နှုတ်စာဖတ်သူ

by The Call
‘နှုတ်စာဖတ်သူ’
◼️ ညီလင်းအိမ်
ဒီရုပ်ရှင်က အကြားအာရုံချို့တဲ့သူ အမျိုးသမီးတယောက် အကြောင်း ရုပ်ရှင်ဖြစ်တယ်။ ရုပ်ရှင်ဇာတ်လမ်းကလည်း သိပ်ကြီးခမ်းနားနေတာမျိုးလည်း မဟုတ်။ သူမသဘောကျမိသူရဲ့ ဖောက်ထွင်းတဲ့အလုပ်ကို ကူညီပေးရာကနေ ဖြစ်လာရတဲ့ အခြေအနေတွေကို Thriller ရုပ်ရှင်ဖြစ်တာနဲ့ အားလျော်စွာ သူမတို့နှစ်ယောက်အကြားက အခြေအနေအခက်အခဲတွေကို ကြည့်ရသူတွေ ရင်မသည်းဖိုဖြစ်အောင် ပုံဖော်ပြသတဲ့ ရုပ်ရှင်။
ဒါပေမဲ့ ပြင်သစ်က အမိုက်စား Thriller ရုပ်ရှင်စာရင်းတွေ ပြုစုတိုင်း ခုရုပ်ရှင်ဟာ ပုံမှန်ပါလာစမြဲ။ ဘာဖြစ်လို့ ပါရသလဲ ဆိုတာကို ကျနော်တို့ ခံစားသူနေရာကနေ ရှု့မြင်ကြည့်ကြရအောင်။ ပြီးတော့ ကမ္ဘာနိုင်ငံအသီးသီးက ရုပ်ရှင် အနုပညာနဲ့ ပတ်သက်လို့ စကားစမြည်ပြုကြတိုင်းလည်း ဘာကြောင့် ပြင်သစ်စီနီမာက ထိပ်ဆုံးဆီမှာ ရောက်နေရတာလဲ။ ကန်းတို့လို ထိပ်တန်း ရုပ်ရှင်ပွဲတော်က ဆုရတဲ့ ရုပ်ရှင်ကားတွေ ကြည့်လိုက်တိုင်းလည်း တနှစ်မဟုတ် တနှစ် ပြင်သစ်ရုပ်ရှင်တွေက ပါနေတတ်တယ်။
ဒါတွေဟာ ဟိုးရှေးခေတ် အတီအတေက ရုပ်ရှင်တွေပါ၊ ခေတ်မမီတော့ပါဘူး လို့ ပြင်သစ်ရုပ်ရှင်တွေကို ဝေဖန်စောကြောဖို့ မဖြစ်နိုင်။ ပြင်သစ်ဖလင်အများစုကြည့်လိုက်တိုင်း 1960/ 70 ကျော်လောက်က ရုပ်ရှင်တွေ ဆိုလည်း လတ်ဆတ် ဆန်းသစ်နေတာပဲ။
ဒါကို ခြုံငုံလိုက်ရင် အဖြေက လူ့ရဲ့ ရှိရင်းစွဲ သဘာဝ အပြုအမူတွေနဲ့ လက်တွေ့ဘဝထဲက ဖြစ်တန်စွမ်းကိုပဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံး ဖြစ်အောင် ပုံဖော် ဖန်တီးနိုင်ကြလို့ ဆိုတဲ့ အဖြေကို သွားတွေ့တယ်။ Read My Lips လို့ အမည်သညာရှိတဲ့ ဒီရုပ်ရှင်ကလည်း 2001 က ထွက်ခဲ့တာဆိုပေမဲ့ လက်ရှိအချိန်ကနေ ကြည့်မိတော့လည်း ရုပ်ရှင်က လတ်ဆတ်လွန်းလှပြီး ဇာတ်အိမ်က ရုန်းကြွ အသက်ဝင်လို့နေပါတယ်။ ပထမဆုံး အဓိက အမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့ Carla ရဲ့ အကြောင်းကို ချဉ်းကပ်ကြည့်မိတော့၊ သူမက အကြားအာရုံ ချို့တဲ့သူဖြစ်ပြီး နားကြားကိရိယာ အကူအညီနဲ့ ဘဝကို ဆက်သွားနေသူ တယောက်။
