
“ပေါင်းစုတိုက်ပွဲ
ဆင်နွှဲကြလော့”

ခူးပါနဲ့ကွယ်၊
ပွင့်ဖူးမှာအဝါခြယ်၍
မာလာအလယ်မှာနွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးအကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာတဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ ။
အမျိုးသားစာဆိုတော် ဆရာဇော်ဂျီ၏ ပိတောက်ပန်း ဟူသော ခေတ်ဆန်းကဗျာဖြစ်သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်အတာကူးတော့မည့်အခါသမယတွင် ပိတောက်ပန်းတို့ လန်းတင့် ဖူးပွင့်လာကြသည်။
ပိတောက်သည် နွေ၏အဆောင်အယောင်ဖြစ်သည်။ နွေ၏ဇာတ်ကောင်ဖြစ်သည်။ သို့ဖြစ်ရာ သူ့အလှသူ့အစွမ်းကို အားကုန်ပြု၍ သင်္ကြန်အတာကိုတော့ သူကြိုပေလိမ့်မည်။ ပိတောက်ပန်းနှင့် ပိတောက်ရနံ့တို့သည် လောကဓမ္မ၏လက်ဆောင်၊ နွေဦး၏လက်ဆောင်ပေတည်း။
မြန်မာပြည်အနှံ့အပြားတွင် စစ်မီးတောက်လောင်နေသည်။ အရပ်သားပစ်မှတ်များသို့ ပေါင် ၅၀၀ ရှိ ဗုံးများကြဲချနေသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုကာ မတရားဖမ်းဆီးပြီး စစ်သားစုဆောင်းမှုများပြုလုပ်နေ၍ လူငယ်ရောလူကြီးပါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ တိုင်းပြည်အနာဂတ်မဲ့နေချိန်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် စစ်ကိုင်းအခြေပြုလှုပ်ခတ်သော စွမ်းအားပြင်း ငလျင်ကပ်ဆိုးကြောင့် ကြီးမားသောအဆောက်အဦများနှင့်လူများ ထောင်ချီ၍ သေကြေပျက်စီးခဲ့ကြရသည်။ နောက်ဆက်တွဲငလျင်များ နေ့စဉ် ဆက်လက်လှုပ်ခတ်နေ၍ လူထုအများမှာ နေအိမ်များ၊ အဆောက်အဦများအပြင်ဘက် လမ်းများ၊ ကွင်းပြင်ကွက်လပ်များတွင် ထွက်နေရသည်။ ထွက်အိပ်ရသည်။ ကျုံးဘေးတလျှောက်တွင် လူများစုဝေးနေထိုင်ကြသည်။ ထိုသို့ လူအများဒုက္ခရောက်နေချိန်တွင် ကျုံးဘေးရှိ ငလျင်ဘေးရှောင်ပြည်သူများအား အဓမ္မဖယ်ရှားကာ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခဲ့သည်။ပြည်သူများ အမိုးအကာမဲ့နေချိန်တွင် မိုးများလေ
များ ရွာသွန်းတိုက်ခိုက်လာပြန်သည်။ စစ်တိုက်ရေးတခုသာ မဲတင်းနေသော စကစအဖို့ ကပ်ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်မှုမရှိပေ။ ယခင်ပြည်သူ့အစိုးရက ပြည်သူများ သဘာဝဘေးဒဏ်နှင့် ကြုံတွေ့လျှင်သုံးစွဲရန် ချန်လှပ်ထားသော ဘီလျှံ ၄၀၀ ကိုလည်း အကြမ်းဖက်စစ်အုပ်စုက စစ်သုံးစရိတ်ထဲ ထည့်သွင်းသုံးစွဲခဲ့သည်။
ပြည်သူများမှာ ငလျင်ဒဏ်၊ မိုးဒဏ်၊ ခြင်နှင့် ပိုးမွှားကိုက်သည့်ဒဏ်၊ သောက်သုံးရေပြတ်လပ်သည့်ဒဏ်များကြောင့် မူးဝေဖျားနာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းများပါ ကြုံတွေ့နေရသည်။ အမှန်တော့ သည်စစ်ကိုင်းငလျင်သည် ပြည်သူလူထုသာ အထိအခိုက်များခဲ့သည်မဟုတ် အကြမ်းဖက်မအလ၏ စစ်ရေးတည်ဆောက်မှုအခိုင်အမာပြုလုပ်ထားသော နေပြည်တော် အဆောက်အအုံများလည်း ပြိုကျပျက်စီးခဲ့လေသည်။ စစ်ရှုံးမအလအဖို့ ငလျင်ဘေးဆိုးနှင့်ပါကြုံရသောအခါ သူ့အတွက် အတိတ်ဆိုးနိမိတ်ဆိုးများလာချေပြီဟု ပူပန်သောကရောက်လျက် စစ်ကိုင်းငလျင်ကိုပင် နာမည်ပြောင်းခေါ်ဖို့ အဆင်ခြင်မဲ့ တောင်းဆိုလာခဲ့သည်။
တိုင်းပြည်ကပ်ဘေးကျရောက်နေ၍ လူသားချင်းစာနာထောက်ထားသောအားဖြင့် NUG က ထိုးစစ်များ တရားဝင်ကြေညာရပ်နားထားချိန်တွင် အကြမ်းဖက်မအလကမူ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ တားဆီးနေသည့်ကြားမှ အရပ်သားပြည်သူများအပေါ် မရပ်မနားဗုံးကြဲနေဆဲ ဖြစ်သည်။
ထိုအခြေအနေမျိုးဖြစ်နေရာ ယခုနှစ်အတာသင်္ကြန်ကိုလည်း တော်လှန်သင်္ကြန်အဖြစ်သာဆက်သွားကြဖို့ တော်လှန်ပြည်သူများက ပိုင်းဖြတ်ထားပြီးဖြစ်သည်။ စာနာစိတ်မဲ့သူ၊အညှာလွယ်သူ၊ သည်းခြေမဲ့သူများသာပါဝင်သော အပျော်သင်္ကြန်ကို မည်သူမျှ မဆင်နွှဲလိုကြ။ ဘွိုင်းကောက်လုပ်ထားကြသည်။
သို့ရာတွင် နွေဦးလူငယ်များကတော့ တော်လှန်သင်္ကြန်အဖြစ် တော်လှန်သံချပ်များကိုဖန်တီးမြဲ ဖန်တီးခဲ့သည်။
ပိတောက်တွေပွင့်သလို သံချပ်တွေပွင့်လာကြသည်။ သင်္ကြန်နှင့်သံချပ်သည် တွဲလျက်ဖြစ်သည်။ လူထုဆန်သော သင်္ကြန်၏အသက်သည် သံချပ်ဖြစ်သည်။သံချပ်မပါလျှင် သင်္ကြန်သည် အသက်မဝင်နိုင်ပေ။သံချပ်သည် လူထုတေးသံဖြစ်သည်။ခေတ်၏ကြေးမုံပြင် ဖြစ်သည်။ သံချပ်သည် ပြည်သူ့ရှေ့နေ၊ ပြည်သူ၏ အငှားပါးစပ်ဖြစ်သည်။
သံချပ်သည် အသောအထေ့၊ အငေါ့အချိတ်၊ အတိုင်အဖောက်၊ အမြူးအကြွများဖြင့် ပြုပြင်ပြောင်းလဲရေးကိုဦးတည်သော ဖျော်ဖြေရေးတရပ်ပင်ဖြစ်သည်။ ခေတ်စနစ်ကိုလည်းကောင်း၊ အုပ်ချုပ်သူအစိုးရ၏ စီမံခန့်ခွဲမှုအလွဲများကိုလည်းကောင်း ခံသာအောင် အရွှန်းဖောက်ကာ ဝေဖန်ထောက်ပြသော အနုပညာဖြစ်သည်။ သင်္ကြန်သံချပ်သည် မြန်မာ့ယဥ်ကျေးမှုအမွေစစ်စစ်ဖြစ်သည်။ တကယ်တော့ သံချပ်သမားများသည် အမှန်တရားဘက်တော်သားများ၊ ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်ခဲ့သူများဖြစ်သည်။
