2
ညီလင်းအိမ်
“ဒုတိယလူများ”
ဒီလိုကြီး ခေါင်းစဉ်တပ်လိုက်လို့ အာဆင်နယ် အသင်းကို ဖဲ့ဖို့တော့ မထင်လိုက်ပါနဲ့။ ကျနော်က လက်တွေ့ဘဝထဲက လူတွေအကြောင်းကို ပြန်ရိုက်တဲ့ ရုပ်ရှင်တွေအကြောင်းကို ဖောက်သည်ချဖို့ပါ။ ဒါပေတဲ့လည်း ဒုတိယ ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ နည်းနည်းလောက် ဋီကာဖွင့်ဖို့ လိုမယ်ထင်ပါတယ်။ လူတဦးချင်းစီတိုင်းရဲ့ ဘဝလိုလိုမှာ ဘယ်သူမှတော့ ဒုတိယ အနေအထား၊ သူများနောက်လိုက်၊ တဖက်က ပြောသမျှ ခေါင်းငုံ့ခံရတာမျိုး ဘယ်သူမှ ဖြစ်ချင်ကြမယ် မထင်ပါဘူး။ ဒါကြောင့်လည်း သူများအထက်ကနေ နေချင်ရင် ပညာတွေ တတ်အောင်သင်ကြ၊ ပိုက်ဆံချမ်းသာအောင် ရှာ၊ ဒါမှ အထက်က ရောက်တာ စလို့နဲ့ အောင်မြင်ချမ်းသာရေး တက်ကျမ်းတွေနဲ့ မိုတီဗေးရှင်းစပီကာတွေ ကျနော်တို့ပြည်မှာ အလွန်အမင်း ပေါများနေခြင်းကို ကြည့်ခြင်းအားဖြင့် ကျနော်တို့တိုင်းပြည်မှာ ဒုတိယလူတွေ များနေကြတာ မိမိကိုယ်ကို ဒုတိယလူတွေ အဖြစ်ပဲ အထင်ရောက်နေကြတာကို သိနိုင်တယ်။ လူငယ်ဘဝမှာတော့ အချစ်နဲ့ပတ်သက်ပြီး ဒုတိယလူ ဖြစ်ရခြင်းက အင်မတန်မှ နာကျင်ရတဲ့ ဒုက္ခပေါ့။ ကိုယ်ချစ်ရတဲ့သူက အခြားတယောက်နဲ့ ဖြစ်နေပြီး ရှင့်ကို မရွေးချယ်နိုင်ပါဘူးဆိုတဲ့ ဖြစ်အင်က ဘယ်လောက်ဆိုးဝါးလွန်းလှတဲ့ ရက်စက်မှုပါလဲ။ ဘောလုံးအားကစားကို ဝါသနာပါတော့ စိတ်ကူးယဉ်မိတိုင်း မက်ဆီ၊ ဒိုလေးလိုတော့ ဖြစ်ချင်တာပဲလေ။ ဒါပေမဲ့ စစ်ပွဲကာလထဲမှာပဲ မိုင်းထိပြီး ခြေထောက်ဖြတ်လိုက်ရတော့ မဖြစ်တော့ဘူးကွာ ဟား ဆိုပြီး ခြေတုတဖက်တပ်ထားတဲ့ သူက သူ့ဘဝသူ ရယ်စရာလိုပြောပေမဲ့ သူ့နှလုံးသားထဲမှာတော့ ဘယ်လောက်နာကျင်နေရမလဲ။ ဒီအခါမှာ ကျနော်တို့ လူ့ဘဝကြီးထဲက လူအများစုကလည်း ထင်သလို မဖြစ်ခဲ့ရတဲ့ ဘဝကနေ ခဏတာ ပျောက်ကွယ်ချင်ကြတဲ့အခါ ကိုယ်မရနိုင်တဲ့ ဘဝအတုတွေ၊ ဇာတ်လမ်းအတုတွေ၊ ရုပ်ရှင်အတုတွေ အကြားမှာပဲ ခဏဝင်စားချင်ကြတယ်။ အားကျရင်း မေ့ဖျောက်ချင်ကြတယ်။ ဒါ့ကြောင့်လည်း ဟောလိဝုဒ်က Biography အခြေခံ ရုပ်ရှင်အများစုကို ကြည့်ရတိုင်း ဘဝထဲမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပဲ အောင်မြင်ကျော်ကြားကြတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေကိုသာ အခြေခံ ရိုက်ကူးကြတာ များတယ်။ မအောင်မြင်တဲ့သူ၊ ကျရှုံးမှု ဗလပွတွေနဲ့ လူတွေအကြောင်းတော့ တွေ့ရသလောက် အင်မတန် နည်းတာကို တွေ့နိုင်တယ်။