လက်ရှိမှာတော့ ဆောက်လုပ်ရေးကုမ္ပဏီတခုမှာ ဝန်ထမ်းတယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်နေတယ်။ သူမရဲ့အလုပ်က ကုမ္ပဏီရဲ့ ဗာဟီရများတဲ့ နေရာမျိုး။ တနေ့တနေ့ မိတ္တူဆွဲပေးရ၊ လာတဲ့ Client တွေကို လက်ခံစကားပြောပေးရ၊ ဟိုဟိုဒီဒီက ခေါ်ရင် ထပြေးရနဲ့။ အလုပ်ဝန်တွေပိပြီး မူးတောင်လဲကျရတယ်။ Carla က အဲဒီလို ဘဝနဲ့ပဲ ရုံး၊ အခန်း နဲ့သာ ကူးလူးလည်ပတ်နေတယ်။ သူမ သူငယ်ချင်းတွေမှာတော့ ချစ်သူ၊ ခင်ပွန်း စလို့ အတွဲလေးတွေ ရှိကြပေမဲ့ သူမမှာတော့ ရှိမနေ။ ရုပ်ရှင်ဇာတ်အိမ်က စိတ်အေးလက်အေးနဲ့ပဲ သူမ ကာရိုက်တာကို ပေါ်လွင်အောင် ပြသပါတယ်။
ဆိုလိုချင်တာက ငြီးငွေ့စိတ်ပျက်စရာ အလုပ်နဲ့ ဘဝအိမ်ထဲမှာပဲ စီးမျောရှင်သန်နေရသူ။ လူ့ဘဝကို အပြောင်းအလဲပြုဖို့ အတွက် ကိုယ်စိတ်ဆန္ဒ တက်ကြွမှု နည်းပါးလာနေသူ အမျိုးသမီး။ သို့သော်လည်း ကျန်းမာဖွံ့ဖြိုးတဲ့ အသက်အရွယ် ဖြစ်တဲ့အတွက် ဆန့်ကျင်ဘက် လိင်တဦးတလေနဲ့အတူ အတူနေချင်စိတ်၊ တောင့်တ ဖြတ်သန်းလိုစိတ် ရှိတာကိုလည်း ဒါရိုက်တာက လုံးဝ ချန်မထား။ သူမက အိပ်ရာဝင်ခါနီးချိန် ရောက်ပြီဆိုရင် သဘာဝအတိုင်း ဖြစ်နေတဲ့ သူမခန္ဓာကိုယ်ကို ကိုယ်လုံးပေါ် မှန်ရှေ့မှာ ရပ်ထားစေရင်း ငေးကြည့်လေ့ရှိတယ်။ ဒီအခါမှာ ကျနော်တို့ ဟာ သူမနဲ့အတူပဲ ဘဝရဲ့ အထီးကျန် ငြီးငွေ့ဖွယ် အချ်ိန်ကာလတွေနဲ့ လိုအပ်လှတဲ့ အနွေးဓာတ်တွေ အကြောင်းကို သတိချပ်မိလာတယ်။
အကြားအာရုံ ချို့တဲ့တဲ့ သူမမှာ တခုတော့ ထက်မြက်လာပါတယ်။ ဘာလဲဆိုတော့ အသံမကြားရပေမဲ့ လူတွေရဲ့ပါးစပ်လှုပ်တာကို ကြည့်ပြီး သူတို့တွေ ဘာတွေပြောသလဲဆိုတာကို ခွဲခြား သိရှိလာခဲ့တယ်။ တရက်မှာတော့ သူမအလုပ်တွေမှာ အကူလိုအပ်တာကို သိသွားတဲ့ အထက်မန်နေဂျာက ဝန်ထမ်းထပ်ခေါ်ဖို့ ခွင့်ပြုတယ်။ သူမကိုယ်တိုင်ကိုပဲ ရွေးချယ် ခန့်အပ်စေပါတယ်။ ဒီလိုနဲ့ပဲ ပေါလ်ဆိုတဲ့ ရုပ်ဖြောင့်ဖြောင့် ဂျစ်တစ်တစ်ပုံစံရှိတဲ့ လူရွယ်တယောက်ကို အလုပ်ခန့်လိုက်တယ်။