ယခုတော်လှန်သံချပ်များသည် ရန်သူစစ်အုပ်စုကိုသာ ဝေဖန်ထိုးနှက်တာမျိုးမဟုတ်ဘဲ မိမိတော်လှန်ရေးထဲက တာဝန်ရှိလူကြီးများ၏ ကမောက်ကမများ တလွဲတချော်များကိုလည်း ကလောင်သွားနှင့်ထိုးကလော်ထားသည်။ ချစ်သောစိတ်နှင့် တို့ဆိတ်ထားသည်။
“အစိုးရနဲ့လူထုဟာ၊ ထိပါတွေ့ပါ ရေငါးပုံသို့၊
လက်တွေ့မြေပြင်ကွင်းဆင်းကာ၊ သိအပ်စရာတွေ စုဆောင်းစုဆောင်း”
“ဝန်ကြီးများက ၂၀ ကျော်၊ လာလည်ပါနော်၊ မော်ဖူးချင်လို့”
“ပ သုံးလုံးက နာမည်ကျော်၊ ပြည်သူအပေါ် အတော်လုပ်ကြ” ဆိုကာ ပသုံးလုံးနှင့် ဝါးတားဂိတ်က ဝါးတားတားလူများကို ထောက်ပြထားသည်။
” PDFနဲ့ စကစ၊ ကျူးလွန်သမျှဟာ
ရာဇဝတ်မှုဟေ့၊
PDFနဲ့ စကစ၊ ဘယ်သူပြုပြု ဓားပြမှုဟေ့၊ PDFနဲ့ စကစ ဘယ်သူပြုပြု မုဒိမ်းမှုဟေ့”
“တော်လှန်ရေးမှာ မညီညွတ်ရင်၊ တော်လှန်သူဟာကျွန်သက်သက်ပဲ၊
တော်လှန်ရေးမှာ မညီညွတ်ရင်၊ ပြည်သူတွေဟာ စတေးခံပဲ” ဟုလည်း သတိပေးထားသည်။
“CDM တို့ လေးနှစ်ကျော်၊ လေးစားဂုဏ်ယူ ကြည်ညိုကြဟေ့၊
ကိုယ်ကျိုးမငဲ့ဘဲ ရုန်းထွက်လာ၊ ဟန်ကျမနေပါ ကူစို့ဝိုင်းစို့၊
မိတ်ဖက်အချင်းချင်းချိတ်ဆက်ကာ၊ ဖော်ဆောင်ရအောင် လူထုတိုက်ပွဲ၊ ပြည်သူအစိုးရ တွေ့ဆုံရာ ၊ဆောင်ကြဥ်းရအောင် သပိတ်မောင်တို့”ဟုလည်းကောင်း
“ရတဲ့အိုးနဲ့ ယမ်းကိုလှော်
ဖြစ်သလိုဆော်တာ MBTဗျ၊
Mytel သံပိုက်အမြောက်ဖြစ်
ရမ်းပစ်ရတာ လူငယ်တွေဗျ၊
ပြောင်းကကွဲလိုက် အသီးကွဲလိုက်
ခန္ဓာစတေးတာ လူငယ်တွေဗျ “ဟူ၍လည်း CDM နှင့် PDFများ ဘဝကို တင်ပြထားသည်။
“လူသတ်သမားရဲ့ မဲရုံတွေ
တို့ပြည်သူတွေနဲ့ ဘာဆိုင်လို့လဲ၊
မဆိုင်ပေမဲ့ တားဆီးပါ
လက်ပိုက်ကြည့်ကာ ဘယ်သူ့မှမပေးနဲ့”
” စခ စစ်ကြောင်းချီတက်လာ၊
အသွားတော့ရှိတယ်၊ အပြန်မရှိဘူး၊
လက်နက်ချပြီး အလင်းဝင်၊
ကိုယ့်အသက်ကိုယ်တော့ တန်ဖိုးထားကြ၊
ထွက်လာခဲ့တော့ ညိုကီရာ၊
မင်းဆီမှာလည်း မိသားစုတွေနဲ့၊
နိုင်ငံသားချင်း မသတ်ချင်၊
အလံဖြူ ထောင်ကာ ထွက်ခဲ့ ထွက်ခဲ့၊
အာဏာရှင်ကိုတိုက်ထုတ်တာ၊
မင်းတို့တွေကို တို့မမုန်းဘူး “
“လေကြောင်းပစ်ကူ မပါရင်