သို့ပေမဲ့လည်း ကျနော်က ဒီလူနှစ်ယောက် အကြောင်းကို ရုပ်ရှင်ဇာတ်လမ်းအဖြစ် ပြန်ကြည့်ရတော့ အင်မတန်မှ အံ့ဩရပါတယ်။ ဟောလိဝုဒ်လို နယ်ပယ်မှာ ဒီလိုလူတွေလည်း ရှိခဲ့ကြတာပါလားပေါ့။ ဆိုရရင် ခုလို လူတွေအကြောင်းကို Tim Burtonတို့ ဂျိမ်းစ်ဖရန်ကိုတို့က ပြန်ရိုက်ပြတာတင် အံ့အားသင့်စရာပဲလေ။ စီးပွားရေးအရ ပြန်တွက်ရင် ပရိသတ်ဆိုတာမျိုးက ခုလို ဘာတခုမှ မအောင်မြင်ဘဲ အပြောအဆို အလှောင်အပြောင်သာခံရင်း ဘဝကို ပြီးဆုံးသွားတဲ့ လူတွေအကြောင်းကို တခုတ်တရ ပြန်ကြည့်ဖို့ စိတ်အာလျ နည်းပါးကြပါတယ်။ အထက်ကဆိုခဲ့သလို မိမိတို့က တဖန်သူတို့ဘဝအတုထဲကို First Person များအဖြစ် ဝင်စားလိုက်ချင်တာ ယင်းသို့မဟုတ်ရင် အတုယူအားကျရတာမျိုးကို သဘောတွေ့ကြတော့ ခုလို လူတွေအကြောင်းကို ရိုက်ပြခြင်းဟာ စီးပွားရေးဘက်ကကြည့်ရင် ရှုံးဖို့ရာသာ များတယ်။ ခက်တာက ကျနော်တို့ကျတော့လည်း မိမိတို့ဘဝနဲ့ ဆင်တူတဲ့သူတွေ၊ တကယ့်သောက်တလွဲ ဖြစ်နေကြတဲ့ လူတွေ အကြောင်းကိုပဲ အသက်ကြီးလာလေ ပိုမိုသိချင် ဝင်စားချင်လာတာမျိုး ဖြစ်နေတာ။
ပထမဆုံး စပြီး ဖောက်သည် ချချင်တာက Ed Wood ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင်ခေတ် အလယ်ပိုင်းနားဆီက ဒါရိုက်တာ တယောက်အကြောင်း။ သူက ဟောလိဝုဒ်မှာ မတူခြားနားတဲ့ ဘွဲ့ထူးတရပ်ကို ရရှိထားတယ်။ ဘာလဲဆိုတော့ အဆိုးဆုံး ဒါရိုက်တာ တဲ့။ ဇာချဲ့ပြောရရင် ဟောလိဝုဒ်က ဒါရိုက်တာတွေထဲမှာ ဖန်တီးပုံဖော်မှု အညံ့ဖျင်းဆုံးသူလို့ ကင်းပွန်းတပ်ခံရတာ ဖြစ်တယ်။ နောက် သူ့ရုပ်ရှင်လက်ရာတွေနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ဂုဏ်ထူးတခုကလည်း “So bad it’s good” ပါတဲ့။ ဆိုးတာကိုက ကောင်းနေတာ လို့ မြန်မာလိုပြောရမယ် ထင်ပါတယ်။
Ed Wood ရည်မှန်းချက်ကလည်း ဒါရိုက်တာ မဖြစ်ခင်ဘဝက အားကျမှုတွေက ကျနော်တို့တွေလိုပါပဲ။ စာရေးဆရာကြီး မြသန်းတင့်လို ဖြစ်ချင်တယ်။ သူလို အမျိုးသားစာပေဆုတွေ ရချင်တယ်ပေါ့။ သူ့အတွက်ကလည်း စံနမူနာထားတာက Citizen Kane ရုပ်ရှင် ရိုက်ကူးတဲ့ ဒါရိုက်တာ Orson Welles။ သူ့အနေနဲ့ ရုပ်ရှင်လောကထဲကို ဝင်ရောက်တဲ့အခါမှာ သူလိုပဲ အောင်မြင်ကျော်ကြားသူ ဖြစ်ရမယ်လို့ ရည်သန်တယ်။ ဒီလိုနဲ့ စပြီး ရုပ်ရှင်တွေ ရိုက်ကြည့်တော့ ပွဲဦးထွက် လက်ရာမှာတင် ပရိုဂျူဆာက နောက်တခါ မင်းကို ထပ်တွေ့ရင် အသ_တ်ပဲ ဆိုပြီး ချီးကျူးခံလိုက်ရတယ်။ ဆရာသမား Ed Wood ကတော့ ဇွဲမလျှော့ဘူး။ ဘတ်ဂျက်တွေ ရအောင်ရှာပြီး သူ့အနုပညာစွမ်းကို ဆက်ပြီး ဖန်တီးမယ်ပေါ့။ မိန်းမဆီကနေ ပိုက်ဆံချေး၊ ဟိုကဆွဲ၊ ဒီက ငွေရှာနဲ့ ဆက်ရိုက်တယ်။ ဘတ်ဂျက်မရှိတဲ့အတွက် တချို့ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရာမှာ စတူဒီယို ငှားရမ်းခ မပေးနိုင်တာမို့ စတူဒီယိုတွေတချို့ကို ပိုင်ရှင်မသိအောင် ထွင်းဖောက်ပြီး ခိုးရိုက်ကြတယ်။ သူကတော့ သူ့လက်ရာတွေက ဟောလိဝုဒ် သမိုင်းအတွက် မှတ်တမ်းသစ်ဖြစ်လာစေမယ်လို့ အခိုင်အမာ ယုံကြည်တယ်။ ချာလီချက်ပလင်တို့ခေတ်ကလည်း ဒီလိုအခက်အခဲမျိုးတွေကနေ ကမ္ဘာကျော်လက်ရာတွေ ထွက်လာရတာပဲဆိုပဲ စံနမူနာလိုမျိုးပေါ့။
အဲဒီလို ကြိုးစားပမ်းစား ရိုက်ကူးပြီးတဲ့နောက် ထွက်လာတဲ့ Bride of the Monster ( 1955 ) ရုပ်ရှင်လက်ရာဟာ ရုံမှာ အစမ်းပြနေတုန်းမှာတင် ငါတို့ဆီက လက်မှတ်ဖိုးတွေ လိမ်ယူရလား ဆိုပြီး ရုံထဲမှာတင် ပွဲကြည့်ပရိသတ်တွေက ပေါက်ပေါက်ဆုပ်တွေ၊ အမှိုက်တွေနဲ့ သူတို့ ရုပ်ရှင် Crews ကို ပစ်ပေါက်ကြလို့ ရုံထဲကနေ ထွက်ပြေးကြရတယ်။ တကယ်ဆို ဒီရုပ်ရှင်က ဆရာသမား Ed Wood အတွက် သူ့ဘဝတလျှောက် ဘတ်ဂျက်အများဆုံး ရုပ်ရှင်လေ။ ဒေါ်လာ ခုနစ်သောင်းလောက်အထိ ခက်ခက်ခဲခဲနဲ့ ဟိုကဆွဲ ဒီကဆွဲ ရိုက်ထားရတာ။
