့ပေါ့။ မမက ခုတလော တယောက်ယောက်ဟာ စာတိုက်ရုံးက ဖုန်းတွေလာရင် မြူးထူးတက်ကြွနေပြီဆိုတာ ပြောရဲ့။
ဘယ်သူလဲ မေးရင် မဖြေပါဘူး။ နှလုံးသားရဲ့ တထောင့်မှာ အနမ်းတပွင့်နဲ့ တံဆိပ်ခေါင်းလေးတွေကို
သိမ်းဆည်းထုပ်ပိုးထားမယ်။ ကျ​နော့်မှာ အရိပ်ထိုးမခံနိုင်တဲ့ လူတယောက်ရှိတယ်ဆိုတာ ဘယ်သူမှ သိစရာမလိုပါဘူး။
“မဆူး……ကဗျာတွေဟာ အသံပါရဲ့။ အသံတွေဟာ
နှလုံးသားထဲ ခုန်ဆင်းကြပါတယ်။ လွတ်လွတ်လပ်လပ် ပေါက်ကွဲ လှုပ်နှိုးကြတယ်။ ကဗျာတွေအတွက်
ကျေးဇူးတင်ပါတယ်။ မေတ္တာများစွာဖြင့်…….”
တံဆိပ်ခေါင်းလေးများဟာ အစီအရီအထပ်ထပ် စုစည်းစွာ ပေါများလာခဲ့ပါပြီ။ ငါတို့စာပေတိုက်ထုတ်ကလွဲရင် ပုဂံစာအုပ်တိုက်၊ စိတ်ကူးချိုချို၊ စာပေလောက၊ ရာပြည့်စာအုပ်တိုက် အစုံပါပဲ။ စာဖတ်သမားအစစ်တွေဟာ စာရေးသူကို ရွေးချယ်ပြီးရင် စာအုပ်တိုက်ပါ ထပ်ရွေးတယ်။ ကံ့ကော်ဝတ်ရည်ကို ထည့်မပေးတာဟာ တက္ကသိုလ်ဘုန်းနိုင်ကို ချဉ်တူးနေအောင် မဖတ်ချင် မမြင်ချင်တဲ့ ကျ​နော့်စိတ်ကို နားလည်သူမို့ပါပဲ။
“မဆူးလား ခင်ဗျာ…….စာတိုက်ရုံးကပါ။
အရင်လိုပဲ လာရောက်ထုတ်ယူနိုင်ပါပြီ” တဲ့။
မျက်နှာဖတ်မိနေကြတော့လည်း ကျ​နော် စာအုပ်တွေ ထုတ်တိုင်း စာတိုက်ရုံးက ကော်ဖီတစ်ခွက် တိုက်လာကြပြီ။ ပြုံးစိစိ မျက်နှာပိုးနဲ့ စာတိုက်ရုံးနား အိမ်ရွှေ့ခိုင်းကြပြီ။ ချစ်ခင်နှစ်လိုဖွယ်စကားနဲ့ စကြနောက်ကြပြီ။ ကျ​နော့်စာအုပ်ထုပ်ကလေးပေါ်က တံဆိပ်ခေါင်းလေးများဟာ ဝင့်ဝင့်ကြွားကြွား ဟိတ်ဟန်ထုတ်ကြပြီ။ ကျ​နော့်ရင်ထဲမှာတော့ ဆည်းလည်းသံလေးတွေ လှုပ်ခတ်နေပါပြီ။
အချိန်ဟာ ကုန်လွန်ခဲ့ပါပြီ။
တခေတ်ပြောင်းကူး အသစ်ဖြစ်ရမယ့်အစားမှောင်မိုက်တဲ့ခေတ်စနစ်ထဲ တိုးဝင်ခဲ့ရပေါ့။
၂၀၂၁ နွေဦးဟာ တွန်းထိုးကန်ကြောက်လို့ နှောင်းတမြည့်မြည့်ဇာတ်ကွက် ကကြပါပြီ။ စာတိုက်ရုံးလေးဟာ ပိတ်သွားပါပြီ။ တံဆိပ်ခေါင်းလေးများ အရောင်ပြောင်းသွားကြပြီ။ စာတိုက်ရုံးက ဝန်ထမ်းတွေ နုတ်ထွက်စာတင်ခဲ့ကြပြီ။ အကျိုးကြောင်း မသိရ နှုတ်မဆက်လိုက်ရဘဲ စာတိုက်ရုံးက အသိမိတ်‌ဆွေတွေကို ငယ်နုသူရဲ့ အသည်းဖူးနဲ့ လွမ်းရပါပြီ။
တံဆိပ်ခေါင်းအဟောင်းလေးတွေဟာ နေသားတကျ
ရင်ခုန်သံ ပျိုမျစ်စေပါတယ်။ စာအုပ်ပေးပို့နေကျ
အဝေးက လူတယောက်ဟာ အလံကိုင် ရွက်လွှင့်ဖို့
ကြိုးစားနေတယ်လို့ လူမှုကွန်ယက်ကနေ သိလိုက်ရတယ်။ နှင်းဆီဖြူတပွင့် မဆူး ပန်ခဲ့မယ်မလား။
ကျ​နော့်ကို ကြိုဆိုမယ်မလား။ အဖြေကို စောင့်စားရင်း မျှော်လင့်ချက်ထားပါ့မယ်တဲ့။
နှင်းဆီဖြူတပွင့် ပန်ခဲ့ပါတယ်။ အဖြေတခုကို စောင့်စားနေသူရဲ့ ရင်ခွင်ထဲ ပြိုကျလုလု မိုးတိမ်တွေကို အုံ့ဆိုင်းပစ်မိခဲ့တယ်။ စီးကရက်နဲ့ အရက်နံ့ ထုံမွှမ်းထားတဲ့ နှုတ်ခမ်းအစုံကို ငေးမောရင်း ကဗျာတပုဒ်ကို ကျ​နော် ရွတ်ဆိုခဲ့ပါတယ်။
“မေမေနိုင်မှ ဖြစ်မယ်ဆိုလို့ စောင့်ခဲ့တယ်
ဒီရထားနဲ့ မလွဲချင်လို့ စောင့်ခဲ့တယ်
သံသရာတဖက်ကမ်းကို ကူးချင်သူမို့ စောင့်ခဲ့ပါရဲ့‌
အရင်လူတွေ အရင်လို ပြန်မဖြစ်နိုင်တဲ့အခါ
စောင့်စားသူဟာ ကြေကွဲမိတယ်။”
သူ့မျက်ဝန်းကနေ မျက်ရည်ဥကလေး ပါးပေါ်လိမ့်ဆင်းသွားတယ်။ ကျ​နော့်လက်ချောင်းလေးများက
လျင်မြန်စွာပဲ သူ့ပါးလေးကို ဖွဖွသုတ်ပေးလိုက်တယ်။
ကျ​နော့်မျက်ဝန်းကလေးထဲက မျက်ရည်များအတွက် သူ့နှုတ်ခမ်းများဟာ ကျ​နော့်မျက်လုံးအိမ်ကို နမ်းရှိုက်လိုက်တယ်။ စီးကရက်တလိပ်ကို နှစ်ယောက်အတူ သောက်ရင်း မြင်ကွင်းကျယ်ကို ငေးမောကာ ပြန်လာခဲ့ကြတယ်။
သူ့ပုခုံးက တာဝန်တွေအတွက် ကျ​နော့်နှလုံးသားကို မီးနဲ့ ဆေးကြောလိုက်ပါပြီ။
အောင်မြင်ပါစေ နှလုံးသားပွင့်ဦးရေ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment