ဖြစ်ပုံကိုယ်တွေ့တခု (၄)

by The Call
‘ဖြစ်ပုံကိုယ်တွေ့တခု (၄)’
◼️ ထွင်
စာရေးဆရာတွေဟာ တခါတလေမှာ ရေးစရာ ကုန်ကြမ်း ပြတ်လပ်သွားသည့်အခြေအနေမျိုး ကြုံရတတ်ပါသည်။ အဲ့သည်အခါမျိုးဆို ငါ့မှာ ရေးစရာမရှိတော့ဘူး၊ ရှေ့လျှောက် စာရေးဆရာအဖြစ် ဘယ်လိုဖြတ်သန်းရပါ့ ဆိုပြီး တွေးပူကာ စိတ်ဓာတ်ကျတတ်ကြပါသည်။ ကုန်ကြမ်းရလာဖို့ စာဖတ်သင့်တယ်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သော်လည်း စိတ်ဓာတ်ကျနေတော့ စာဖတ်ဖို့ကိုလည်း လုံးဝ စိတ်မပါနိုင် ဖြစ်နေတတ်သည်။ အဲ့သည်လို ဖေ့ဘုတ်ပေါ် တခါပို့စ်တင်ဖူးတော့ ဆရာသမားတွေက ဖြစ်တတ်ပါတယ်ဟု ပြောကြသည်။
စာရေးသူဖြစ်သောကျွန်ုပ် ကုန်ကြမ်းပြတ်လို့ စိတ်ဓာတ်ကျနေချိန် အစ်မက ထမင်းလက်ဆုံစားရင်း သတင်းတခု ပြောလာခဲ့တော့ စာရေးဖို့ ကုန်ကြမ်းတခု ဖျတ်ကနဲ ပေါ်လာခဲ့သည်။ အတော်လေးကို စိတ်မချမ်းသာစရာကောင်းသည့် ဖြစ်ရပ်မှန်တခုပါ။ ထိုအဖြစ်အပျက်က ကျွန်ုပ်နှင့်လည်း အနည်းငယ်ဆက်စပ်သဖြင့် ရေးဖို့ ကုန်ကြမ်းပေါ်ရခြင်း ဖြစ်သည်။ အနည်းငယ်သာ ဆက်စပ်သော်လည်း အတော်ကလေး ရှုပ်ထွေးသဖြင့် ဘယ်ကနေ အစပျိုးရမည်ကို စဥ်းစားခဲ့ရသည်။
ဝါရင့်၊ သမ္ဘာရင့် စာရေးဆရာကြီးတွေလို လှည့်ကွက်တွေနှင့် မတင်ပြတတ်တော့ သည်ကနေပဲ စလိုက်ပါမည်။
ကျွန်ုပ်က စာအုပ် ချုပ်ပါသည်။ ကျွန်ုပ်တို့ဒေသမှာ နယ်မြေ အတော်အသင့် စိုးမိုးနိုင်ခဲ့ပြီ။ (မသိမ်းနိုင်သေးသော ပျူစောထီးများ အထိုင်ချရွာများ ရှိနေသေးသည့်တိုင်) ဘယ်လောက်အထိ စိုးမိုးနိုင်သလဲဆို ၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲမှာ ကျွန်ုပ်တို့၏ နယ်မြို့နှင့် ကျေးရွာပေါင်း ၃၂၉ ရွာရှိသော တနယ်လုံးဆီက​နေ မဲတပြားမှ ရနိုင်တော့မည်မဟုတ်သည်အထိ စိုးမိုးနိုင်ခဲ့ခြင်းပါ။ ထို့ကြောင့် ကျွန်ုပ်တို့နယ်တွင် ကြားကာလ NUG အစိုးရလက်အောက်ခံ တက္ကသိုလ်နှင့် စာသင်ကျောင်းများ ဖွင့်နိုင်ခဲ့ပါပြီ။
ထို့ကြောင့် ကျောင်းဖွင့်တိုင်း တရွာလုံးက ကျောင်းသား၊ ကျောင်းသူလေးများက ကျွန်ုပ်ထံ စာအုပ်ချုပ်ကြသလို အနောက်ရွာမှ ကျောင်းသူကျောင်းသားလေးများကလည်း ကျွန်ုပ်ထံ စာအုပ်လာချုပ်ကြပါသည်။ အနောက်ရွာမှာ စာအုပ်ချုပ်သမား မရှိသောကြောင့်ပါ။ အနောက်ရွာမှ ဆရာ၊ ဆရာမများက ချုပ်မည့်သူများလို့ ရွာကို လာချုပ်ရင် ပိုအဆင်ပြေမည်ဆိုလို့ ကျွန်ုပ်လည်း စာအုပ်ချုပ်ပစ္စည်း အစုံအလင်ကို ခြင်းထဲ ထည့်ပြီး အနောက်ရွာသို့ ဆိုင်ကယ်လေးနှင့် သွားပါသည်။ ကျွန်ုပ်၏ အကိုတဝမ်းကွဲအိမ်မှာ ချုပ်ပါသည်။
အနောက်ရွာမှ ကျောင်းသူလေးတဦးကတော့ စာအုပ်ချုပ်ခကို စပီးကင်း လာတက်ရင်း ပေးပါမည်ဟု ပြောသွားခဲ့သည်။ ကျွန်ုပ်တို့ရွာတွင် ညနေပိုင်း စပီးကင်းသင်တန်းရှိသဖြင့် ပတ်ဝန်းကျင်ရွာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများ လာတက်ကြပါသည်။ ကျွန်ုပ်လည်း အနောက်ရွာသူလေး စာအုပ်ချုပ်ခ ပေးလာမလားဟု တမျှော်မျှော် ဖြစ်နေခဲ့သည်။ ကျွန်ုပ်က ဘယ်အကြွေးမဆို တောင်းရမှာ အရမ်းရှက်သဖြင့် မတောင်းမိ။ တလလောက်သာ ကြာသွားသည်။ ကျောင်းသူလေးထံက စာအုပ်ချုပ်ခ ပေးမလာသေးပါ။ သည့်ကြောင့် မိသားစု ထမင်းလက်ဆုံစားရင်း စာအုပ်ချုပ်ခ မရသည့်အကြောင်း ညည်းညူလိုက်မိသည်။ သည်တော့မှ အစ်မပြောလိုက်သည့် စကားကြောင့် စာအုပ်ချုပ်ခ မပေးသေးသည့် အကြောင်းစုံကို သိလိုက်ရပါသည်။ တကယ့်ကို ရင်နင့်ဖွယ် ဖြစ်ရသည့်အကြောင်းပါ။ ဖြစ်ပုံကလေးကို မြှုပ်ချင်သေးသဖြင့် အစ်မပြောသည့်စကားလေးကို ခဏလောက် ချန်ထားလိုက်ပါဦးမည်နော်ခမျ။
ထို ကျောင်းသူလေး၏ ကိစ္စက အလျင်က ဖြစ်ပျက်ခဲ့ဖူးသော ကိစ္စတခုနှင့် ဆက်စပ်နေသောကြောင့်ပါ။ ထို ဆက်စပ်သော အဖြစ်အပျက်ကလေးက သည်လိုပါ။
ကျောင်းသူလေး၏ ယခုအဖြစ်အပျက်က ၂၀၂၅ ခုနှစ်မှာ။ ဆက်စပ်ပတ်သက်သည့် ကိစ္စကတော့ ၂၀၂၂ ခုနှစ်မှာပဲ ဖြစ်လေသည်။