နောက်တော့ ဒီရုပ်ရှင်တွေကြောင့်တင် ဆရာသမားမှာ ဇနီးဖြစ်သူက စွန့်ခွာသွားတယ်။ သူကတော့ ဇွဲမလျှော့။ နောက်လက်ရာတွေမှာ ပရိတ်သတ်တွေ လက်ခံမှာပဲ ဆိုပြီး သူလိုပဲ အထည်ကြီးပျက်တွေ ဖြစ်နေရှာတဲ့ သရုပ်ဆောင်တွေကို လိုက်ရှာငှားရမ်းပြီး မော်ဒန် Sci-fi Horror ရုပ်ရှင်ကားကြီးအဖြစ် 1957 ခုနှစ်မှာပဲ ထပ်မံပြီးတော့ Plan 9 From Outer Space ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်ခဲ့တယ်။ Ed Wood အနေနဲ့ ခုရုပ်ရှင် ဇာတ်ကြောင်းက UFO တွေ ဂြိုဟ်သားတွေနဲ့အတူ လူ့ပြည်က သေပြီးသား လူတွေကို အသက်သွင်းပြီး ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြိုးစားကြတာ စလို့ ခေတ်ရှေ့ပြေး ဆန်းသစ်တယ်လို့ မှတ်ယူခဲ့သော်လည်း ထုံးစံအတိုင်း သူ့ရုပ်ရှင်က ဘတ်ဂျက် မရှိတာ၊ စတူဒီယို ကို့ရို့ကားယားတွေ နဲ့ ရိုက်ရတာ၊ နောက်တခုက သူ့ရဲ ပင်တိုင်စံ ဒရယ်ကူလာ မင်းသားကြီး Bela Lugosi က ရိုက်နေရင်း ကွယ်လွန်သွားလို့ လူစားထိုးရမှာ အထူးပြုလုပ်ချက် မလုပ်နိုင်လို့ မျက်နှာကို လက်နဲ့ ကွယ်ခိုင်းပြီး သရုပ်ဆောင်ခိုင်းရတာ။ ပြီးတော့ သရုပ်ဆောင်ပုံတွေကလည်း ရှေးခေတ်က အသံတိတ်ပြဇာတ်ပုံကြီး ပေါက်တာ စတာတွေကနေ ဟောလိဝုဒ်ရဲ့ အဆိုးဝါးဆုံး ရုပ်ရှင်အဖြစ် ဂုဏ်ပြုခံရတယ်။
ဆိုတော့ ခင်ဗျားတို့ ကျနော်တို့အနေနဲ့ရော ကိုယ်ဖန်တီးသမျှကို ခုလိုကြီး ပြောဆို လှောင်ပြောင်ခံရရင် ဘယ်လိုစိတ်နဲ့များ ဆက်လက် ရပ်တည်နိုင်မှာပါလဲ။ Ed Wood ကတော့ သူလုပ်ချင်ရာသူ ဆက်လုပ်တာပါပဲ။ ဆက်ပြီးလည်း အဲဒီလို ရုပ်ရှင်တွေကို ကွယ်လွန်ခဲ့ချိန်အထိ ရိုက်ကူးသွားခဲ့ပါတယ်။ ဒါရိုက်တာ Tim Burton က သူ့အကြောင်းကို ပြန်ရိုက်ပြတော့ Ed Wood ရဲ့ ဘဝသရုပ်ဟာ ခုလို သောက်တလွဲဖြစ်ရတာတွေကြောင့် ရယ်မောဖွယ်ကောင်းလှပေမဲ့ သူက စိတ်နေသဘောထား ရည်မွန်ပြီး ချစ်စရာကောင်းလှတဲ့ လူတယောက်အဖြစ် မြင်ရပါတယ်။ သူ့ရဲ့ ဘဝနေနည်းနဲ့ ပတ်သက်ပြီးလည်း ဘယ်သူတွေ ဘယ်လိုထင်ထင် အဲဒီခေတ်မှာတင် လွတ်လပ်စွာ ရှင်သန်သကဲ့သို့ လိင်မှုအရ တကိုယ်ရည်နေထိုင်မှုဆိုင်ရာကိုလည်း ရုပ်ရှင်တွေထဲအထိ ဖော်ထုတ်ပြဆိုဖို့ရာ ကြိုးပမ်းသူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ Ed Wood ခမျာမှာ သူ့ရုပ်ရှင် ဖြစ်မြောက်ဖို့ရာအတွက်ဆိုရင် လူကြားသူကြားထဲလည်း ဘယ်သူ့ကိုမဆို ဒူးထောက်ခယဖို့ ဝန်လေးရှာသူ မဟုတ်ဘူး။ ဒါကြောင့်လည်း သူနဲ့အတူ ပါဝင်ကြတဲ့ အဖွဲ့တော်သားတွေက Ed Wood လုပ်ချင်သမျှကို စိတ်တူကိုယ်တူ ပါဝင်ကြတာကို မြင်ရတယ်။ Ed Wood က သူ့ရုပ်ရှင်ထဲမှာပါဝင်ပေးတဲ့ ခေတ်ဟောင်း Dracula မင်းသားအဖိုးကြီးကို ဆိုလည်း ဖခင်ရင်းချာလို ဖေးမစောင့်ရှောက်တတ်ပါသေးတယ်။ ဒါရိုက်တာ Tim Burton ကတော့ အဲဒီအဖိုးကြီးရဲ့ ဘဝသရုပ်နဲ့ မှိန်ဖျော့နေတဲ့ ဇရာနှောင်းရိပ်ကို အလေးပေး ပြသထားခဲ့ပြီး ယင်း ဇာတ်ရုပ်မှာဝင်စားပေးနိုင်ခဲ့တဲ့ မင်းသားကြီး Martin Landau ကလည်း ဒီရုပ်ရှင်ကနေပဲ ဇာတ်ပို့ အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Tim Burton က သူတို့ရဲ့ ဘဝဖြစ်ရပ်တွေကို မြင်ရသူတွေ လှောင်ပြောင်ဟားတိုက်ဖို့ အထင်သေး နှိမ့်ချဖို့ သဘောမဟုတ်ဘဲ သူရို့အတွက် ဒီအတိုင်းအတာထိလောက်ပဲ ဖန်တီးနိုင်ခွင့်ရတဲ့ အခြေအနေမျိုးမှာ ဖြစ်ရသမျှကို အကောင်းမြင်ကြပြီး လက်ခံကြပြီးတော့သာ ခရီးဆက်ကြရတဲ့ သဘောကို ဖော်ထုတ်ပြတာမျိုးရယ်ပါ။
ပေါ်လွင်အောင် ခိုင်းနှိုင်းရမယ်ဆို ကျနော်တို့ဆီမှာ အရင်ခေတ်တုန်းက နယ်ကြိုက်ကားဆိုပြီး ရိုက်ကြရတဲ့ ဗီဒီယိုမင်းသားတွေလိုပေါ့။ သူတို့ရိုက်ကူးကြရတာက ဂျပန်တွေကို တော်လှန်ဖို့၊ မင်းသမီးကို လူဆိုးတွေလက်ကနေ ကယ်တင်ပြီးတော့ ဖိုက်တင်ချပေးဖို့။ သူတို့ရင်ထဲမှာလည်း ပိတ်ကားဖြူကြီးပေါ်မှာ ပါဝင်ချင်တဲ့ အိပ်မက် ရှိကြမှာပဲ။ ဒါပေမဲ့လည်း ဖြစ်မလာတော့တဲ့အခါ ရရတဲ့ ဘဝမှာပဲ ကျေနပ်စွာလက်ခံပြီး ဘဝကို ကျော်လွန်ကြရတာမျိုး မဟုတ်လား။ ထိုနည်းတူ Ed Wood မှာလည်း ချစ်ရသူက စွန့်ခွာ စွန့်ခွာ။ ဘယ်သူတွေ ဘယ်လောက်ကဲ့ရဲ့ ကဲ့ရဲ့ ဟားတိုက် ဟားတိုက် သူလုပ်ချင်တဲ့ အာသီသကို ဖြစ်အောင် လုပ်ခဲ့တယ်။ ပေါ့ပါးချိုရွှင်တဲ့ မျက်နှာကလေးနဲ့ပဲ ဆက်ဆံအောက်ကျို့ပြီး အရာရာ ရင်ဆိုင်နေတာ ကို မြင်ခဲ့ရပါတယ်။ ဘဝမှာ အော်စကာဆုရတဲ့ အခိုက်အတန့် ကြောင်းပဲ ဖြစ်ဖြစ် ၊ အပြာကားတွေကို ဆုပေးတဲ့ ရုပ်တုကို