41
တာပလု
‘ပျောက်သွားတဲ့ အပိုင်းအစများ’
လက်ဖက်ရည်ဆိုင် တဆိုင်မှာ အချိန်အကြာကြီးထိုင်ဖူးခဲ့တယ်။ ခဏခဏလဲ သွားထိုင်ဖြစ်တဲ့ဆိုင်ပါ။ နေတဲ့အဆောင်နဲ့ နီးလို့ မကြာခဏရောက်ဖြစ်တဲ့ ဆိုင်ဆိုလည်း မမှားပါဘူး။ ကိုယ်နေတဲ့နေရာနဲ့နီးလို့ လက်ဖက်ရည်သောက်ချင်လာတဲ့အခါ သွားထိုင်ဖြစ်တာလဲ ရှိတယ်။ တနေရာက မိတ်ဆွေအပေါင်းအသင်းတွေ လာရင်လဲ အဲ့ဒီလက်ဖက်ရည်ဆိုင်မှာပဲ ဧည့်ခံဖြစ်တယ်။
အဆောင်ပေါ်ကနေ လှမ်းကြည့်ရင်လဲ လက်ဖက်ရည်ဆိုင်ကို လှမ်းမြင်နေရတယ်။ မနက်ပိုင်း အဆာပြေတခုခု စားချင်တဲ့အခါမျိုးမှာလည်း ဒီလက်ဖက်ရည်ဆိုင်ပဲ ရောက်ဖြစ်တယ်။ လက်ဖက်ရည်အပြင် မုန့်ဖတ်သုပ်၊ ကြာဆံသုပ်တွေလဲရတယ်။ အဲ့ဒီလို မစားချင်ဘူးဆိုရင် လက်ဖက်ရည်နဲ့ မုန့်တခုခုနဲ့ တွဲစားလိုက်လို့လဲရတယ်။
လက်ဖက်ရည်ဆိုင်လေးထဲမှာ တနေကုန် လူတွေရှိနေတတ်တယ်။ ညနေပိုင်းရောက်တဲ့အခါမှာတော့ လက်ဖက်ရည်ဆိုင်ထဲက ဝန်ထမ်းကလေးတွေက သီချင်းတကြော်ကြော်သီဆိုရင်းနဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ သန့်ရှင်းရေးလုပ်နေတာကို တွေ့ရမှာပါ။ နည်းနည်းလေး ညဉ့်နက်သွားရင်တော့ လက်ဖက်ရည်ဆိုင်ထဲက ခုံလေးတွေဆက်ပြီး ဆက်ထားတဲ့ ခုံလေးတွေပေါ်က ခြင်ထောင်ထဲမှာ အိပ်မောကျနေတဲ့ ဝန်ထမ်းကလေးတွေကို အပြင်ကနေ ဖြတ်သွားတဲ့အခါ မြင်ရပါတယ်။
ခေတ်ကောင်းချိန်တဖြတ်ကဆို တညလုံး သွားလာလှုပ်ရှားလို့ ရခဲ့တယ်။ အဲ့ဒီအချိန်ကို ကောင်းကောင်းကြီး မှတ်မိနေတယ်။ မြို့ပြကြီးက တညလုံးအိပ်စက်တဲ့သူတွေ မရှိတော့ဘူးလားလို့ ထင်ရတယ်။ ဘာလို့လဲဆိုတော့ လမ်းသွား၊ လမ်းလာနဲ့ ကားအသွားအလာက တညလုံးပြတ်တယ်လို့က်ို မရှိခဲ့ဘူးလေ။ အဲ့ဒီလိုအချိန်ကာလတွေမှာ အနားကလက်ဖက်ရည်ဆိုင်က သူ့အလုပ်သူ လုပ်နေတာပါပဲ။ မနက်မိုးလင်းတာနဲ့ ဆိုင်ဖွင့်မယ်။ တနေကုန်လူတွေရှိနေမယ်။ တနေကုန်ဆိုလို့ နေ့လယ်ပိုင်းအချိန် တွေမှာတော့ ဆိုင်ထဲမှာ လူပါးနေတာမျိုးပေါ့။ ညနေမိုးချုပ်ပြီဆို ဆိုင်ထဲက ဝန်ထမ်းကလေးတွေရဲ့ သီချင်းသံကိုကြားရမယ်။
