
”ဗဟိုကိုတွန်းမယ့် နယ်ခြားမျဥ်းတွေ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
စက်တင်ဘာ ၁၅ ရက်စွဲနဲ့ စကမက ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေကို ကြေညာခဲ့တယ်။ မြို့နယ် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့ မရည်ရွယ်ထားတဲ့အတွက် အဲဒီမြို့နယ်တွေကို ရွေးကောက်ပွဲအချိန်ကာလ ၂၀၂၅ ဒီဇင်ဘာအကုန်အထိ ထိန်းချုပ်ဖို့မဖြစ်နိုင်ကြောင်း တရားဝင် ဝန်ခံထားတဲ့ သဘောလည်းဖြစ်တယ်။ တော်လှန်ရေးဘက်က ထိန်းချုပ် သိမ်းပိုက်ထားတယ်ဆိုတဲ့ မြို့နယ်ပေါင်း ၉၀ ကျော်မှာ ၅၆ မြို့နယ်ကိုပဲ ကြေညာတဲ့အတွက် တဘက်ကပြန်ကြည့်ရင် မြို့နယ် ၃၀ ကျော်ကို လာမယ့် ၃ လကျော်အတွင်း ပြန်တိုက်ယူမယ်လို့ အနည်းဆုံး ရည်ရွယ်ထားတဲ့ သဘောလည်းဖြစ်တယ်။
‘ဒူးလောက်တင်မှ’
မြို့နယ် ၃၀ ကျော်ကို ၃ လကျော်အတွင်း တိုက်မယ်ဆိုတာက အခုပြန်ရသွားတဲ့ မြို့ ၅ မြို့လောက်ကိုပဲ ၄ လကျော် ၅ လနီးပါး ပြန်တိုက်ယူခဲ့ရတဲ့အတွက် ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိဘူး ဆိုတာကတော့ သေချာပါတယ်။ ဒါပေမယ့် ဘယ်မြို့နယ်တွေကို အဓိက ပြန်ပြီး ပစ်မှတ်ထားတယ်ဆိုတာဟာ သူတို့မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာကို ဖော်ပြနေတဲ့သဘော ဖြစ်တဲ့အတွက် လေ့လာကြည့်ဖို့လိုမယ်လို့ ယူဆတယ်။
သတင်းထုတ်ပြန်တဲ့အထဲမှာ ရွေးကောက်ပွဲကော်မရှင်ဝက်ဘ်ထဲမှာ ကြည့်နိုင်တယ်ဆိုပေမယ့် မတွေ့ရတဲ့အတွက် ဧရာဝတီသတင်းဌာနက သတင်းတပုဒ်ဖြစ်တဲ့ “လက်လွှတ်ရသည့် မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကော်မရှင်ဆို” ဆိုတဲ့ စက်တင်ဘာ ၁၅ ရက်က ဆောင်းပါးမှာ ဖော်ပြထားတဲ့ မြို့တွေကိုပဲ ကိုးကားပြီး ချိန်ဆကြည့်ပါမယ်။
‘ကချင်အဆုံးအဖြတ်ရဲ့ အစမှတ်ကိုရှာဖွေခြင်း’