ရခဲ့တာပဲ ဖြစ်ဖြစ် ၊ အာဖရိကမှာ ခြင်္သေ့ကြီးတွေနဲ့ ယှဉ်ပြိုင် သတ်ပုတ်ခဲ့လို့ ရခဲ့ရတဲ့ အမာရွတ်ကို ပြန်ပြောင်းပြသတာဖြစ်ဖြစ်၊ ရပ်ကွက်ထဲက ထဘီသူခိုးကို ဝင်ဖမ်းပေးရင်းနဲ့ အမာရွတ်ရခဲ့တာဖြစ်ဖြစ် ကျေနပ်ခြင်း မကျေနပ်ခြင်း ပီတိဖြစ်ရခြင်း မဖြစ်ရခြင်း ဂုဏ်ယူတသမှု ပြုခြင်းမပြုခြင်းက မိမိကိုယ်ကို အကောင်းမြင်တတ်မှု ရှိမရှိနဲ့သာ သက်ဆိုင်ရတာ မဟုတ်ပါလား။
ဒီလိုနဲ့ ဆရာသခင် Ed Wood ခေတ် ပြီးမြောက်ပြီးတဲ့နောက်မှာ ဟောလိဝုဒ်မှာပဲ Ed Wood လို လူတယောက် ထပ်ပေါ်လာမယ်လို့ ဘယ်သူ ထင်မိကြမှာတဲ့လဲ။ အံ့အားသင့်ဖွယ်ရာပဲ 2000 ခုနှစ်ကာလမှာ ထပ်မံ ပေါ်ထွန်းလာပြန်တယ်။ သူပေါ်ပေါက်လာပုံကျ Ed Wood လို မဟုတ်။ လာကတည်းက လျှို့ဝှက်သည်းဖို ဆန်တယ်။ သူ့ပုံစံကလည်း သူ့ရဲ့Lifestyle နဲ့အတူ ထပ်တူကျနေတယ်။ တိုမီလို့ပဲ ခေါ်တွင်ရမယ့် သူကျ ရုပ်ရှင်အနုပညာနဲ့ပတ်သက်ပြီး ယုံကြည်မှုက ခက်ထန်ထင်ရှားလွန်းလှတယ်။ 1980 ခေတ်များက ဟဲဗီးရော့ခ်ကာလိုလို ဖက်ရှင်နဲ့ သူက မြို့စားကြီး Dracula အသွင်ဆောင်နေပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ Dracula အစား အာတာလွတ် မြို့စားကြီးလို့သာ ခေါ်ချင်ပါတယ်။
သူက တကယ့်ငစား။ သူလိုပဲ ပုလင်းတူ ဘူးဆို့ ကောင် Greg နဲ့ သိကျွမ်းခင်မင်ပြီးတဲ့နောက်မှာ မင်းသား သရုပ်ဆောင် ဖြစ်ခွင့်ရဖို့ ရုပ်ရှင်ကုမ္ပဏီတွေဆီကို သွားကြပြီး Audition ဝင်ကြတယ်။ သောက်တလွဲကောင်တွေဖြစ်လို့ ဘယ်ကုမ္ပဏီမှ လက်မခံကြ။ နောက်တော့ ဆရာသမား တိုမီ ပျောက်သွားတယ်။ နှစ်နှစ်လောက်ကြာတော့ ဘွားခနဲ ပြန်ပေါ်လာတယ်။ ဘော်ဒါဘော်ကျွတ်ကောင် Greg ဆီကို ဇာတ်ညွှန်းထုပ်ကြီး ပိုက်ပြီး ရောက်ချလာတယ်။ ဟောလိဝုဒ်က ပရိုဂျူဆာတွေကို အာရုံနောက်တယ်။ ကိုယ့်ဘာသာပဲ ချမယ်ကွာတဲ့။ သူ့မှာ သန်းချီတဲ့ ဒေါ်လာထုပ်ကြီး ပိုက်လို့။ သကောင့်သား Greg ကတော့ နောက်နေတယ် ထင်တာပေါ့။ မဟုတ်။ တိုမီက တကယ် အမှန်အကန် ကြိတ်တာ။ ဂျိမ်းစ်ကင်မရွန်းထက်ပိုတဲ့ သူကိုယ်တိုင်ပဲ မင်းသား၊ ဒါရိုက်တာ၊ ပရိုဂျူဆာ။ ဘတ်ဂျက်ကလည်း လုံးဝ အကန့်အသတ် မရှိ။ Ed Wood တို့လို ဘယ်သူ့မှ ဖအေလိုက်ခေါ်စရာမလို။ 2003 မှာတင် The Room ကို ဒေါ်လာ 15 သန်း အကုန်ခံပြီး ရိုက်ပစ်တာ။