၂၀၂၂ ခုနှစ်တုန်းကတော့ ကျွန်ုပ်က ယခု ကျွန်ုပ်ရောက်ရှိနေသည့် မိမိဇာတိရပ်ရွာမှာ မဟုတ်ဘူးပေါ့။ ကျွန်ုပ်တို့နယ်မဟုတ်သော နယ်တခုမှာပါ။ ထိုနယ်မှာ ကျွန်ုပ်က တော်လှန်စားဖိုမှူးတာဝန် ထမ်းဆောင်နေခဲ့သည်။ ထိုနယ်မှာ ကျွန်ုပ်၏ အကိုတဝမ်းကွဲရှိ၏။ ထို အကိုတဝမ်းကွဲကား အနောက်ရွာမှ ကျွန်ုပ်စာအုပ်ဝင်ချုပ်ရာအိမ်၏ အိမ်ပိုင်ရှင်ဖြစ်သည်။ ထိုစဥ်က ကျွန်ုပ်တို့နယ်တွင် နယ်မြေ မစိုးမိုးနိုင်သေးသောကြောင့် ထိုနယ်မှာ နေရခြင်းဖြစ်သည်။ ယခုတော့ နယ်မြေစိုးမိုးနိုင်သွားပြီဖြစ်သဖြင့် ကျွန်ုပ်ရော အကိုဝမ်းကွဲရော အိမ်ပြန်နိုင်ကြပြီဖြစ်သည်။
အကိုဝမ်းကွဲက ပအဖ ဖြစ်သည်။ ကျွန်ုပ်က ပကဖ။ သပ်သပ်စီ။ အကိုဝမ်းကွဲက ဇနီးရော၊ မသန်စွမ်းညီအရင်းနှင့်အတူ တောအိမ်ကလေးတွင် နေထိုင်ပါသည်။ မသန်စွမ်းညီက စစ်ရှောင်ရလျှင် မပြေးနိုင်သဖြင့် လိုက်နေခြင်းဖြစ်သည်။ ကျွန်ုပ်၏ ပကဖ နေရာကား အကိုဝမ်းကွဲတို့၏ နေရာနှင့် သိပ်မဝေးပါ။ ထို့ကြောင့် ကျွန်ုပ်က နေ့ဆိုလျှင် ပကဖထံ ခြေကျင်သွားကာ စားဖိုမှူးတာဝန် ထမ်းဆောင်ပါသည်။ နေ့လယ်စာနှင့် ညစာကို ချက်ပြုတ်ပါသည်။ ညစာချက်လျှင်တော့ ထမင်းကို နောက်နေ့ နံနက်စာပါ လောက်ငအောင် များများချက်သည်။ နံနက်စာထမင်းကိုတော့ ပကဖတွင် နေကြသည့် ပီဒီအက်ဖ်များကိုယ်တိုင် ကြော်စားကြပါ၏။ ဆိုတော့ဖြင့် ကျွန်ုပ်သည် နံနက်စာထမင်းကို မကြော်ရသည်ကလွဲလို့ တနေကုန်သုံးနပ်စာလုံးကို ချက်ပြုတ်ပေးခြင်းဖြစ်သည်။ ကျွန်ုပ်ကတော့ မိုးချုပ်သည်နှင့် ပကဖ ကနေ ပြန်ကာ အကိုဝမ်းကွဲအိမ်တွင် နေထိုင်ပါသည်။ အကိုဝမ်းကွဲက ပကဖမှာ မအိပ်စေသောကြောင့်ပါ။ မရီးချက်ပြုတ်ကျွေးသော ညစာနှင့် နံနက်စာကို အကိုဝမ်းကွဲတို့ မိသားစုနှင့် အတူစား၏။
ကျွန်ုပ်သည် ပကဖတွင် ကိုယ်တိုင်ချက်သော ဟင်းလျာများကို နေ့လယ်စာကလွဲလို့ ညစာနှင့် နံနက်စာများတွင် မစားရ။ ပကဖတွင် ဟင်းကောင်းများ ရှိလျှင် ငတ်ရ၏။ အသားများက ညစာမှ ရောက်လာလျှင်တော့ ကိုယ်တိုင်ချက်သော ဝက်သား၊ ကြက်သား၊ အမဲသားများကိုပင် မစားရပေ။ ထို ဟင်းကောင်းများသည် ညစာတွင် မကုန်လျှင် နံနက်စာတွင် ကုန်ကြ၏။ နေ့လယ်စာသာ စားရသော ကျွန်ုပ်ဖို့ မကျန်တတ်တော့။ သို့သော်လည်း မရီး၏ လက်ရာက အလွန်ကောင်းမွန်လှသဖြင့် ကျေနပ်ရပါသည်။