ပေါ်လ်က ပင်ဂိုစရိုက်အားဖြင့် ဆိုးသွမ်းကောက်ကျစ်တဲ့ ပုံမျိုးတော့ မဟုတ်ဘူး။ ဘဝမှာ အဆင်ပြေရာ လုပ်ရင်းနဲ့ ထောင်ထဲရောက်သွားတဲ့သူ။ ထောင်က ပြန်လွတ်လာပေမဲ့လည်း ခံဝန်နဲ့ပဲ။ ဒီလိုကနေ သူမဆီကို ရောက်လာတာ။ ပကတိအားဖြင့် သူက ရုံးအလုပ်နဲ့ ပတ်သက်တဲ့ အရာမှန်သမျှ ဘာတခုမှ မသိ၊ လူမိုက်တွေကို အကြွေးတွေ ပေးစရာရှိတာကနေ အလုပ်ရပြီးရော ရောက်လာခဲ့သူ။
Carla မှာတော့ ဒီလူရွယ်ကို ကြည့်ရင်း ကျေနပ် သာယာနေသယောင် ရှိတယ်။ သူ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောတာကြောင့်လည်း ဖြစ်မယ်။ ပေါလ်အခြေအနေကလည်း ဘယ်လောက်ဆိုးသလဲဆိုရင် အိပ်စရာ နေစရာ အခန်းတောင် မရှိတဲ့အခြေအနေ။ Carla နင် ဒီလိုလူကို အလုပ်မှာ လက်ခံဖို့ သင့်ရဲ့ လား။ နင်ဘာတွေများ လျှောက်လုပ်နေသလဲပေါ့။ ပေါလ်ကို ကန်ထရိုက်က မအပ်ရသေးတဲ့ ကုမ္ပဏီက တိုက်ခန်းလွတ်တခုကို နေဖို့ ခေါ်သွားတယ်။ ပေါလ်ကတော့ စိတ်မြန်ကိုယ်မြန် သမားပီပီ။ ဒီ မဒီကြီး ငါ့လိုကောင်ကို ကောင်းပြနေတာ၊ ငါနဲ့ အိပ်ချင်လို့ပဲ ဖြစ်မှာတွေးပြီး တိုက်ခန်းမှာ ခင်ဗျား ကျနော့်ဆီက ဒါကိုလိုချင်တာ မဟုတ်လားဆိုပြီး အတင်းနမ်းမယ်ပြုမယ် လုပ်တယ်။ Carla က ပါးရိုက် ပစ်ခဲ့တယ်။
သူမ အတွေးနယ်ထဲမှာ ယောကျ်ားတယောက်ဆီက ရလိုမှုက ပြင်းပျတောက်လောင်တဲ့ အဟုန်သဏ္ဍာန် ရှိပေတဲ့ ဒီလို အပြုအမူမျိုးကျတော့လည်း ခွင့်ပြုလို့ မရနိုင်။ တည်ဆောက်လာခဲ့တဲ့ မာနနဲ့ သိက္ခာတရားက သူမရဲ့ ပကတိစိတ်ရိုင်းကို ကာဖေးထားစေတယ်။
ရုပ်ရှင်က ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဆက်ဆံရေးကနေ သို့လောသို့လော ဖြစ်လာတယ်။ Carla လိုချင်တာက ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ အတူတူ ရှင်သန်ကူးလူးချင်တာ နဲ့ ပေါလ်အပေါ်ကို နှစ်လိုလာတာ ဖြစ်ပေမဲ့ ဖြေးဖြေးညင်းနဲ့သာ နီးကပ်တဲ့ဘဝကို ရောက်စေလိုတာ ထင်ရှားတယ်။ ခက်တာက ပေါလ်မှာ အချစ်နဲ့ ကူးလူးမြောက် သာယာဖို့ အတွက် ခံစားမှု မပေးနိုင်။ အတိတ်အရိပ်မည်းထဲကနေ လွတ်မြောက်ဖို့ရာမှာ အဲဒီ လူမိုက်ကောင်တွေရဲ့ အကြွေးကို ကျေအောင် ဆပ်နိုင်မှ ရမှာ။ နောက်ဆုံးတော့ Carla ဆီက ထွက်ခွါပြီး အကြွေးဆပ်ရမယ့် လူဆိုးဂိုဏ်း ခေါင်းဆောင်ဆီက ဘားမှာ အလုပ်သွားလုပ်ရတော့တယ်။
ဒီတော့ ဘာဖြစ်သလဲ။ အပျိုကြီးမမ ဆွေးပြီပေါ့ ခင်ဗျာ။ သမားရိုးကျ သွားရတဲ့ ဘဝလမ်းဆိုတာဟာ အင်မတန်မှ အဓိပ္ပါယ်မဲ့ရမှန်းကို ပေါလ်က သင်ပြပေးခဲ့ပြီးပြီ။ အလုပ်မှာ သူမကို အနိုင်ကျင့်တဲ့သူတွေကိုလည်း ပေါလ်အကူအညီနဲ့ အနိုင်ပြန်ပိုင်းနိုင်ခဲ့တယ်။
ရုပ်ရှင်ရဲ့ ဇာတ်လမ်းစဉ်က ဟောလိဝုဒ် နှင်နှင် ပေါလ်နဲ့ အတူအိပ်ကြ၊ ပြီးရင် ပေါလ်လုပ်ချင်တာကို လိုက်ကူညီ စလို့ အဲဒီအတိုင်းပဲ ဇာတ်လမ်းကို သိမ်းလိုက်ရင် ခုရုပ်ရှင်က B Movie သာသာ အဆင့်ထက် ဘာမှ ပိုပြောစရာ မရှိဘူး။ ဒါရိုက်တာက ရုပ်ရှင်ထဲက ဇာတ်ကောင်ကာရိုက်တွေချင်း ဆက်လက် ချိတ်ငင်စေဖို့အတွက် Carla ရဲ့ တည်ရှိမှုကို လုံးဝ အလျော့မခံပါဘူး။ Carla က ပညာတတ် ထက်မြက်တဲ့ မိန်းမတယောက်ပဲ။ ပေါလ်လို လူမျိုးနဲ့ ဆက်လက်မဆက်နွယ်သင့်တော့ဘူး ဆိုတာ သိတယ်။ ဒါပေမဲ့ ပေါလ်ရဲ့ စရိုက်နဲ့ အရာရာ ကပြောင်းကပြန်ဖြစ်နေမှုက သူမရဲ့ ကြောင်းကျိုး ဆင်ခြင်ဥာဏ်ကို ချိုးဖျက်နိုင်စေတယ်။ အသိစိတ်က ငြင်းဆန်ခဲ့ပေမဲ့ ရဲရဲတင်းတင်း ရှိလှတဲ့ သူ့ရဲ့ ပြုမူမှုတွေ၊ စိတ်မြန်ကိုယ်မြန်ရှိတဲ့ ဟန်ပန်တွေ။ ညအိပ်ရာဝင်ခါနီးတိုင်း ပြန်ပြန်ကြည့်ရတဲ့ သူမရဲ့ ခန္ဓာအတွက် သင့်လျော်တဲ့ အနွေးဓာတ်က သူ့ဆီကပဲ ရထိုက်တာလို့ တွေးတောလက်ခံလိုက်ပုံရပါတယ်။