သူကတော့ The Room ကို ခေတ်ပြိုင် အချစ်အလွမ်းဝေဒနာတွေကို ပေးစွမ်းမယ့် ရုပ်ရှင်အဖြစ် အမှန်အကန် ဖန်တီး ရိုက်ကူးပစ်တာ ဖြစ်တယ်။ ဒီလိုနဲ့ အစမ်း ရုံတင်ပြတော့ Ed Wood တို့ ဗွေဆော်ဦးလက်ရာလို အမှိုက်တွေနဲ့ ဝိုင်းပေါက်တာတော့ မခံရဘူး။ ရယ်စရာတွေ ဖြစ်ကြရလွန်းလို့ တရုံလုံး ပွဲတွေကျပြီး ရယ်မောကြတယ်။ သူတို့မှာ ဟာသကားသွားကြည့်တောင် ဒီလောက် ရယ်ကြရမယ် မထင်ဘူး သဘောမျိုး။ ဂျိမ်းစ်ဖရန်ကိုကတော့ ဒီ တိုမီကြီးအကြောင်း ပြန်ရိုက်တဲ့ The Disaster Artist ရုပ်ရှင်မှာတော့ သူ့ရဲ့ စိတ်ထိခိုက်မှုကို ပြသပါတယ်။ Ed Wood တို့ဟာ လူတွေ လှောင်ပြောင်ရယ်မောနေကြပါစေ။ ဒါကို အောင်မြင်မှုလို့ပဲ သဘောထားလိုက်ကြပြီး အချစ်သစ်ကလေးနဲ့အတူ ကြည်နူးနေကြတဲ့ မျက်နှာတွေနဲ့ ရုပ်ရှင်ရုံကနေ ထွက်ခွာသွားကြတာကို ပြပေမဲ့ တိုမီကြီးကတော့ ခံပြင်းဝမ်းနည်းနေခဲ့တယ်။ သူက ခုရုပ်ရှင်ရိုက်တော့ သူ့ကိုယ်သူ ကူးဘရစ်ရှ်တို့ ဟစ်ခ်ျကော့ တို့လို မာန်တွေ၊ ယုံကြည်မှုတွေ အပြည့်နဲ့ ရိုက်ခဲ့တာလေ။ ဇာတ်ရုပ်မပီပြင်မှာ ကြောက်တယ်ဆိုပြီး ရှုတင်ထဲမှာ သရုပ်ဆောင်တွေကို ရေတောင် ပေးမသောက်ခိုင်းလို့ ပြဿနာတွေ တက်လိုတက်နဲ့။ အချစ်နဲ့ အိမ်ထောင်ရေး ဇာတ်ရှုပ် ဇာတ်လမ်းသွားကြီးကို စိတ်ရောကိုယ်ရောနှစ်ပြီး လုပ်ခဲ့တာ။
ဒါပေမဲ့ ပြန်ရလာတော့ ကျော်ဟိန်းကြီး အိုက်တင်ကောင်းလို့ လက်ခုပ်သံ ရတာမျိုး မဟုတ်ပါဘဲ လူရွှင်တော်ကျင်ဝှက်က ကျော်ဟိန်း အိုက်တင်လုပ်တာ ရယ်စရာဖြစ်နေလို့ ဝိုင်းရယ်မောကြတာမျိုး။ တိုမီကြီးမှာ ရုပ်ရှင်ရုံအဝမှာ ရပ်ပြီး မျက်ရည်တွေ ဝဲနေရှာသတဲ့။ သူအနေနဲ့လည်း သူ့ကမ္ဘာထဲမှာ ဒီအရာတွေက အခမ်းနားဆုံး လင်းလက်မှု တခုလို့ပဲ သတ်မှတ်မိခဲ့တဲ့ အရာမို့လို့လေ။ ကျနော်တို့လည်း သူ့နေရာမှာဆိုရင် ထပ်တူ နာကျင်ရမှာပါပဲ။ ကိုယ့်အနေနဲ့ နေ့မနား ညမနား ကြိုးစားပမ်းစားနဲ့ စာစီစာကုံး တပုဒ်ရေးလာခဲ့ပြီး အတန်းပိုင်ဆရာမကို ပြသမိချိန်မှာ ကနဦး စိတ်ကူးယဉ်မျှော်လင့်ထားမှုမှာတော့ ဆရာမရဲ့ ချီးကျူးစကား၊ တော် ဘာညာစလို့ အရာတွေ ရမယ် ထင်ခဲ့တာ။ စာအုပ်လည်း ပြန်ရလာရော ညံ့ ဆိုတဲ့ မှတ်ချက်ပဲ တွေ့ရလို့ နာကျင်ရသလို ခံစားမှုမျိုး ဖြစ်မှာပါပဲ။
