ဒီမိုကရေစီတပွဲ

by The Call
174 views

“ဒီမိုကရေစီတပွဲ”

◼️Brian Rain

“ဒီနေ့ အစောကြီးနော်။ ကိုမြန်မာကြီး ဘာစားမလဲရှင့်”

“ဘာတွေရလဲ မကမ္ဘာ”

“ဒီမိုကရေစီတွေတော့ အများကြီးရှိတယ်ရှင့်”

“အတော်ပဲ ကျွန်တော်လည်း ဒါလေး ချဉ်ခြင်းတပ်နေတာ။ ချဗျ။ ဒီမိုကရေစီ တပွဲ”

“ဘာတွေ ထည့်မှာလဲ။ အစပ်ရှောင်မှာလား။ အစုံလား။ အို … ရှုပ်ပါတယ်ရှင်ရယ်။ ရှင်လိုချင်တာ ကိုယ်ဘာသာထည့်။ ကျွန်မစောင့်ကြည့်နေမယ်”

“မကမ္ဘာကြီး ကျုပ် စပ်တယ်ဗျ”

“ဪ … ရေယူသောက်လိုက်။ ကျွန်မကြည့်နေပါတယ်”

“မကမ္ဘာကြီး ကျုပ်ပါးစပ်က အငံလိုနေသေးတယ်”

“ဒါများ … ရှင်ရယ်။ ဟိုမှာ ဆားယူထည့်လေ။ ကျွန်မ ကြည့်နေပါတယ်”

“မကမ္ဘာကြီး အရသာက မပြည့်စုံဘူးနော် “

“အမလေး … ရှင်ရယ်။ ကျွန်မလည်း စိတ်မကောင်းဘူး။ လိုအပ်မယ်ထင်တာတွေ ဖြည့်ထည့်လိုက်နော်။ ရှင်လိုချင်တဲ့အရသာနဲ့ ရှင့်လျှာနဲ့ ဒီမှာရှိတဲ့ဟာတွေနဲ့ ညှိယူလေ။ အရသာကောင်းလာဖို့ မျှော်လင့်ပါတယ်။ ကျွန်မ ကြည့်နေတယ်နော် ရှင့်”

“ကျွန်တော့်ရင်ထဲ မီးတွေ ပူနေတယ် မကမ္ဘာ
အငံတွေများသွားလို့လားမသိ ခေါင်းထဲ တဒိန်းဒိန်း
ဗိုက်ထဲကလည်း တရစ်ရစ်နဲ့
အစပ်အဟပ်တွေ အဆင်မပြေလို့ဖြစ်မယ်
ကျွန်တော့ ချွေးတွေ ထွက်လွန်းနေပြီ
ကျွန်တော့်အားတွေ ပြတ်ကျကုန်ပြီ မကမ္ဘာ”

“ဪ … ရှင်ရယ်။ ကျွန်မ ရှင်နဲ့အတူ ရှိနေပါတယ်။ ရှင့်ခန္ဓာထဲက ဇီ၀ကမ္မဆိုင်ရာတွေ အချင်းချင်းညှိလိုက်ကြလေ။ ကျွန်မစောင့်ကြည့်နေပါတယ်။ ချွေးတွေအတွက်၊ အားတွေအတွက် တကယ်စိတ်မကောင်းပါဘူး။ ကျွန်မ ရှင်နဲ့အတူ ရှိနေတယ်နော်”

“ကဲ … တော်ပါပြီဗျ။ ကျွန်တော်ရှင်းမယ်။ ဘယ်လောက်ကျလဲ”

“ကိုမြန်မာရယ်။ ဒီမိုကရေစီတပွဲပဲဟာ။ အသက်ပဲ ပေးရမှာလေ။ အသက်ပဲပေး၊ အသက်သီးသန့် အသက်ကွက်တိနော်။ ဒီမိုကရေစီတပွဲအတွက် ပြန်အမ်းစရာ အသက်မရှိဘူး ရှင့်”။ ။

စာပြီးချိန်
၁၂/၁၀/၂၀၂၂
နံနက် ၆:၃၅

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment