
“ဒုက္ခသည်အိပ်မက်”

စေတီပုထိုးတွေပေါများတဲ့နိုင်ငံ၊ စေတီအသစ်အသစ်တွေကော၊ သမိုင်းနောက်ခံ ခိုင်ခိုင်လုံလုံနဲ့ နိုင်ငံ့ဂုဏ်ကို ဆောင် စေတဲ့ စေတီကြီးတွေကော)။ ဒါ့အပြင် နှလုံးသားလှပစေပြီး နူးညံ့သိမ်မွေ့တဲ့ ငြိမ်းချမ်းခြင်းအစစ်အမှန်ကို ရှာဖွေလို့ရနိူင်မည့် တရားဓမ္မတွေ ပေါများကြွယ်ဝတဲ့နိုင်ငံ … ဒါတောင်မှ နှလုံးသားမှာ ဘုရားတည်ဖို့ထက်၊ အသိဉာဏ်နဲ့ နှလုံးသားမှာ တရားဓမ္မရှိဖို့ထက်၊ လူမြင်ကောင်းအောင် အထင်ကရဖြစ်စေမည့် နေရာမျိုးတွေ၊ မြေနေရာအကျယ်အဝန်းတခုခုမှာ ဘုရားတည်ချင်တဲ့ ပုဂ္ဂိုလ်တွေ ပေါတဲ့နိုင်ငံ။
ဒါ့အပြင် ဒုက္ခသည်တွေ တဖွားဖွား ပေါ်ပေါက်လာတဲ့နိုင်ငံ… (ရေဘေးဒုက္ခသည်၊ စစ်ဘေးဒုက္ခသည်၊ မီးဘေးဒုက္ခသည်၊ စားဝတ်နေရေးအတွက် မဖူလုံကြတဲ့ ဒုက္ခသည်၊ “ဝတ်ရေးဒုက္ခ၊ စားရေးဒုက္ခ၊ လုံခြုံမှုရှိမယ့်နေရာလေး ရှာဖွေနေရတဲ့ဒုက္ခ။” တချို့လူငယ်လေးတွေအတွက် ကိုက်ညီမည့်အလုပ် လုပ်ချင်ပါလျက် အလုပ်မရသည့်ဒုက္ခ၊ “အလုပ်လက်မဲ့ဘေး ဒုက္ခသည်၊” စစ်ပြေးဒုက္ခသည်၊ ခဏတာ စစ်ဘေးရှောင်ကြရတဲ့ စစ်ရှောင်ဒုက္ခသည်၊ တကယ်မငတ်သေးပေမယ့် ငတ်လာမှာကို တွေးပြီး စိတ်ပူနေကြတဲ့ ဒုက္ခသည် အချို့…)
ဒီလိုအချိန်မျိုးမှာတောင် အချင်းချင်း သွေးနီးရမည့်အစား သွေးကွဲနေကြတဲ့ ပြည်သူအချို့။
ငယ်ငယ်က ကျနော့်ပတ်ဝန်းကျင်မှာရှိတဲ့ လူကြီးတွေ ပြောတဲ့စကားကို သတိရမိတယ်။ မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့မသာ မရှိဘူးတဲ့။ အခုတော့ မသေသေးပေမယ့် အနပ်မမှန်တော့တဲ့ ပြည်သူပြည်သားတွေ ရှိလာပြီ။ ဆင်းရဲမွဲတေခြင်းဟာ အပေါင်းသင်းလို တံခါးမရှိဓားမရှိ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူပြည်သားအပေါင်း အခြေခံစားသောက်ကြတဲ့ ပုံမှန်စားသောက်ကြတဲ့ အဓိကဖြစ်တဲ့ အစားအစာတွေကိုတောင် ပုံမှန် မစားသောက်နိုင်ကြတော့ဘူး … အပြစ်ရှာမယ် အပြစ်တင်မယ်ဆို …