သူတို့ကို ဘယ်သူကမှ သီချင်းအော်မဆိုဖို့ မပြောသလို၊ ဆူညံနေလို့ဆိုပြီး လူကြီးအတိုင်ခံရတာမျိုးလဲ မရှိခဲ့ဘူး။ သူတို့အလုပ်ချိန်ပြီးလို့ သန့်ရှင်းလုပ်တဲ့အချိန်လေးပဲ လွတ်လွတ်လပ်လပ် သီချင်းအော်ဆိုကြတာမျိုးပါ။ အဲ့ဒီသီချင်းသံတွေက အချိန်အကြာကြီးတော့ ရှိမနေပါဘူး။ ညဦးပိုင်းအချိန်လောက်မှပဲ အသံတိတ်သွားကြပါတယ်။ ဒါလက်ဖက်ရည်ဆိုင်ရဲ့ တနေ့တာလုပ်ငန်းဆောင်တာ ပြီးဆုံးချိန်လို့ ပြောလို့ရပါတယ်။ ဆိုင်ဝန်ထမ်းကလေးတွေက စောစောစီးစီးအိပ်သွားကြပုံပါပဲ။ မနက်ဝေလီဝေလင်းအချိန်မှာ သူတို့စောစောထရမယ်။ ဈေးသွားတဲ့သူကသွားမယ်။ ဆိုင်ဖွင့်မယ့်သူက ဖွင့်မယ်။ ဆိုင်ရာဆိုင်ရာနေရာမှာ ကိုယ်စီတာဝန်တွေကို ထမ်းဆောင်ကြရမှာဆိုတော့ သူတို့ စောစောအိပ်သွားကြတာနေမှာပါ။
ခေတ်ကောင်းချိန်တဖြတ်မှာတုန်းကတောင် ညဦးပိုင်းကျော်သွားချိန်အထိတောင် သူတို့အပြင်မထွက်ကြဘူး။ လမ်းမသလားကြဘူးပေါ့။ သူတို့အလုပ်ချိန်မှာ ကိုယ့်တာဝန်ကိုကျေပွန်ဖို့အတွက် နားချိန်ကိုအပြည့်အဝယူပြီး အားမွေးကြတာလဲ ဖြစ်ချင်ဖြစ်မှာပါ။
ကျနော် အဲ့ဒီလက်ဖက်ရည်ဆိုင်ကို “ပိတောက်ရိပ် လက်ဖက်ရည်ဆိုင်”လို့ ကိုယ့်ဘာကိုယ် နာမည်ပေးလိုက်တယ်။ လက်ဖက်ရည်ဆိုင်နာမည်က သူ့ဘာသူ သပ်သပ်ရှိပြီးသားပါ။ ကျနော်တယောက်ထဲ ပေးထားတဲ့နာမည်ပါ။ အသိမိတ်ဆွေတွေလာတဲ့အခါ ဘယ်လမ်းထိပ်က “ပိတောက်ရိပ် လက်ဖက်ရည်ဆိုင်” ကိုလာခဲ့ပါလို့ ပြောလိုက်တာပဲ။
မိတ်ဆွေတယောက်ချင်းစီတိုင်းက ပိတောက်ရိပ်ဆိုတဲ့နာမည်လဲ မတွေ့ပါလားဆိုပြီး ပြန်ပြီး အငေါ်တူးကြတယ်။ အဲ့ဒီအခါကျရင်တော့ ဆိုင်ကိုရောက်လာဖို့က အဓိကပါဗျာ။ ဆိုင်နာမည် မသိရဘဲ လမ်းနာမည် လမ်းညွှန်ရင်လဲ ရနေတာပဲမဟုတ်လားလို့ ပြန်ပြောဖြစ်တယ်။ ပြီးတော့ ပိတောက်ရိပ်ဆိုတာ ကျနော့်ဘာကျနော် ဒီဆိုင်နာမည်ကို ပေးထားတာလို့ ထပ်ဆင့် ရှင်းပြရပါသေးတယ်။
လက်ဖက်ရည်ဆိုင်က ပိတောက်ပင်တွေရဲ့ အရိပ်အောက်မှာရှိနေတယ်။ ပိတောက်ပင်ရဲ့ အရိပ်အောက်မှာ ရှိနေတယ်လို့ ကိုယ့်ဘာကို ကြံကြံဖန်ဖန် ဆွဲယူလိုက်တာပါ။ ဘာလို့လည်းဆိုတော့ ၇လွာရှိတဲ့ အထပ်မြင့်တိုက်ခန်းတွေရဲ့ မြေညီထပ်မှာဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ဟာ ဘယ်လိုလုပ် ပိတောက်ရိပ်အောက်က လက်ဖက်ရည်ဆိုင်ဖြစ်နိုင်မှာလဲလို့ စောတကတက်လို့ရနိုင်ပါတယ်။ ပိတောက်ရိပ်အောက် ရောက်နေရအောင်ကလဲ ပိတောက်ပင်တွေက ၇ လွာတိုက်ခန်းရဲ့ အပေါ်ဆုံးခေါင်မိုးကိုကျော်လွန်ပြီး အရိပ်ကျနေတာမျိုးလည်း မဟုတ်ပြန်ဘူး။
ကျနော်ကတော့ လက်ဖက်ရည်ဆိုင်ထဲက ခုံတွေကို ထိုင်တာထက် ပိတောက်ပင်အောက်မှာ ရှိတဲ့ခုံတွေကိုပဲ ရွေးထိုင်ပါတယ်။ ဆိုင်ဘက်ရောက်လို့ အဲ့ဒီပိတောက်ရိပ်အောက်က ခုံတွေမှာ လူရှိနေတယ်ဆိုရင် တနေရာကိုလမ်းလျှောက်သွားပြီး အချိန်ကုန်အောင် လုပ်လိုက်တယ်။ အဲ့ဒီပိတောက်ရိပ်အောက်က ခုံတွေမှာ လူရှင်းသွားပြီဆို အမြန်ဆုံးခြေလှမ်းတွေနဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို ဦးတည်လိုက်တော့တာပါပဲ။
အဲ့ဒီခုံတွေမှာ ထိုင်လိုက်ရပြီဆို မြို့ပြကြီးမှာ ပိတောက်ရိပ်အောက်က လက်ဖက်ရည်ဆိုင်ကို ထိုင်လိုက်ရပြီဆိုတဲ့ အသိကို ရတယ်။ ကိုယ့်ကိုယ်ကိုလဲ ကိုယ်ထိုင်ချင်တဲ့နေရာမှာ ထိုင်ခွင့်ရလို့ စိတ်ကြီးဝင်နေတာမျိုးလဲ ရှိခဲ့တာပေါ့။ မိုးရာသီမှာတော့ ပိတောက်ရိပ်အောက်မှာ ထိုင်ခွင့်ရဖို့ မလွယ်ဘူး။ ဆိုင်က အဲ့ဒီပိတောက်ရိပ်အောက်မှာခင်းတဲ့ ခုံတွေကို ချမခင်းတော့လို့ဘဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့အနော်ရထာလမ်းမဘေးမှာ ပိတောက်ပင်တွေ သုံးလေးပင် ပေါက်ရောက်နေကြတယ်။ ပိတောက်ပွင့်ချိန်ဆို ပိတောက်ပင်တွေအားလုံးက အပွင့်တွေ လှိုင်လှိုင်ပွင့်နေကြတာပေါ့။ အဲ့ဒီအချိန်ဆို ပိတောက်ပင်တွေအားလုံးက ဝါထိန်နေတဲ့ အလှပန်းပင်ကြီးလို ရှိနေတတ်တယ်။ အဲ့ဒီပိတောက်ပင်ဘေးမှာတော့ လက်ဖက်ရည်ဆိုင် တဆိုင်ရှိပါတယ်။ အဲ့ဒါကြောင့် ကျနော်လဲ အဲ့ဒီလက်ဖက်ရည်ဆိုင်ကို ပိတောက်ရိပ် လက်ဖက်ရည်ဆိုင်ဆိုပြီး နာမည်ပေးဖြစ်သွားတာ ဖြစ်ပါတယ်။
ပိတောက်ရိပ်မှာ နေ့စဉ်ထုတ်သတင်းစာတွေဖတ်ပြီး လက်ဖက်ရည်သောက်ဖြစ်တယ်။ ဆိုင်ထဲက ကောင်တာမှာထိုင်တဲ့ အမျိုးသမီးက အသက် ၃၀ နဲ့ ၄၀ ပတ်ချာလည်တော့ ရှိလိမ့်မယ်။ အသားကညိုတဲ့ဘက်မှာ ရှိတယ်။ သူပုံစံက မှုံကုတ်ကုတ်၊ မလန်းမဆန်းပုံမျိုး။ ဆိုင်မှာ လူတွေတအားကျနေတဲ့အချိန် ဈေးရောင်းကောင်းနေချိန်မျိုးမှာတောင် ရွှင်ရွှင်လန်းလန်းပုံစံမျိုးတော့ မဟုတ်ဘူး။
လက်ဖက်ရည်ဆိုင်ထဲမှာ လူတွေအရမ်းမများတဲ့အချိန်မှာတော့ ဟေမာနေဝင်းရဲ့ သီချင်းကို ဖွင့်ပေးထားတယ်။ သီချင်းက သူကိုယ်တိုင်ဖွင့်ထားပုံရတယ်။ ဆိုင်ထဲမှာ ဆိုင်ဝန်ထမ်းတွေက အသက်အရွယ်အားဖြင့် ခပ်ငယ်ငယ်တွေပါပဲ။ ငယ်ဆို ကျောင်းနေအရွယ်ကလေးတွေလို့တောင် ပြောလို့ရမယ်။ ဒီထက်တိတိကျကျ ပြောလိုက်ရရင် အဲ့ဒီကလေးတွေက အလယ်တန်းကျောင်းသူ၊ ကျောင်သားအရွယ်တွေနဲ့ အထက်တန်းကျောင်းသူ၊ ကျောင်းသားအရွယ်တွေပါ။
ဖွင့်ထားတဲ့ သီချင်းက ဒီအရွယ်တွေ အကြိုက်ဖြစ်တဲ့ သီချင်းမျိုးမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ဒီလိုဆို ဆိုင်ထဲမှာ ဆိုင်ဝန်ထမ်း ဒါမှမဟုတ် မန်နေဂျာလိုရာထူးမျိုးနဲ့ တယောက်ယောက်များ ရှိနေလေဦးမလားဆိုပြီး လိုက်ကြည့်တော့လဲ မရှိပြန်ဘူး။ အဲ့ဒီတော့ သေချာပါတယ်။ သီချင်းဖွင့်သူဟာ အဲ့ဒီအမျိုးသမီးဆိုတာ။ ကျနော်က သူ့ကို အပျိုကြီးဆိုပြီး ဂုဏ်ပုဒ်တခုပေးလိုက်တယ်။ ဒါဟာ ကျနော့်အထင်နဲ့ပေးလိုက်တဲ့ ဂုဏ်ပုဒ်တခုပါ။ တကယ်အပျို ကြီး ဟုတ်မဟုတ်ဆိုတာ ဆိုင်ဝန်ထမ်းကလေးတွေ မေးကြည့်ရင်တော့ သိနိုင်ပါတယ်။
ဒီလိုမေးလိုက်ရင်လဲ သူ့ဆီနားပေါက်သွားရင် တဖက်လူ အထင်တမျိုးဖြစ်သွားနိုင်တယ်။ သူ့ကို အပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်အတိုင်းပဲထားလိုက်ပါတယ်။ အပျိုကြီးက လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့သူတွေကို တခါတလေမှာ သီချင်းဖွင့်ပြီး ဧည့်ခံတတ်ပါတယ်။ သူဖွင့်တဲ့သီချင်းတွေက ဟေမာနေဝင်းရဲ့ သီချင်းတွေချည်းပဲဖွင့်တာ။
ဟေမာနေဝင်းသီချင်းတွေကို စီးရီးလိုက်ကြီး ဖွင့်ပေးထားတတ်တယ်။ အဲ့ဒီလို သီချင်းဖွင့်ထားတဲ့အချိန်ဆို အပျိုကြီးက သုန်မှုံနေတဲ့မျက်နှာကနေ ရွှင်ရွှင်လန်းလန်း ဖြစ်နေတတ်တယ်။ ကောင်တာမှာထိုင်ပြီး သီချင်းထဲကအတိုင်း လိုက်ပါစီးမျောနေတတ်တယ်။ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့သူတွေထဲက တခုခုမှာချင်တာပဲဖြစ်ဖြစ်၊ ငွေရှင်းချင်တာပဲဖြစ်ဖြစ် အပျိုကြီးက ကလေးတွေကို ခေါ်ခိုင်းနေတာမျိုးမဟုတ်တော့ဘဲ သူကိုယ်တိုင် ကောင်တာကနေ ဆင်းလာပြီး မှာချင်တဲ့သူကမှာ၊ ငွေရှင်းချင်တဲ့သူကလဲ ရှင်းပေါ့။ အဲ့လိုအချိန်မျိုးမှာ အပျိုကြီးက ဖျတ်ဖျတ်လတ်လတ် ရှိနေတာမျိုးပါ။
