နှစ်သစ်အကြို၊ စစ်ပွဲများနဲ့ ဆွေးနွေးပွဲများ

“နှစ်သစ်အကြို၊ စစ်ပွဲများနဲ့ ဆွေးနွေးပွဲများ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ရခိုင်မှာ မောင်းတော နခခ (၅) ကျအပြီး တပတ်အတွင်း အမ်း (နပခ) ကျပြီလို့ အသံတချို့ ထွက်လာတယ်။ ဒါပေမယ့် တောင်ကုတ် စကခ-၅ ကို ဒီဇင်ဘာ ၁၄ ရက်နေ့က အပြီးသိမ်းပိုက်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့သလို အမ်းသတင်းကို အတည်ပြုပေးတာမျိုးတော့ မတွေ့ရသေး။
‘ဂွနဲ့ ငါးသိုင်းချောင်း’
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ တိုင်းမှူး၊ ဒုတိုင်းမှူးတွေမရှိတော့ဘဲ တိုင်းဌာနချုပ်ထဲမှာ ဖွဲ့စည်းထားတဲ့ တပ်ရင်းတွေလည်းကျ၊ မြို့ရဲ့ အစိတ်အပိုင်း အားလုံးလောက်နီးပါးကို အေအေက ထိန်းချုပ်လိုက်နိုင်တာဖြစ်လို့ စစ်တပ်ရဲ့ နောက်ထပ်စစ်တိုင်းတခု ထပ်ကျသွားပြီလို့ ပြောနိုင်တဲ့သဘောတော့ ရှိနေပြီဖြစ်တယ်။
ဒီဇင်ဘာ ၁၈ ရက် ညပိုင်းသတင်းတခုအရ အေအေက ဂွနဲ့ ငါးသိုင်း‌ချောင်းကြားက စစ်ဆေးရေးဂိတ်နှစ်ခု (ဒေါင်းချောင်းနဲ့ ဗေဒါ) ကို သိမ်းပိုက်လိုက်တဲ့အတွက် စကစတပ်တွေဟာ ခုဆိုရင် စစ်ဆေးရေးဂိတ်တွေကနေ တခုပြီးတခု ဆုတ်ပေးလိုက်ရပြီး ငသိုင်းချောင်းအဝင်မှာ ခံစစ်ပြင်နေတယ်လို့ဆိုတယ်။ ဒီတော့ ဂွအခြေအနေက ဧရာဝတီတိုင်းဘက်ကလာမယ့် စစ်ကူဆိုတာထက် ဧရာဝတီတိုင်းကို ဆက်ပြီးတိုက်ခိုက်မခံရဖို့ ကာကွယ်ရတော့မယ့် သဘောမျိုးဖြစ်တယ်။
ဒီတော့ အခြေအနေက အမ်း၊ တောင်ကုတ်ကနေ မကွေးတိုင်း၊ ဂွကနေ ဧရာဝတီတိုင်းကို လမ်းပေါက်တွေ ပွင့်လာတာဖြစ်တယ်။ ငါးသိုင်းချောင်းဟာ ငဝန်မြစ်ကမ်းပေါ်ကမြို့ဖြစ်ပြီး မြစ်ကြောင်းအတိုင်း အောက်ကို ဆက်ဆင်းမယ် ဆိုရင် သာပေါင်း၊ ပုသိမ်ဖြစ်တယ်။ ဂွ၊ ငါးသိုင်းချောင်းလမ်းကိုဆက်ရင် ရေကြည်၊ ကျူံပျော်နဲ့ ဓနုဖြူကိုရောက်တဲ့အခါ ဧရာဝတီမြစ်ကို ပြန်ကပ်ပြန်တယ်။ လက်ရှိ စစ်အင်အား၊ ထောက်ပို့အင်အားနဲ့ မန္တလေး (ပိုက်လိုင်းနဲ့ တရုတ်ကုန်သွယ်ရေး ဗဟိုပြုစဥ်းစားချက်) နဲ့ နေပြည်တော် (စကစအုပ်ချုပ်ရေးယန္တရား ဗဟိုပြုစဥ်းစားချက်) အရကြည့်ရင် ရှေ့မှာ ဧရာဝတီတတိုင်းလုံးကို စစ်မျက်နှာဖြန့်ကျက်နိုင်ဖို့ဟာ မဟာဗျူဟာအရ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်။
‘တရုတ်ဆွေးနွေးပွဲများ’
စစ်ရေးမဟာဗျူဟာလို့ပြောရင် တရုတ်ဝင်ရောက်စွက်ဖက်မှုက ဘယ်လိုနဲ့ ဘယ်လောက်အတိုင်းအတာ ရှိသလဲဆိုတာကိုလည်း တဖက်မှာ ချိန်ဆရတဲ့သဘောရှိတယ်။ ဒါကြောင့် တရုတ်ဆွေးနွေးပွဲတွေကို ငဲ့စောင်းကြည့်ဖို့ လိုပြန်တယ်။ တရုတ်ဟာ ဒီဇင်ဘာ ၁ ရက်နေ့က အေအေနဲ့၊ ၃ ရက်နေ့က ဝနဲ့၊ ၅ ရက်မှာ ပလောင်နဲ့ ၈ နဲ့ ၉ မှာ ကေအိုင် အေနဲ့၊ ၁၅ ရက်နေ့မှာ စကစပါဝင်ပြီး ကိုးကန့်နဲ့ တွေ့ခဲ့တယ်လို့ သတင်းတွေကဆိုတယ်။ ဒါကြောင့် ဒီဇင်ဘာ နှစ်ပတ် အတွင်းမှာ တရုတ်တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲဟာ ၅ ခုဖြစ်ပြီး FPNCC မှာ လက်ရှိ တော်လှန်ရေးနဲ့ မဆက်စပ်တဲ့ မိုင်းလားနဲ့ SSPP ကလွဲလို့ ကျန်တဲ့ ၅ ဖွဲ့စလုံးနဲ့ အားလုံးတွေ့တဲ့သဘောဖြစ်တယ်။ ဝ က ကိုးကန့်နဲ့ဆက်စပ်ပြီး ပါလာသလို ထိုင်းနယ်စပ်တင်းမာမှုလည်း တွေ့ရတဲ့အကြောင်းမှာ ပါလိမ့်မယ်လို့ ယူဆရတယ်။