တညနေတွင်တော့ ကျွန်ုပ်သည် ပကဖအတွက် ညစာနှင့် နံနက်စာ ချက်ပြုတ်အပြီး အကိုဝမ်းကွဲတို့ရှိရာ ​​တောအိမ်ကလေးသို့ ပြန်လာခဲ့ပါသည်။ တောအိမ်တွင် အကိုဝမ်းကွဲနှင့် မရီးတို့ မရှိနေ။ မီးဖိုချောင်ထဲ လှမ်းကြည့်လိုက်တော့ မသန်စွမ်းအကိုဝမ်းကွဲငယ် ထမင်းချက်နေသည်ကို တွေ့ရ၏။ သည့်ကြောင့် အကိုကြီးနှင့် မရီးကို ရည်ရွယ်ပြီး ဘယ်သွားကြလဲ ဟု မေးလိုက်သည်။
“အသုဘရှိလို့ ရွာပြန်သွားတယ်၊ ရွာက ပီဒီအက်ဖ်လေး ဖိုးဇင် ကျသွားလို့လေ”
“ဟင် ဖြစ်ရလေ၊ ဘယ်လို ဖြစ်ရတာလဲအကိုရယ်”
“စစ်ခွေးတွေရဲ့ ကင်းပုန်းမိလို့လေ၊ အသတ်ခံရတာများ ရစရာ မရှိဘူး၊ ရက်ရက်စက်စက်ပဲတဲ့”
“ဖြစ်မှ ဖြစ်ရလေအကိုရာ”
ဖိုးဇင်၏ ခန္ဓာကိုယ်ပေါ်က ရက်ရက်စက်စက်အချင်းအရာများကို အကိုဝမ်းကွဲက ပြောပြပါသည်။ ဖိုးဇင့်အပေါ် စစ်ခွေးတို့၏ ရက်စက်မှုကို ကြားရသည့်အခါ ကျွန်ုပ်၏ ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်သွားလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
တိုက်တိုက်ဆိုင်ဆိုင် ဖိုးဇင်ကြုံခဲ့သော နေရာသည် ကျွန်ုပ်၏ ယာမြေအနားတွင် ဖြစ်သည်။ ထို ယာအနားတွင် မနက်တနက် ချောက်ကလေးတခုရှိသည်။ ထိုချောက်ကလေးသည် ကင်းပုန်းဝပ်ဖို့ နေရာကောင်းကလေး ဖြစ်နေသည်။ ကျွန်ုပ်လည်း နယ်မြေစိုးမိုးနိုင်ပြီးလို့ အိမ်ပြန်သည့် ထိုယာပေါ်တွင် တောင်သူလုပ်ရန် ထိုချောက်နားသို့ ဖြတ်ဖြတ်သွားရသည်။ ထိုချောက်နားသို့ ရောက်တိုင်း သည်နေရာဟာ ဖိုးဇင်ကလေး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ နေရာပါလားဆိုပြီး ဖိုးဇင်ကလေးကို သနားမိပါသည်။