သီချင်းဖွင့်ထားတဲ့အချိန်မဟုတ်ဘူးဆိုရင်တော့ ဒီလိုအမူအရာမျိုး မတွေ့ရပါဘူး။ ကောင်တာမှာပဲ ခပ်ဆိတ်ဆိတ် ထိုင်နေတတ်တယ်။ ဟေမာနေဝင်သီချင်းတွေက သူ့ကို လန်းလန်းဆန်းဆန်းဖြစ်အောင်လုပ်နိုင်တဲ့သဘောတော့ ရှိပါတယ်။ ဟေမာနေဝင်းသီချင်းတွေထဲမှာ “ကိုကိုရေသိပ်ချစ်တယ်၊ အစွဲကြီးစွဲမိပြီကွယ်”ဆိုတဲ့ နေရာမျိုးမှာဆို အပျိုကြီးက အသံထွက်တဲ့အထိကို လိုက်ဆိုနေတတ်တယ်။ ကျနော်ထိုင်တဲ့ခုံက ကောင်တာနဲ့ ခပ်လှမ်းလှမ်းကနေတောင် တချက်တချက် သူလိုက်ဆိုနေတဲ့ သီချင်းဆိုသံကြားရတာဆိုတော့ သူသီချင်းထဲမှာ နှစ်နှစ်ကာကာကြီးကို လိုက်ပါစီးမျောနေတာ သိသာပါတယ်။
ကျနော်အပါအဝင် လက်ဖက်ရည်ဆိုင်ထဲရှိနေကြသူတွေက သူ့ကိုကြည့်ပြီး တခုခုစဉ်းစားစရာရသွားစေနိုင်ပါတယ်။ အပျိုကြီးမှာ ကိုကိုတယောက်ရှိနေတာလား။ ကိုကိုတယောက် ရှိခဲ့ဖူးတာလား။ တနယ်တကျေးက ကိုကိုတယောက်ကို လွမ်းလွမ်းဆွေးဆွေးနဲ့ တမ်းတနေရတာလားဆိုတာ တွေးမိကောင်း တွေးမိပါလိမ့်မယ်။
ဟေမာနေဝင်းသီချင်းတွေကို နာထောင်ချင်ရင် ဒီလက်ဖက်ရည်ဆိုင်ကို လာထိုင်ကြပါလို့ပဲ ပြောရမယ်။ ဘာလို့လည်းဆိုတော့ ဒီလက်ဖက်ရည်ဆိုင်မှာ ဟေမာနေဝင်းသီချင်းကလွဲရင် တခြားသီချင်းမဖွင့်ဘူး။ ဆိုင်ဝန်ထမ်းကလေးတွေက ညနေပိုင်းဆိုင်သန့်ရှင်းရေးလုပ်တဲ့အချိန်မျိုးမှာ သူတို့အကြိုက် တခြားသီချင်းတွေ အော်ဆိုနေတာမျိုးကြားရတယ်။ လက်ဖက်ရည်ဆိုင်ထဲ သူတို့အလုပ်လုပ်နေချိန်မှာ သူတို့ကြိုက်တဲ့ သီချင်းမျိုး ဖွင့်ပေးကောင်းတာပေါ့လို့ တွေးမိလိုက်တယ်။
တနေကုန်အလုပ်ချိန်ထဲ ငြီးငွေ့နေချိန်မျိုးမှာ ကိုယ်ကြိုက်တဲ့ သီချင်းလေးဖွင့်ပေးထားရင် စိတ်သက်သာရာတခုခုကို ရနိုင်ကောင်းတာပေါ့။ အခုတော့ ဒီလိုမဟုတ်ပါဘူး။ ဒီလက်ဖက်ရည်ဆိုင်မှာ သီချင်းဖွင့်ပြီဆိုတာနဲ့ ဟေမာနေဝင်းသီချင်းပဲဖွင့်တယ်။ တခြားအဆိုတော်တွေရဲ့ သီချင်းကိုမဖွင့်ဘူး။
ကျနော်တော့ လက်ဖက်ရည်ဆိုင်ထဲက ဟေမာနေဝင်းသီချင်းကို လိုက်ပါစီးမျောနေလိုက်တယ်။ အဆောင်မှာလည်း ကျနော့်ကိုပြောကြတယ်။ ဆရာကြီးက ရှေ့မီနောက်မီ ကုလားထိုင်ကြီးတဲ့။ အဆောင်တဆောင်လုံးကလဲ ကျနော့်ကို ဆရာကြီးလို့ပဲခေါ်ကြတယ်။ ဘယ်လိုက ဘယ်လို ဆရာကြီးဖြစ်သွားလဲတော့ မသိပါဘူး။