စစ်မတိုက်ရဲတာ ဒင်းတို့ပါပဲ၊
ဖက်ဆစ်တပ်ကြီးပြိုနေပြီ၊ မသေချင်ရင် အလံဖြူထောင်ကြ၊
အလံဖြူထောင်ကာ အလင်းဝင်
ဗိုလ်ချုပ်တွေအတွက်၊ အသက်မပေးကြနဲ့ “
စသဖြင့်လည်း ရန်သူ့စိတ်ဓာတ်ကိုရိုက်ချိုးခဲ့ကြ၊ နှဲ့ယူခဲ့ကြသည်။
ထိုသံချပ်များသည် စစ်မြေပြင်ကလာသော၊ ပြည်သူထဲကလာသော ပြည်သူ့စကားများဖြစ်သည်။ ယခုသံချပ်တိုင်သူများသည် တဖက်က သေနတ်ကိုင်နေသူများဖြစ်သည်။ သံချပ်သည် သင်္ကြန်အမြောက်ဟုဆိုသော်လည်း ရန်သူ့ပစ်မှတ်ကို တကယ်ရောက်အောင် တကယ်ဖောက်နိုင်သူများဖြစ်သည်။ အောင်ပွဲဆီအရောက်ချီနေသော သမဂ္ဂအလံတော်အောက်က လူငယ်စစ်သည်များဖြစ်သည်။ တော်လှန်သံချပ်များသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အလွန်အရေးပါကာ တော်လှန်ရေးကို များစွာအကျိုးပြုခဲ့သည်။
သောင်းနှင့် သိန်းနှင့်ချီ၍ ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြခဲ့သောပြည်သူများကို စစ်အာဏာရှင်များက မတရားဖမ်းဆီး သတ်ဖြတ်လျက် အကြမ်းဖက်ဖြိုခွဲခဲ့သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တခုတည်းသောလမ်းဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေးကို တိုင်းရင်းသားပြည်သူများက ဆန္ဒတူရွေးချယ်ခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေးကို တူမီးနှင့်စခဲ့သည်။လေးမြားနှင့်စခဲ့သည်။ ရှေ့ထွက်မိုင်းနှင့်စခဲ့သည်။
တနည်းအားဖြင့် ပြောက်ကျားစနစ်ဖြစ်သည်။ ချွေစစ်ဖြစ်သည်။
ထို့နောက်ခုခံတွန်းလှန်စစ်မှတဆင့် ရင်ဆိုင်စစ်သို့ပြောင်းလာသည်။
စခန်းသိမ်း မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်လာခဲ့သည်။ ထိုသို့ဖော်ဆောင်နိုင်ရန်လည်း မိမိစစ်အင်အားကို တိုးချဲ့မြှင့်တင်လာရသည်။ တိုက်ရည်ပြည့်အောင် ဖြည့်လာရသည်။ စစ်တိုက်ရင်းစည်းရုံး၊ စစ်တိုက်ရင်းလေ့ကျင့်ကြရသည်။ အင်အားရှိသော တပ်ဖြစ်လာဖို့ “စုဆောင်း၊ လေ့ကျင့်၊ စုဖွဲ့ ၊ တိုက်ပွဲဝင်” ဟူသောလုပ်ငန်းစဥ်အဆင့်ဆင့်ကို စနစ်တကျဖော်ဆောင်ကြရသည်။
စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲပြီးနောက် ရန်သူ၏ အမာခံဌာနချုပ်များကိုချေမှုန်းနိုင်ဖို့ မိမိစစ်အင်အားကို ထုနှင့်ထည်နှင့်သုံးကာ ဖြိုစစ်ကို စကြရတော့မည်ဖြစ်သည်။
