
‘ဒီရာသီ ဒီကာလမှာ နမ်းခွင့်မရတဲ့ ပန်းပွင့်ကလေးတွေ’

(၁)
ရွံ့နွံတွေထဲ ကျွံနစ်နေတော့ ရုန်းထွက်တယ်။ မိုးစက်တွေ များပြားလာတော့ ဆံပင်တွေ ရေစိုတယ်။ ဒီ နေတလုံးကပဲ မနေ့ကနေ့ထက် ပိုပူတော့ ချွေးပိုထွက်တယ်။ ရာသီဥတုကို စိတ်မကောင်းဖြစ်မိချိန် အဝါရောင်ပန်းကလေးကို တွေ့တော့တာပဲ။
အသက်ရှူကြပ်နေတဲ့ ညနက်နက်တွေမှာ “ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုး ဒီလေ ဒီမေ ဒီလိုးတွေနဲ့ ဒီဘဝ ဒီမျှပေါ့ကွာ” ဆိုတဲ့စကားကို ပန်းပွင့်ကလေးများကို ပြောမပြဖြစ်ပါ။ ရေစီးသန်တဲ့ မြစ်၊ ချောင်းတွေကို လှေတချို့နဲ့ ဖြတ်ကူးချိန်တိုင်း ကာလတခုက အတိုင်းအတာအလွန်ထိ စိတ်လှုပ်ရှားပြီး ကြောက်လန့်ခဲ့ဖူးတယ်။ ရှင်သန်ရင်း သေဆုံးသွားမလား။ နစ်မြုပ်ပြီး သေဆုံးပျောက်ကွယ်သွားမလား။ ဆုံးရှုံးမှုတခုခု ပြန်လည်ရယူနိုင်ပါ့မလား။ ငါ ဒီကနေ့ ရေစီးသန်တဲ့ချောင်းတခုကို ဖြတ်သန်းချိန်၊ စက်လှေပေါ်မှာတွေးမိတာက ငါ့စိတ်တွေ လေပေါ်မှာ လွင့်နေတာပဲ။ တမာရနံ့တွေက ပြင်းထန်တယ်လေ။
(၂)
နောက်တရက်ရဲ့ခရီးအစမှာ ကဗျာမိုးတွေ ရွာတယ်။ ကဗျာလမ်းကလေးတွေက တနေ့တခြား ပိုကြမ်းတမ်းလာတယ်။ ကဗျာဟာ သယံဇာတထွက်ရှိတဲ့ နေရာမဟုတ်တော့ ကဗျာအတွက် အခွန်မကောက်ကြသေးဘူး။ ။ ကဗျာနယ်မြေပိုင်းခြားထားပြီလား။ ကုန်ကားပေါ်က ကဗျာပစ္စည်းတွေကို ပိဿာချိန်နဲ့ တောင်းယူပြီလား။ မိုင်တရာလောက် ကဗျာတွေသယ်လာရလို့ လမ်းတွေ ပိုပျက်သွားလား။ ကဗျာက ငွေမဟုတ်တော့ ကဗျာကိုဂရုမစိုက်ကြဘူး။ အဆင့်ဆင့်သော ကဗျာမိုင်းတွေ ဖြုတ်ပေးကြရဲ့လား။ ညီညွတ်ရေးကဗျာတွေ မရွတ်ဆိုခင် ကဗျာအချင်းချင်း ချစ်ခင်ကြရဲ့လား။
ဝေဖန်ရေးဆရာတွေကပြောပါတယ်။ ကဗျာတပ်ပေါင်းစုတွေ ဘာလို့ သဘောထားမကြီးကြသလဲတဲ့။ သဘောတရားမပါတဲ့ ကဗျာတွေကို သဘောထားထုတ်ပြန်ချက်ရယ် ငွေတွေရယ်နဲ့ ဝယ်ယူနေကြတယ်။ ဘဝတွေက ကဗျာဆန်ပေမယ့် ကဗျာတွေရဲ့ဘဝက လူထုနဲ့ဝေးကွာနေတာပဲ။ “ကဗျာဆရာတွေက ဂရမ်မာကို