ရှေ့မီနောက်မီ ကုလားထိုင်ကြီးလို့ ပြောကြတာ ကျနော်က ဒီဘက်ခေတ်သီချင်းတွေကိုလည်း ကြိုက်တယ်။ ကျနော်တို့ မျိုးဆက်မတိုင်ခင်က သီချင်းတွေလဲ ကြိုက်တယ်။ ကြိုက်တာအပြင်ကို သီချင်းတွေပါ တပိုင်းတစ ရနေတာပါ။ အဆောင်မှာ ဘယ်သူက ဘာသီချင်းဖွင့်ဖွင့် ကျနော်လိုက်ဆိုနိုင်တယ်။ အဲ့ဒါကိုပဲ အဆောင်မှာ ကျနော့်ကို ရှေ့မီနောက်မီ ကုလားထိုင်ကြီးဆိုပြီး သတ်မှတ်ကြတာနေမှာပါ။ အဆောင်နေသူတွေကလဲ လက်ဖက်ရည်ဆိုင်ကိုတော့ မရောက်ဖူးတဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ပိတောက်ရိပ် လက်ဖက်ရည်ဆိုင်ကို ရောက်လာကြတဲ့သူတွေထဲ မှတ်မိနေသူတွေလဲ ပါရဲ့။ မှတ်မိနေသူတွေကို ဖက်လဲတကင်း နှုတ်ဆက်ဖို့၊ ပြန်ပြီး မိတ်ဆက်ကြဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။
ဘယ်သူကဘာဆိုတာလဲ မသိနိုင်ဘူးပေါ့။ အထူးသဖြင့် ဒီလိုကာလမျိုးမှာ အရင်ကသိခဲ့ကြသူတွေနဲ့ မျက်နှာသစ် ထပ်ပြီး မိတ်ဆွေဖြစ်ကြသူတွေရှိပါတယ်။ သူတို့တွေကို ပြန်ပြီးမိတ်ဖွဲ့ဖို့ဆိုတဲ့အချက်က လွယ်ကူမနေပါဘူး။ ဘာအလုပ်လုပ်လဲ ဆိုတဲ့မေးခွန်းကို အမေးမခံရဖို့ ရှောင်လိုက်တာလဲ ဖြစ်ချင်ဖြစ်မှာပါ။
ပိတောက်ရိပ် လက်ဖက်ရည်ဆိုင်ထဲမှာ ဦးလှသက်မောင်ကို လှမ်းတွေ့လိုက်တယ်။ ထိုင်နေတဲ့ နှစ်ခုံကျော်လောက်ကပေါ့။ သူက တချိန်က သတင်းဂျာနယ်တခုနဲ့ အိမ်ခြံမြေဂျာနယ်တခုကို တပြိုင်ထဲ ထုတ်ဝေးခဲ့တဲ့ ထုတ်ဝေသူပေါ့။ မလှမ်းမကမ်းခုံမှာတော့ စာရေးဆရာ ကြူးနှစ်ကို လှမ်းမြင်နေရတယ်။ သူ့ဘေးမှာတော့ ရဟန်းဝတ်နဲ့ စာရေးဆရာတွေကိုလဲ တွေ့ရတယ်။ သူတို့ဝိုင်းကလဲ သူ့အရှိန်နဲ့သူ ဆွေးနွေးခန်းဝင်နေကြတယ်။
လက်ဖက်ရည်ဆိုင်ထဲမှာ မသင်္ကာစရာ လူတချို့ကိုလဲ တွေ့ရတယ်။ သူတို့က စရဖတွေလား။ စသုံးလုံးတွေလား မပြောတတ်ဘူး။ လက်ဖက်ရည်ဆိုင်ထဲ မယောင်မလည်လုပ်ပြီး ထိုင်နေကြတာတော့ သိသာပါတယ်။ ဒီလိုဆိုင်မျိုးမှာ သူတို့ပစ်မှတ်ထားတဲ့သူတွေကို မျက်လုံး ဒေါက်ထောက်ကြည့်ဖို့ ကျားချောင်းချောင်းနေတာလဲ ဖြစ်နိုင်ပါတယ်။ အရင်ကလိုတော့ လွတ်လွတ်လပ်လပ်မဟုတ်တော့ဘူးပေါ့။ တွေးစရာ၊ ငေးစရာတွေကို စိတ်လွတ်လက်လွတ် တွေးလို့မရတော့ဘူးပေါ့။ သံသယစိတ်နဲ့ ထိုင်၊ သံသယစိတ်နဲ့ လက်ဖက်ရည်တခွက်ကို လည်ချောင်းထဲ ဘယ်လိုဝင်သွားမှန်းမသိတဲ့ တချို့ရက်တွေ ရှိလာပါတယ်။