ဒီအခါမှာ ကျနော်တို့ရဲ့ လုပ်နိုင်စွမ်း အကန့်အသတ်တွေ၊ ယင်းအကြောင်းအရာနဲ့ ထပ်တူကျ ဖန်တီးတတ်ဖို့ ရှိရင်းစွဲ သဏ္ဍာန် ဖြစ်တန်စွမ်း ကွာဟပုံတွေကို လက်ခံရင်းနဲ့ပဲ ကျေကျေနပ်နပ် လက်ခံဖို့သာ ရှိတော့ပြီး ရနိုင်သမျှ အာလျတွေနဲ့ပဲ ဘဝကို ဆက်သွားကြရရုံ ရှိပါတယ်။ အမျိုးသားစာပေဆုရ စာရေးဆရာကြီး ဖြစ်ဖို့ ရည်သန်ခဲ့သော်လည်း အခြေအနေ အကြောင်းကြောင်းကြောင့်တွေအရ စာပေသိုင်းသမားလေး ဝူရှိက ကျင်ရှိတို့ အဖွဲ့သား ငါးယောက်ကို ဘယ်သို့ဘယ်ပုံ လုပ်လိုက်တယ် မသိ။ ပက်လက်လှန် လဲကြကုန်သည် ဆိုတဲ့ သိုင်းသမား စာရေးဆရာဘဝနဲ့ပဲ ဖြတ်သန်းသွားရတဲ့ သောက်ကျိုးနည်း ဘဝပေးဖြစ်ရပ်လိုမျိုး ဆိုပါတော့။
အာတာလွတ်မြို့စားကြီး တိုမီကတော့ ဘယ်သူတွေ ဘယ်လို ဝိုင်းလှောင်လှောင် အရင်က သူလို ဆရာသမား Ed Wood လို ” So bad it’s good ” ဘွဲ့ဂုဏ်ထူးကို ထပ်ရပါစေ။ ရုပ်ရှင်ဖန်တီးရိုက်ကူးရမှု အနုပညာအတွက် စိတ်ဓာတ်ကျခြင်း၊ ခံပြင်းနာကျင်မှုများနဲ့ ယင်းနယ်ပယ်က နောက်ဆုတ်သွားတာမျိုး မရှိချေ။
2023 ခုနှစ်ထဲမှာပဲ Big Shark လို့ အမည်ရတဲ့ The Room လိုပဲ ဆုတံဆိပ်ရရှိတဲ့ ဇာတ်ကားကို သူကိုယ်တိုင်ပဲ မင်းသား၊ ပရိုဂျူဆာ၊ ဒါရိုက်တာ လုပ်ပြန်ကာ ရိုက်ကူးပါတယ်။ ကြားနှစ်ကာလထဲမှာလည်း ဘော်ဒါဘော်ကျွတ်ကောင် Greg နဲ့အတူ ရုပ်ရှင်တွေကို ဆက်လက်ရိုက်ကူးနေခဲ့ပါတယ်။ ဘယ်သူတွေ ဘယ်လိုဟားဟား၊ သူ့ရုပ်ရှင်လက်ရာတွေကို ဘယ်အဆင့်အတန်းပဲ ထားထား တိုမီကြီးကတော့ အာတာလွတ်မြို့စားကြီး ဖြစ်တာနဲ့လျော်စွာ ယခုထက်တိုင် သူလုပ်ချင်ရာသူ လုပ်နေဆဲဖြစ်ပါတယ်။ ဒိအတွက် ကျေနပ်ပျော်ပိုက်နေတဲ့ ပုံပါပဲ။
ရုပ်ရှင်ရည်ညွန်း- Ed Wood Movie(1994), The Disaster Artist Movie( 2017)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