ထိုစဥ်က ကျွန်ုပ်တို့နယ်တွင် နယ်မြေ မစိုးမိုးနိုင်သေးသောကြောင့် စစ်ခွေး၊ ပျူစောထီးခွေးများသည် ရွာတကာပတ်ပြီး ဒုက္ခပေးခဲ့ကြသည်။ ဖိုးဇင်နှင့် ရဲဘော်တဦးတို့သည် ခွေးတွေ လာနိုင်မည်ထင်သည့် လမ်းကြောင်းတနေရာတွင် ကြိုတင်မိုင်းထောင်ရန်အတွက် ရေနံပိုက်လုံးဟောင်းကြီးနှင့် လုပ်ထားသော တတောင်လောက်ရှည်သည့် မိုင်းလုံးကြီးများကို ကိုယ်စီ ထမ်းလာခဲ့သည်။ ကံဆိုးလှစွာပင် ဖိုးဇင်တို့ လာနေသည့် နေရာသည် စစ်ခွေးတို့ ကင်းပုန်းဝပ်နေသည့် နေရာတည့်တည့်သို့ ဖြစ်နေခဲ့သည်။ သည့်ကြောင့် စစ်ခွေးများသည် အသင့်ချိန်ထားသော သေနတ်များနှင့် ဖိုးဇင်တို့နှစ်ယောက်အား တဒိုင်းဒိုင်း ပစ်ခတ်ကြတော့သည်။ ဖိုးဇင်၏ ရဲဘော်သည် သေနတ်သံကြားကြားချင်း မိုင်းလုံးကြီးကို ပစ်ချပြီး ပြေးနိုင်ခဲ့သဖြင့် အသက်ချမ်းသာရာ ရခဲ့သည်။ ဖိုးဇင်ကတော့ ကံဆိုးစွာပင် ခြေထောက်ကို ကျည်ထိမှန်သွားခဲ့သဖြင့် မပြေးနိုင်တော့ဘဲ စစ်ခွေးတို့လက်ထဲ အရှင်လတ်လတ် ကျရောက်ခဲ့ရသည်။ (ထိုအဖြစ်အပျက်မှာ အသက်ရှင်လွတ်မြောက်ခဲ့သော ကောင်လေး၏ ပြောကြားချက်ကြောင့် သိရခြင်း ဖြစ်သည်။)
စစ်ခွေးတို့လက်ထဲ အရှင်လတ်လတ် ကျရောက်ခဲ့သည်ဆိုလျှင် ဖိုးဇင်တယောက် ဘယ်လောက်ရက်စက်မှုနှင့် ကြုံရမည်ကို မှန်းဆနိုင်ပါသည်။ ထို ရက်စက်မှုသည် ကျွန်ုပ်ကို စာအုပ်ချုပ်ခ မပေးသော ကျောင်းသူလေးနှင့် ဆက်စပ်ပြီး သိရပါလိမ့်မည်။ သည့်ကြောင့် အထက်တွင် ကျွန်ုပ်၏အစ်မ ပြောခဲ့သော စကားလေးကို မြှုပ်ထားရခြင်း ဖြစ်ပါသည်။ ယခုတော့ အစ်မပြောခဲ့သည့် စကားလေးကို ပြောပြပါတော့မည်။
“အဲသည် ကျောင်းသူလေးက သရဲပူးခံရတာတဲ့၊ အဲ့ဒါကြောင့် စပီးကင်း လာမတက်တော့တာ”
“ဟင် သရဲပူးတာ၊ ဘယ်သူက သရဲဖြစ်ပြီး ပူးတာလဲ”
“သူတို့ရွာက ကျသွားတဲ့ ကောင်လေးလေ၊ ငါတို့ တောင်တောနားမှာ ကျတဲ့ကောင်လေး၊ နာမည်မေ့နေတာ”
ကျွန်ုပ်လည်း အနောက်ရွာသားဆိုလို့ စဥ်းစားနေစရာပင် မလိုဘဲ ဖိုးဇင်ကို သတိရလိုက်သဖြင့် ဖိုးဇင်လား ဟု မေးလိုက်သည်။
“ဟုတ်တယ်၊ ဖိုးဇင်က ဝင်ပူးတာတဲ့”
ကျွန်ုပ်သည် အစ်မကို သည့်ထက်ပိုပြီး စေ့စေ့စပ်စပ် မေးဖို့ လိုသဖြင့်၊ ထမင်းစားရင်း မေးလို့လည်း မကောင်းသဖြင့် ထမင်းကို မြန်မြန်လက်စသတ်လိုက်သည်။ အစ်မကိုလည်း ထမင်းမြန်မြန် စားပြီးစေချင်နေမိသည်။ အစ်မစားပြီးတော့ ကျွန်ုပ်က မဆိုင်းမတွ ချမေးဖြစ်တော့သည်။