“ဖြိုစစ် “ဆိုရာတွင် ရုပ်ကိုရော စိတ်ကိုရော ဖြိုရမည်ဖြစ်သည်။ ပြိုဆင်းစပြုနေသော ရန်သူ၏အောက်ခြေပိုင်း လက်ကျန်စိတ်ဓာတ်ကိုအပြီးရိုက်ချိုးကြရပေမည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး၏ ဧရာဝတီတိုင်း စစ်ဌာနဗျူဟာ(၂၉)၊အခြေခံစစ်ပညာအပတ်စဥ် (၅) သို့ ပေးပို့သော သဝဏ်လွှာတွင် ပထမအဆင့်အနေဖြင့် တနိုင်ငံလုံးကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင်ဆောင်ရွက်ခဲ့ပြီး ဒုတိယအဆင့်တွင် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနိုင်ခဲ့ကြောင်း၊ တတိယအဆင့်အနေဖြင့် တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးစနိုင်အောင် ပြင်ဆင်နေပြီဖြစ်ကြောင်း ပါဝင်သည်။ ရန်သူကို စိတ်ရောကိုယ်ပါပြိုကျ ပြတ်ကျသွားအောင် ဖြိုကြရတော့မည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံနှင့်ကုလသမဂ္ဂတို့အနေဖြင့် NUG အစိုးရအဖွဲ့ကို တိတ်တဆိတ်ဆက်ဆံတာမျိုးမဟုတ်ဘဲ တရားဝင်လူသိရှင်ကြားဆက်ဆံကြဖို့ ပြောကြားခဲ့ရာ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် နှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံနိုင်ခဲ့ပြီဖြစ်သည်။ အာဆီယံဥက္ကဌအနေဖြင့် ယခင်ကဝိုင်းပယ်ထားသော မအလကိုပါ ခေါ်ယူတွေ့ဆုံကာ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး၊လူသားချင်းစာမှုအထောက်အကူပေးနိုင်ရေးများကိုဆွေးနွေးခဲ့ကြောင်းသိရသည်။ သို့သော် အကြမ်းဖက် မအလက ဆွေးနွေးခဲ့သော ၂ ချက်လုံးကို ချိုးဖောက်ပျက်ကွက်ခဲ့ပြီးဖြစ်သည်။ အာဆီယံရှေ့တွင်အပစ်အခတ်ရပ်စဲကြောင်း တရားဝင်ကြေညာပြီး ၂ ရက် မပြည့်ခင်မှာပင် ဗုံးကြဲတိုက်ခိုက်မှုများ မရပ်မနားဆက်လုပ်ခဲ့သည်။ ထို့ပြင် မလေးရှားနိုင်ငံက လူသားချင်းစာနာမှုအကူအညီအတွက် ငလျင်ဘေးသင့်စစ်ကိုင်းတိုင်းအတွင်း မြေပြင်ဆေးရုံဖွင့်လှစ်ဖို့ ဆေးဝါး ကရိယာပစ္စည်းအစုံအလင်နှင့် ကျန်းမာရေးဝန်ထမ်း ၇၀ အပါအဝင် လေယာဥ်နှစ်စီးဖြင့် လာရောက်မည့်အစီအစဥ်ကိုလည်း စစ်အုပ်စုက လုံခြုံရေးအကြောင်းပြကာ တားဆီးထားသည်။ ထို့သို့ဖြစ်ရခြင်းများမှာ စစ်ရှုံးမအလ၏ မလုံမခြုံဖြစ်နေသော စိတ်ခံစားရမှုများကြောင့်ပင် ဖြစ်သည်။