ကျနော်တို့ကို နေမှု၊ ထိုင်မှုပုံစံတွေကို အတင်းအဓမ္မ ရိုက်ချိုးဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အခုလို အခြေအနေတွေက တစတစပိုပြီး ကြီးထွားလာတော့တာပါပဲ။ အဖိုး၊ အဖွားတွေရဲ့ စကားသံကိုလဲ ပြန်ကြားယောင်လာတယ်။ သွားသတိ၊ လာသတိ၊ စားသတိဆိုတာ။ အရာရာကို သတိနဲ့ ဆင်ခြင်ပြီးနေရတဲ့ နေ့ရက်တွေကို ရောက်လာပါတော့တယ်။
တရက်မှာ ပိတောက်ရိပ်လက်ဖက်ရည်ဆိုင်ထဲ စစ်သားတွေ အုပ်လိုက်ကြီးရောက်လာတယ်။ ဘာအကြောင်းရှိလဲတော့မသိဘူး။ လက်ဖက်ရည်ဆိုင်ထဲက လက်ဖက်ရည်လာသောက်သူကိုလား။ ဆိုင်ပိုင်ရှင်ကိုလား။ ဆိုင်ထဲက မန်နေဂျာအဆင့်ရှိတဲ့သူကိုလား ဆိုတဲ့ လားမေးခွန်းတွေ ဆက်တိုက်ဆိုသလို စိတ်ထဲကနေ ရေရွတ်နေမိတယ်။ အနီးက အသုပ်စုံရောင်းတဲ့ အမျိုးသမီးကြီးက စစ်သားတွေ လက်ဖက်ရည်ဆိုင်ပတ်လည်မှာ အုပ်လိုက်ကြီးရောက်နေကြတယ်။ အဲ့ဒီနေရာနဲ့အနီးအနားကို မသွားကြဖို့ သူနဲ့နီးစပ်ရာကို လိုက်ပြောပေးနေရှာတယ်။
ပိတောက်ရိပ်လက်ဖက်ရည်ဆိုင်ဟာ ရုပ်ချည်းဆိုသလို ကျနော်နဲ့ စိမ်းစိမ်းကားကားကြီးကို ဖြစ်သွားတာ။ ကျနော်ကိုမှ မဟုတ်ပါဘူး။ လက်ဖက်လာသောက်နေကြ ဖောက်သည်တွေကိုလည်း သူစိမ်းဆန်ဆန် ဖြစ်သွားပါတော့တယ်။ လက်ဖက်ဆိုင်ကို စစ်သားတွေ ရောက်လာတဲ့အချိန်ကစပြီး အဲ့ဒီဆိုင်ဘက် ဘယ်သူကမှ ခြေဦးမလှည့်ကြတော့ဘူး။ ဘာတွေဖြစ်သွားတာလဲဆိုတာ ဘယ်သူကမှလဲမသိကြဘူး။ မမေးမစမ်းရဲကြတာလဲ ဖြစ်ချင်ဖြစ်မှာပါ။ တယောက်က ရဲစခန်းအခေါ်ခံရပြီး ပြန်လွှတ်ပေးတယ်လို့လည်း သတင်းထွက်တယ်။ သတင်းအရပါပဲ။ သေချာသလားဆိုတာတော့ မသေချာဘူးလို့ပဲ ပြောရမှာပါ။
ရက်ပိုင်းအတွင်းမှာပဲ ပိတောက်ရိပ်လက်ဖက်ရည်ဆိုင်ကြီးက မရှိတော့ပါဘူး။ ဒီနေ့ညနေလောက်က ဆိုင်ကို မြင်နိုင်လောက်တဲ့နေရာကနေကြည့်မိတော့ ဆိုင်ထဲမှာ ခုံတွေရှိနေသေးတယ်။ နောက်တနေ့မိုးလင်းတော့ အလုံပိတ်ထားတဲ့ အခန်းတခု ဖြစ်သွားပါတော့တယ်။
အဲ့ဒီနေ့ကစပြီး ပိတောက်ရိပ်လက်ဖက်ရည်ဆိုင် မရှိတော့ပါဘူး။ ဆက်ပြီးတွေးမိတာက လက်ဖက်ရည်ဆိုင် တော်တော်များများက မြို့ပြင်ဘက် ရောက်ရောက်သွားကြတာကိုပါ။ မြို့လယ်မှာတော့ Beauty Salon လိုဆိုင်တွေနဲ့ ဘီယာဆိုင်၊ ဘားဆိုင်တွေကတော့ အသစ်အသစ်တွေ ပေါ်ပေါ်လို့လာတာကို သတိထားမိတယ်။