“ဖိုးဇင်က အဲ့ကျောင်းသူလေးကို ဝင်ပူးရင်း သူကြုံခဲ့တာတွေကို ပြောပြတာတဲ့။ အဲ့တုန်းက သူတို့နှစ်ယာက်က မိုင်းထောင်ဖို့ သွားနေတာ၊ ​ရှေ့မှာ စစ်ခွေးတွေ ကင်းပုန်းဝပ်နေတာကို မသိဘူး၊ သူတို့ စစ်ခွေးတွေအနား ရောက်လာတော့ ခွေးတွေက တဒိုင်းဒိုင်းပစ်တာတဲ့၊ ဖိုးဇင်က ခြေထောက်ကို မှန်သွားလို့ မပြေးနိုင်တော့ဘူးတဲ့၊ သူ့အဖော်ကတော့ မြွေလိမ်မြွေကောက် ပြေးခဲ့လို့ တရစပ်ပစ်နေတဲ့ ကျည်ဆန်ကြားက လွတ်သွားတာတဲ့၊ အဲ့ဒီတော့ ခွေးတွေက ဖိုးဇင်အနား လာပြီး ဝိုင်းကန်ကြတာတဲ့။ ပြီးတော့ ဓားမြောင်တွေ ထုတ်ပြီး ဖိုးဇင်ရဲ့ ခြေရော၊ လက်ရော၊ ကျောရော၊ ဝမ်းဗိုက်ရော အရေပြားတွေ လှီးပြီး အရေခွံခွာတာတဲ့၊ အရေခွံ ခွာထားတဲ့ အရေပြားပေါ်ကို သဲတွေနဲ့ သိပ်တာတဲ့၊ ပြီးရင် ထပ်ထပ်ပြီး ကန်ကြတာတဲ့၊ အဲ့လို အားရပါးရ နှိပ်စက်ပြီးတဲ့အခါမှ မျက်လုံးနှစ်ဘက်လုံးကို ဓားမြောင်ချွန်နဲ့ ဖောက်ထုတ်တာတဲ့၊ ပြီးမှ နဖူးတည့်တည့်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဆိုပဲ၊ ဖိုးဇင်က ဝင်ပူးရင်း အဲ့လို ပြောပြတာတဲ့၊ အဲ့ဒါကြောင့် အဲ့သည်​ကျောင်းသူလေး သွေးလန့်ပြီး နေမကောင်းဖြစ်နေတာ၊ စပီးကင်းတောင် လာမတက်နိုင်တော့ကြာပြီ”
(အစ်မပြောသည့် အကြောင်းများမှာ အထက်တွင် ကျွန်ုပ်ဖော်ပြမထားသော အကိုဝမ်းကွဲငယ်က ကျွန်ုပ်ကို ပြောပြခဲ့ဖူးသည့် အခြင်းအရာများနှင့် ထပ်တူပင်ဖြစ်သည်။ ထို့ကြောင့် အစ်မပြောပြတော့ အကိုဝမ်းကွဲငယ် ပြောပြစဥ်ကလောက် ထိတ်လန့်ကြောက်ရွှံ့မှုမျိုး မခံစားခဲ့ရပေ။)
သည်လို အကြောင်းစုံ ကြားရသည့်အခါမှ ကျွန်ုပ်သည် စာရေးဖို့ ကုန်ကြမ်းရပြီဆိုပြီး သည်စာမူကို ချရေးဖြစ်လိုက်သည်။
သူရဲကောင်းဖိုးဇင်(အမည်လွှဲ) အမြန်ကျွတ်လွတ်ပြီး ကောင်းရာဘုံဘဝမှာ စံမြန်းနိုင်ပါစေ။
(14.8.2025)

Related Posts

Leave a Comment