ပေါလ်တောင်းဆိုသမျှကို လိုက်လျောလိုက်တယ်။ သူမနဲ့ အတူအိပ်ခွင့်ရဖို့အတွက် တောင်းဆိုတာတော့ မဟုတ်။ အခြားတိုက်ခန်းခေါင်မိုးကနေ သူ့အကြွေးရှင် လူဆိုးဂိုဏ်းခေါင်းဆောင်ကောင် ဘာတွေပြောသလဲဆိုတာကို မှန်ပြောင်းနဲ့ ချောင်းကြည့်ခိုင်းတာပါတဲ့။ ဘဝအပေါ်ကို အချစ်တွေ လွှမ်းမိုးလာတဲ့အခါမှာ ဘာမဆို ပြုမူရဲသွားတယ်လို့ပဲ ပြောရမှာ ထင်ပါရဲ့။ မငြင်းဆန်တော့ဘဲ သဘောတူလိုက်တယ်။ ပေါလ် အကြံကတော့ သူတို့ ငွေတွေကို ဘယ်မှာဖွက်ထားသလဲဆိုတာကို သိရှိဖို့နဲ့ ဝင်ရောက်ဖောက်ထွင်းဖို့၊ ပြီးရင် သူမနဲ့အတူ အခြားတနေရာကို ဒိုးဖို့။
ဘယ်လောက်တောင် ရုပ်ရှင်ဆန်လွန်းတဲ့ ပလန်ပါလဲ။ ဒါပေတဲ့လည်း ရုပ်ရှင်က ရုပ်ရှင်မဆန်လာတဲ့အခါမှာ ယင်းအစိတ်အပိုင်းတွေဟာ Carla ရဲ့ စရိုက်ပီပြင် ရုန်းကြွမှုကနေတဆင့် အသက်ဝင် ထင်ရှားလာတယ်။ ကြည့်ရှု့ရသူ ကျနော်တို့တွေမှာ သူမနဲ့အတူပဲ နှုတ်စာဖတ်သူတွေ ဖြစ်လာကြပြီး ရုပ်ရှင်ရဲ့ ဇာတ်အိမ်ထဲကို ထပ်တူ ပြုတ်ကျသွားခဲ့တော့တယ်။
စကားမစပ် လက်ရှိခေတ်မှာ ရုပ်ရှင်ကပြတဲ့ အနုပညာမြင်ကွင်းကြီးထဲကို ပရိသတ်တွေ ထပ်တူ ရောက်ရှိသလို ဖြစ်လာဖို့ အတွက် တိုးတက်လာတဲ့ နည်းပညာအကူအညီတွေနဲ့အတူ နယ်ပယ်အမျိုးမျိုးကနေ ကြိုးစားလာကြတယ်။ ဘောင်တွေကျော်ရိုက်ပြတဲ့ ရိုက်ချက်တွေ၊ 3D ရုပ်ရှင်တွေ၊ Imax ကွာလတီနဲ့ ရုပ်ရှင်ပိတ်ကားတွေ စလို့ ဒါတွေရဲ့ရည်ရွယ်ချက်က ကြည့်ရသူတွေကို ရုပ်ရှင်မြင်ကွင်းတွေထဲကို ပိုမိုနီးကပ်စေချင်လို့ မဟုတ်ပါလား။
သို့ပေမဲ့လည်း ယခု ဒီရုပ်ရှင်လို ကာရိုက်တာ ဖွဲ့စည်းမှုကောင်းကောင်းနဲ့ ခိုင်မာအောင် ဖန်တီးတည်ဆောက်ပြီး ရိုက်ပြလိုက်တဲ့အခါမှာတော့ မိမိတို့ဟာ ရုပ်ရှင်အနုပညာ ကမ္ဘာကြီးထဲကို ရောက်ဖို့အတွက် iMax စနစ် ပိတ်ကားတွေ လိုအပ်တာ သေချာရဲ့လား။ Smart TV အမိုက်စားတွေ၊ Blu Ray ကွာလတီ ရုပ်ထွက်ကြီးတွေအထိ ပံ့ပိုးဖို့ လိုသလားပေါ့။ ရုပ်ရှင်လည်း ပြီးတော့ ကျနော့်မှာ ပါရီကပဲ သက်ပြင်းမောတွေနဲ့အတူ ပြန်လာခဲ့ရသလိုလို အတွေးတွေ ဗလပွနဲ့ အခုလို ကျန်ရစ်ခဲ့ရတာပဲ ကြည့်တော့။
ရုပ်ရှင်ရည်ညွှန်း – Read My Lips Movie ( 2001 )

Related Posts

Leave a Comment