ဒီအရာတွေက လက်ဖက်ရည်ဆိုင်တွေကို မြို့ပြင်ရောက်အောင် တွန်းပို့နေသလားတော့မပြောတတ်ပါဘူး။ အင်းစိန်လမ်းမပေါ်မှာ၊ တောင်ဥက္ကလာဘက်မှာ လက်ဖက်ရည်ဆိုင်တွေဟာ ပိုလို့တောင်များလာသလိုပဲလို့ သတိထားမိလိုက်တယ်။ တခါတခါပြန်လွမ်း၊ ပြန်အမှတ်ရ၊ ပြန်သတိရမိတဲ့ ပိတောက်ရိပ် လက်ဖက်ရည်ဆိုင်လဲ မြို့ပြင်တနေရာမှာ အရင်က သူ့မူရင်းနာမည်အတိုင်းပဲ နေရာရွေ့သွားမှာလား။ တခြားနာမည်တခုခုနဲ့ နေရာရွေ့ပြီး ရှင်သန်နေမလားဆိုတာတော့ တွေးမိပါတယ်။
တကယ်တော့ ပိတောက်ရိပ် လက်ဖက်ရည်ဆိုင် နေရာရွေ့သွားရအောင် ဘာတွေများ ရှိခဲ့လို့လည်းဆိုတဲ့ မေးခွန်းကိုတော့ ဒီနေ့ဒီအချိန်အထိ အဖြေမရသေးပါဘူး။ ခေတ်ကာလရဲ့ ရိုက်ခတ်ထိုးနှက်ချက်က တချို့အရာတွေကို ခြေရာလက်ရာပါ မကျန်အောင် ပျောက်ကွယ်ပေးလိုက်ရတာ အထင်အရှားပါပဲ။
လူမသိသူမသိ ပျောက်ကွယ်သွားကြတာတွေ၊ လူသိရှင်ကြား ပျောက်ကွယ်သွားကြရတာတွေ၊ ပျောက်ကွယ်သွားကြပုံချင်း မတူညီတာမျိုးတော့ ရှိကောင်းရှိမှာပါ။ တူညီတာက ခေတ်ဆိုးတခုရဲ့ ထိုးနှက်ချက်ကို အလူးအလဲခံကြရပြီး အလိုမတူဘဲ စုန်းစုန်းမြုပ်ပျောက်ကွယ်ပေးရတာတွေက အများသားမဟုတ်လား။ ပိတောက်ရိပ်အောက်က လက်ဖက်ရည်ဆိုင်တော့ ပိတောက်ရိပ်အောက်ကနေပဲ ထွက်ခွာလို့သွားခဲ့ပါပြီ။ အဲ့ဒီနေရာကို Beauty Salon ဆိုင်တခုရောက်ချလာတယ်။ အဲ့ဒီဆိုင်က သာမန်လူတန်းစားတွေအဖို့တော့ မျက်စောင်းမထိုးရဲတဲ့ နေရာတခုပေါ့။
ဆံပင်တခါညှပ်ရဖို့အရေး သာမန်ဝင်ငွေရှိသူတွေအဖို့တော့ အနားကပ်လို့ရနိုင်မယ်လို့တော့ မထင်ပါဘူး။ အဲ့ဒီအခန်းလေးက သာမန်လူတန်းစားတွေ ခရီးတထောင့်နားခိုရာ၊ တချို့သောသူတွေရဲ့ စကားဝိုင်းဖွဲ့ ဆွေးနွေးရာနေရာ၊ ဆာလောင်နေသူတွေအဖို့ အိတ်ကပ်ထဲ ငွေနည်းနည်းရှိရုံနဲ့ ဟာနေနဲ့ ဝမ်းကိုဖြည့်ဖို့ ဦးတည်ရောက်လာကြတဲ့ နေရာတခု ဖြစ်ခဲ့ဖူးတဲ့အကြောင်း ဘယ်သူကမှ သတိထားမိကြမယ်မထင်ပါဘူး။
ပိတောက်ရိပ်အောက်မှာ တသွေးတမွေး၊ တခမ်းတနား ရှိလှတဲ့ ဆိုင်ခန်းတခု ဖြစ်သွားခဲ့ပါပြီ။ ပိတောက်ပင်ကြီးကတော့ တချိန်က သူ့အရိပ်အောက်က လက်ဖက်ရည်ဆိုင်ကို လာနေကြဧည့်သည်တွေကို စောင့်မျှော်ကောင်း မျှော်နေရှာမှာပါ။ ပိတောက်ပင်ကြီးအောက်မှာ ခြေရာလက်ရာတချို့ ရှိခဲ့ဖူးပါတယ်။ အခုတော့ ပျောက်ကွယ်သွားတဲ့ အပိုင်းအစတွေထဲက တခုအနေနဲ့ တချို့သောသူတွေရဲ့ ရင်ထဲမှာ အမှတ်တရအနေနဲ့ သိမ်းဆည်းထားနိုင်ကောင်းပါရဲ့……။ ။