ဂရုစိုက်သလား”လို့ လွန်ခဲ့တဲ့ငါးနှစ်က မေးခဲ့ဖူးတယ်။ အခုတော့ ကဗျာတွေက မာနတရားတွေကို ဂရုစိုက်နေကြတယ်။ ကိုယ့်အားကိုယ်ကိုးရမယ့်အစား ကဗျာအားကိုးနဲ့ ကဗျာတွေကို အနိုင်ကျင့်ကြတယ်။ ကဗျာကို ကဗျာနဲ့စည်းရုံးရလွယ်ကူတော့ ကဗျာမရှိတဲ့သူက ကဗျာရှိတဲ့သူအောက် ရောက်ရှိသွားတယ်။ ကဗျာတွေပိုင်ဆိုင်ဖို့ကြိုးစားရင်း သူပိုင်ဆိုင်သမျှက ကဗျာတွေမဟုတ်တော့မှန်းသိလာကြတယ်။
တချို့ ကဗျာတွေ ဘဝပျက်သွားတယ်။ တချို့ကဗျာတွေ ချမ်းသာလာတယ်။ ကဗျာတွေတူပေမယ့် ဆန့်ကျင်ဘက် ပန်းတွေ ပွင့်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံချွေးရနံ့တွေအနားမှာပဲ ကဗျာရေးချင်တယ်။
(၃)
အချစ်ဆိုတာကို အဓိပ္ပာယ်တွေဖွင့်ဆိုနေရမယ့်အရွယ်မှာ ဘယ်နေရာမှာ စစ်တိုက်လို့ ရမလဲလို့ တွေးနေကြရတယ်။ ဒီကာလရဲ့ရင်ခုန်သံဟာ ရန်သူနဲ့မတွေ့ခင်အချိန်ပဲ။ အတူတူဆိုတဲ့စကားလုံးဟာ ခွဲခွာရမယ့်ခံစားချက်ကို အစပျိုးတယ်။ အိပ်ပျက်ညတွေများလာတာမို့ အိပ်မက်ထဲကလိုလူတွေနဲ့တော့ မတွေ့ချင်ဘူး။ ဘာမှမသိထားတာကောင်းတယ်။ တခုခုသိထားရင် တခုခုထက် ပိုခံစားရမယ်။ အလုံးစုံသိထားရင်တော့ စစ်ဆိုတာနဲ့ ပိုရင်းနှီးလာမှာပဲ။ နောက်ဆုတ်မလား၊ ရှေ့ဆက်တိုးမလား ဆုံးဖြတ်ရတာ ခက်ခဲပါတယ်။ အချစ်အတွက်ဆိုရင် ချောင်ကလေးတခုမှာပဲ အခြေနေတွေကို ထိုင်သုံးသပ်နေလိုက်တယ်။ ချောင်းကလေးတခုမှာ ဆုံးဖြတ်ချက်တခုခုချလိုက်ရင်တော့ ဆုံးရှုံးမှုတခု ရှိလာမှာပါပဲ။ ကိုယ်ဟာ မိုးရွာနေလည်း လမ်းလျှောက်နေချင်သူတယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တွေ့ရှိခဲ့ရတယ်။
(၄)
အချစ်နဲ့စစ်ဟာ အိပ်မက်တွေ၊ မိုးစက်တွေ၊ တမာရနံ့တွေ၊ ပန်းပွင့်ကလေးတွေလို ကဗျာဆန်လှပါတယ်။ ဘာလို့ဝေးလဲ ဘယ်လိုဝေးမလဲ တွေးရင်းတွေးရင်း အဝေးကိုထွက်သွားခဲ့ပါတယ်။ ကျနော်တို့ ဘယ်အဝေးကြီးဆီကိုမှ မရောက်ရှိသေးပါဘူး။
ဒါပေမယ့် အတူမရှိကြတော့ဘူး။
-ဇူလိုင် (၁၅/၁၆) ၂၀၂၅
.
Be the first to comment