ကိုးကန့်နဲ့ စကစ တွေ့ဆုံပွဲဟာ အဆင်မပြေဘူး ဆိုတဲ့အသံ ထွက်လာပြီး ထုံးစံအတိုင်း ဆွေးနွေးပွဲလည်း ပြီးဆုံးအောင် မလုပ်ခဲ့နိုင်ဘူးလို့ဆိုတယ်။ သတင်းတွေအရ စကစဘက်က သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေကို အလွတ်ပြန် တောင်းနေတယ်လို့ ကြားရပြန်တယ်။ ကချင်နဲ့ တရုတ်ဆွေးနွေးပွဲမှာ သဘောတူညီချက်တွေ ရခဲ့ပုံပေါ်ပြီး တရုတ်နယ်စပ်ဂိတ်တွေ ပြန်ပွင့်လာတယ်။ ဒီအခြေအနေက ကိုးကန့်နဲ့ တအာင်းဘက်ကို တရုတ်ဟာ လက်ရှိ အတင်းအကျပ် ဖိအားပေးနေတာကို ဆက်လုပ်ဖို့ မသင့်တော်တဲ့သဘောကို ဦးတည်လာတယ်။
‘တရုတ်ပေါ်လစီ ရီဗျူး’
သြဂုတ်လ နေပြည်တော်ကို ဝမ်ယီလာတဲ့အချိန်က စပြီးရေတွက်ရင် ၄ လကျော်ကြာလာတဲ့အချိန်မှာ တရုတ်ဟာ သူ့ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ဖို့ ဖန်တီးလာတဲ့ အကြောင်းအရင်းတွေ တွေ့လာရပြီဖြစ်တယ်။ အဲဒါတွေက ကေအိုင်အေရဲ့ ဗန်းမော်ထိုးစစ်နဲ့ မြေရှားထိန်းချုပ်မှု၊ ရခိုင်ရဲ့ အမ်း (နပခ) စစ်တိုင်းတခုလုံး သိမ်းပိုက်မှုနဲ့ စကစအကြီးအကဲရဲ့ အိုင်စီစီကြေညာချက်တွေဖြစ်တယ်။ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာမျက်နှာစာမှာ စကစဘက်ကို တရုတ်ရပ်တည်မှုဟာ အကျပ်အတည်းတွေဆီကို တွန်းပို့နေတာကို တွေ့ရတယ်။
ဒီရက်ပိုင်းမှာ တရုတ်ဒွိဟကို စကစလည်း ခံစားရပုံပေါ်တယ်လို့ ယူဆရတယ်။ ရွေးကောက်ပွဲအကြောင်းပြပြီး ရုရှားတပ်တွေခေါ်သွင်းဖို့ သတင်းတွေထုတ်ပြန်တာဖြစ်တယ်။ ဒါဟာ တရုတ်ရဲ့ နိုင်ငံခြားတပ်တွေ မြန်မာပြည်ထဲ မဝင်ရောက်ရေးမူကို တန်ပြန်တဲ့အချက်ဖြစ်လို့ တရုတ်နဲ့ စကစဟာ အသံတိတ် ပြန်ပြီး အားပြိုင်ကြည့်နေတဲ့ သဘောမျိုးဖြစ်မလား ရှေ့မှာ ပုံပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် တရုတ် ရုပ်သွားတာနဲ့ စကစဟာ ပုံပျက်ပြီး ပြုတ်ကျသွားနိုင်ခြေရှိတာမို့ တရုတ်ဟာ စကစကို ချော့ပြီး ဆက်မှေးပေးထားမယ်လို့ ယူဆရတယ်။ ဘယ်အချိန်အထိလဲမေးရင် ပထမတဖြတ်က ၆ လသက်တမ်းကုန်မယ့် ၂၀၂၅ ဇန်နဝါရီအကုန်အထိ ဖြစ်ဖို့ရှိတယ်။
‘ရက် ၃၀’
ချင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဖြေးဖြေးနဲ့မှန်မှန် ရှိလာသလို ကရင်ကလည်း ဒီရက်ထဲ နာမည်ကျော် မာနယ်ပလောကို ပြန်လည်သိမ်းယူခဲ့တယ်။ မန်း၊ စစ်ကိုင်း၊ မကွေးဘက်မှာ မိုဒီ (MOD) နဲ့ ပူးပေါင်းတပ်တွေက နှစ်သစ်အစမှာ ရက် ၃၀ စစ်ဆင်ရေးစီမံကိန်းတခုကို အောင်အောင်မြင်မြင် လုပ်နိုင်မယ်ဆိုရင် အာဏာသိမ်း ၄ နှစ်အပြည့်မှာ တရုတ်လမ်းကြောင်းကို ပြောင်းနိုင်မလား စဥ်းစားစရာဖြစ်တယ်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*