ဒါဟာ ဘယ်သူ့ကိုတင်ရမလဲ၊ ဘယ်သူ့ကြောင့်လဲ …
ကိုယ်ဝမ်းကိုယ်တောင် နပ်မှန်အောင် ရှာဖွေစားသောက်နိုင်ရေး ခက်ခဲလာတဲ့အခါ ဘယ် သာသနာပြုမင်းကိုမှ မတောင့်တမိတော့ပါဘူး … ကိုယ့်ဝမ်းမီးကိုယ်တောင် ကိုယ်ငြိမ်းဖို့ ခက်ခဲလာတော့ တခြားသူရဲ့ ဝမ်းရေးခက်ခဲမှုကို ကူညီဖြေရှင်းနိုင်ဖို့ သဒ္ဓါအားလည်း ညှိုးငယ် နွမ်းလျသွားနိုင်တာပဲ။
ဘေးဒုက္ခတွေနဲ့ပတ်သက်လို့ ဆရာတော်ဘုရားကြီးတွေ၊ ရဟန်းသံဃာတော်တွေရဲ့ ဟောပြောပြသခဲ့ဖူးတဲ့ တရားဓမ္မတွေကို အနည်းငယ် နာကြားဖူးပါတယ်။ သဘာဝဘေးတွေ၊ မင်းဆိုးမင်းညစ်ဘေးတွေ ဆိုတာမျိုးပေါ့။
အခုတော့ဘယ်ဘေးတွေနဲ့ ကြုံနေရပြီလဲ … ကျနော်တွေးရင်း ချရေးမိတာက …
ဒုက္ခသည်အိပ်မက် …
သက္ကရာဇ် ဘယ်လောက်ကို ကျနော် ဖြတ်သန်းနေမိသလဲဆိုတာ ကျနော်မသိတော့ပါ။
ကျနော့်လက်ကြားက မှိုတက်နေတဲ့ ဆေးလိပ်တိုတွေဟာ တလိပ်ပြီးတလိပ် စွန့်ခွာထွက်ပြေးနေရဲ့။ ပြည်တွင်းထုတ် သနပ်ဖက် ဆေးလိပ်တွေကအစ မကြားဖူးသည့် ဆေးလိပ်စျေးတွေရောက်ကုန်တော့ …
တဘူး၊ “တထောင် နှစ်ထောင်” စျေးပေါပေါနဲ့ရတဲ့ အရောင်စုံအသွေးစုံ မှိုအဖုံဖုံပါတဲ့ တရုတ်ထုတ် စီးကရက်တွေကို ကျနော့်ရင်ထဲရောက်သည်အထိ ရှိုက်ဖွာလို့ …
မြန်မာပြည်မှာ အသက်ရှင်နေထိုင်ရခြင်းက အခြေခံလူတန်းစားတွေအဖို့ “ဒုက္ခ” ဆိုတဲ့ဝေါဟာရထက် လေးလေးပင်ပင် ပိုသာနေသလိုမျိုး။
တနေ့ သတ္တဝါအားလုံး သေဆုံးခြင်းဆိုတဲ့ သံသရာခရီးတထောက်နဲ့ ကြုံတွေ့ကြရမယ် ဆိုပေမည့် … မသေခင်လေးတော့ ပြည်တွင်းထုတ်ကုန် ကောင်းကောင်းလေးတွေမှီဝဲရင်း …
ဘက်စုံကရမည့် ပွင့်လင်းမြင်သာမှုဆိုတာနဲ့အတူ …
“စစ်မှန်ခြင်း၊ ပေါများကြွယ်ဝခြင်း (ပြည်ထောင်စု)”
တွေနဲ့ ပျော်ရွှင်ရင်း …
အခုလောလောဆယ် ပါးချုပ်တပ်ခံထားရတဲ့ ဘဝတွေကနေ လွတ်မြောက်ချင်ပါသေးရဲ့ …
16.9.2024
Be the first to comment