4
May
‘ဒိုင်ယာရီစာအုပ်ထဲ မဆံ့တော့တဲ့ စာမျက်နှာတွေ’

ခြောက်အိပ်မက်တွေကပဲ ဆိုးသလား၊ မအိပ်ဘဲမက်တဲ့ အိပ်မက်တွေကပဲ ဆိုးသလား ကျမ မဝေခွဲတတ်ဘူး။ တကယ်တမ်းက ကျမတို့ နေ့စဥ်နဲ့အမျှ အိပ်မက်ဆိုးတွေနဲ့ မိနစ်တိုင်းစက္ကန့်တိုင်း ဖြတ်သန်းနေရတယ်။
စားနေတဲ့ ထမင်းလုပ်လေးကအစ နောက်တလုပ်အတွက် မသေချာသလို၊ သောက်နေတဲ့ရေကလေးကအစ ရေခွက်ထဲကုန်တဲ့အထိရောက်ဖို့ မသေချာနေဘူး။ ကျမတို့ရဲ့မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေကလည်း မတူညီတဲ့ မျှော်လင့်ချက်အမှုန်တွေကနေ ပေါင်းစုလို့ အခုတော့တခုတည်းသော မျှော်လင့်ချက်ကြယ်တပွင့် ဖြစ်ခဲ့ရပြီ။ နီးနီးလေးက ပြောဆိုနေတဲ့ စကားသံတွေထက် အဝေးကြီးက လေယာဥ်သံကို နားစွင့်နေကြရတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့ ပျော်ရွှင်ရယ်မောသံတွေ အပူအပင်မရှိတဲ့ စကားသံတွေကို ဘယ်အချိန်မှာပြန်ကြားရမှာလဲ။ အခုတော့ သူတို့လည်း သူတို့ကိုယ်တိုင်တောင်နားမလည်တဲ့ စကားလုံးတွေနဲ့ ဟာသဖောက် ရယ်ကြမောကြလို့။
နေ့တနေ့တာရဲ့အစမှာ ဘယ်လိုရှင်သန်နေတာလဲဆိုတာကို တွေးမိပြီး၊ ညအိပ်ရာဝင်ချိန်မှာတော့ ဘယ်လိုရှင်သန်နေတာလဲ ဆိုတဲ့အတွေးကို နေတနေ့ရဲ့အစမှာ ထပ်တွေးရဖို့တွေးတယ်။ အသံတွေကပျောက်ဆုံးပြီး တိတ်ဆိတ်မှုက အကျယ်လောင်ဆုံးဖြစ်လို့ ဘယ်လိုပေါက်ကွဲသံမျိုးကိုမှ လက်မခံနိုင်တော့ဘူး။ ရယ်သံတွေကပျောက်ဆုံးပြီး အတွင်းထဲမှာ လှိုက်စားပူဆွေးရလွန်းလို့ ဘယ်လိုငိုကြွေးမှုကိုမှ လက်မခံချင်တော့ဘူး။ ရှင်သန်မှုက ဝေဝါးလို့ အသက်တွေကိုလုံခြုံအောင် ဘယ်လိုထုပ်ထားရမယ်မသိလို့ သေဆုံးမှုတွေကို လက်ခံမပေးနိုင်ဘူး။ အိပ်မက်ထဲမှာ အပြင်မှာ မှန်သားပြင်မှာ အပိုင်းအစတွေ သွေးစွန်းကွက်တွေ အပျက်အစီးပုံတွေ။
အမေရေ လူတယောက်အတွက် စည်းစိမ်အခံစားရဆုံးအချိန်ဟာ ထမင်းစားတဲ့အချိန်နဲ့ အိပ်တဲ့အချိန် တဲ့လား။ သမီးတို့ ဆင်းရဲလှပါပြီ အမေရယ်။ ကတုတ်ကျင်းထဲက ဘဝတွေမှာ ချမ်းသာတာဆိုလို့ အသက်တခုပဲ ရှိတော့တာအမေရဲ့၊ ဘယ်အချိန်မဆို လုယူခံသွားရနိုင်တဲ့ ချမ်းသာမှုလေ။ ကျမတို့နိုင်ငံဟာ ဆင်းရဲမွဲတေမှုရဲ့ နံပါတ်ဘယ်လောက်ဆိုလား။ အဲ့ဒီဆင်းရဲတွင်းကတောင် သမီးတို့ရဲ့ချမ်းသာမှုတွင်းလောက် မနက်ဘူးအမေ။ အားလုံးရဲ့ ရင်ဘက်ထဲမှာ ဂလိုင်ပေါက်ကြီးတွေနဲ့။
ချစ်သူနဲ့လက်တွဲပြီး လမ်းလျှောက်နေရင်းက တွဲထားတဲ့လက်က မရှိတော့တာမျိုးတွေ၊ ဘောလုံးကန်နေရင်းကနေ ခြေထောက်တဖက်က ချိုင်းထောက်နှစ်ဖက်ကြား ရောက်နေတာမျိုးတွေ၊ စေတီတဆူကိုဖူးမြော်နေရင်းက အမြင်အာရုံမရှိတော့တာမျိုးတွေ၊ စာအံနေရင်းကနေ အလိုမတူဘဲ ကောင်ကင်ဘုံကိုအပို့ခံရတဲ့ ကလေးတွေ၊ အားလုံးဟာ အိပ်မက်တွေပဲလို့ ငြင်းဆန်နေရင်းကနေ အိပ်မက်တွေက တကယ်ဖြစ်နေတာမျိုးတွေ၊ ဆုတ်ဖြဲခံလိုက်ရတဲ့ စာရွက်ကြေတွေလိုမျိုးဘဝတွေ၊ အဝေးကသဲ့သဲ့ကြားရသမျှအသံတိုင်းဟာ ဆည်းလည်းခတ်သံဖြစ်မနေနိုင်တာ ကျမတို့သိပါတယ် ဒါပေမယ့် ဘာလို့များပျက်စီးဆုံးရှုံးသံတွေချည်းသာ ဖြစ်ရတာလဲ။ *” ကျွန်တော်တို့ အကောင်းတွေချည်းမမျှော်လင့်ပါဘူး။ ဒါပေမဲ့ အဆိုးချည်းပဲဆိုလည်း ဘာလုပ်မှာလဲ” ပေါ့။ ပန်းတွေပွင့်ပြီဆိုတဲ့အကြောင်း သတင်းမှာပါတဲ့နေ့မှ ပြန်အိပ်ပါတော့လား ချာလီရယ်။
*အောင်ချိမ့်