မအလသည် ငလျင်ဘေးအတွက် နိုင်ငံတကာကထောက်ပံ့ကူညီသော ငွေကြေးပစ္စည်းများကို မိမိစိတ်ကြိုက်သုံးခွင့်ရနေခြင်း၊ ငလျင်ဘေးဖြစ်၍ နိုင်ငံတချို့နှင့် ထိတွေ့ဆက်ဆံခွင့်ရလာခြင်း၊ လာရှိုးမြို့ကို တရုတ်၏စွက်ဖက်မှုဖြင့် ပြန်လည်ရယူနိုင်ခြင်း စသည့်အားသာချက်များရှိခဲ့သော်လည်း…
အဆက်မပြတ် စစ်ရေးရှုံးနိမ့်မှုများ၊ အမိန့်ပေးကွပ်ကဲမှု မနာခံခြင်းများ၊ တပ်ဖွဲ့လိုက်အလံဖြူထောင်ခြင်းများ၊ ဗိုလ်ချုပ်တချို့ကိုပင် ယုံကြည်စိတ်ချ၍မရတော့ခြင်း၊ ဌာနပေါင်းစုံတွင် ဖရဲသီးများရှိနေခြင်း၊ လက်နက်ခဲယမ်းများစွာ ဆုံးရှုံးနေခြင်းများ၊ အာဂျင်တီးနား ဖမ်းဝရမ်းကိစ္စနှင့် ICC ဖမ်းဝရမ်းကိစ္စများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး အခွင့်အလမ်းနည်းနေခြင်းများ၊ တရုတ်က သူ့လက်အောက်ခံကဲ့သို့ သြဇာပေးဆက်ဆံလာခြင်းများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အမျိုးမျိုးသော ပိတ်ဆို့မှုနှင့် ဖိအားများ၊ လူထုက” ဘောမ”ဟုခေါ်သော တပ်ထောက်ခံတချို့၏ မလေးမစားပြောဆိုဝေဖန်လာမှုများ၊ မိမိထိန်းချုပ်နယ်မြေ လျော့နည်းလာခြင်းများ၊ စစ်ကိုင်းငလျင်ဟူသောနိမိတ်ဆိုးနှင့် ပြိုကျပျက်စီးခဲ့သော လွှတ်တော်နှင့်စစ်ဘက် အဆောက်အအုံများ စသည့်အတွေးများက မအလအတွက် စိတ်ဓာတ်ပျက်ပြားဖွယ် ရိုက်ခတ်မှုများဖြစ်သည်။
မအလသည် အတုယောင်ရွေးကောက်ပွဲ၊ တွေ့ဆုံဆွေးနွေးပွဲများဖြင့် ထွက်ပေါက်ရှာဖို့ကြိုးစားလာရာ သူ၏ မရိုးနိုင်သော အချိန်ဆွဲခြင်း၊ အာရုံလွှဲခြင်း၊ သွေးခွဲခြင်း စသည့် ဗျူဟာများကိုပင် ထပ်ခါထပ်ခါကျင့်သုံးနေဦးမည်ဖြစ်သည်။
သို့ဖြစ်ရာ တော်လှန်ရေးအင်အားစုများအနေဖြင့် အသိသတိချပ်လျက် တက်ညီလက်ညီ ဘက်ညီစွာ ပေါင်းစုကြပြီး အထွေထွေထိုးစစ်ကြီးကို စတင်ကြရတော့မည်ဖြစ်သည်။ နှစ်သစ်ကူးအောင်ပွဲအဖြစ် အင်းတော်နှင့်ဖလမ်းကို ရခဲ့ပြီးဖြစ်သည်။ ဗန်းမော် စခန်း ၅ ခုကို သိမ်းနိုင်ခဲ့ပြီဖြစ်သည်။
နှစ်ဆန်းတရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတကြီး ဒူဝါလရှီးလ ပြောကြားခဲ့သော နှစ်သစ်ကူးမိန့်ခွန်းပါ
“လူထုရဲ့အားကောင်းခိုင်မာတဲ့ နှစ်သစ်ဖြစ်ပါတယ်။ညီညွတ်တဲ့ နှစ်သစ်ဖြစ်ပါတယ်။ အောင်ပွဲနှစ်သစ်ဖြစ်ပါတယ် “ဆိုသည့်အတိုင်း ကျွန်ုပ်တို့အားလုံး အောင်ပွဲနှစ်သစ်ကို ကြိုဆိုကြပါစို့။
Be the first to comment