ကချင်ကိုကြည့်ရင် မြေရှားနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက စိတ်ဝင်စားခံနေရတဲ့ အထူးဒေသ-၁ ဘက် (ကေအိုင်အေက အထူးဒေသ ၁ ဆိုတဲ့အသုံးကို ၂၀၂၄ NDA-K တပ်တွေကို တိုက်ခိုက်ပြီးကတည်းက ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်) ဖြစ်တဲ့ ချီဖွေ၊ ဆော့လော်ဘက်ကို ရွေးကောက်ပွဲကျင်းပဖို့ မရည်ရွယ်တဲ့ထဲ ထည့်သွင်းထားတာ တွေ့ရတယ်။ တဆက်တည်း ဆွမ်ပရာဘွမ်နဲ့ အင်ဂျင်းယန်ဒေသတွေကိုပါ မကျင်းပမယ့်အထဲ ပါရှိတယ်ဆိုတဲ့အတွက် စစ်တပ်ဟာ ကချင်မြောက်နဲ့အရှေ့မြောက်ကို စစ်ဆင်ဖို့ မလွယ်ကူနိုင်ဘူးဆိုတဲ့ လက်တွေ့ကျတဲ့ အမြင်တခုကို ထင်ဟပ်ထားတာ တွေ့ရတယ်။
ဖားကန့်နဲ့ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်တဝိုက်ကို မကျင်းပနိုင်ဘူးလို့ ဖော်ပြမထားတဲ့အတွက် ကချင်တောင်ခြမ်း (စစ်ကိုင်းအစပ်) တွေကိုတော့ ပြန်လည်တိုက်ယူမယ်ဆိုတဲ့ သဘောကို ဆိုလိုတယ်။ လက်တွေ့ မြေပြင်အနေအထားက ဒီနေရာတွေကို ကေအိုင်အေက ပိုအားသာနေတဲ့သဘော (၆၀/၄၀) တွေ့ရတယ်။ ဒီတော့ ကချင်စစ်မျက်နှာရဲ့ စစ်ကိုင်းနဲ့ မန်းဘက်ကိုဆင်းလာမယ့် အပိုင်းတွေမှာ စစ်ဟာ ဘယ်ဘက်က ၂၀% လောက် ပြန် အားသာသွားမလဲ ဆိုတဲ့သဘောမျိုး တိုက်ကြရဖို့ရှိတယ်။ ဆိုလိုတာက ကေအိုင်အေအားသာချက် ၆၀/၄၀ ကနေ ၄၀/၆၀ ပြန်ဖြစ်သွားမလား၊ ၈၀/၂၀ ဖြစ်လာပြီး လက်ရှိ စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေကို သေသေချာချာ စိုးမိုးထိန်းချုပ်သွားနိုင်မလား ဆိုတာပါပဲ။
ကျန်တဲ့ ကချင်နယ်မြေတွေကတော့ ၂၀၂၅ အပြီးနဲ့ ကျန်စစ်တိုင်းတွေရဲ့ အခြေအနေတွေကိုကြည့်ပြီး လှုပ်ရှားကြဖို့ ဖြစ်လာနိုင်တယ်။ ဆိုလိုတာက ကချင်မျှခြေဟာ ဗန်းမော်၊ ရွှေကူကနေ ကသာ (စစ်ကိုင်း) အထိ ဧရာမြစ်ကြောင်းတလျှောက်နဲ့ အင်းတော် (စစ်ကိုင်း) မိုးညှင်းကနေ အင်းတော်ကြီးတဝိုက် အဲဒီကမှ ဖားကန့်အထိ၊ စစ်ကိုင်းနဲ့ဆက်စပ်နေတဲ့ ကချင်အနောက်ဘက်တကြောပေါ် မူတည်နေပြီ ဆိုတာပါပဲ။ ဒါဟာ ကချင်၊ စစ်ကိုင်း အပြန်အလှန် အားဖြည့် တိုက်ပွဲဝင်သွားဖို့ လိုအပ်တယ်ဆိုတာကို ထပ်ပြီး ဖြည့်စွက် ကောက်ချက်ချစေဖို့ ဖြစ်လာတယ်လို့လည်း အဓိပ္ပါယ်ထွက်လာတာဖြစ်တယ်။
‘ချင်း’
ချင်းကိုကြည့်ရင် ချင်းနဲ့ မကွေးတိုင်းနယ်နိမိတ်တွေဖြစ်တဲ့ ဆော၊ ဘီးလင်း၊ ဂန့်ဂေါ စတဲ့မြို့တွေကနေ စစ်ကိုင်းနဲ့ဆက်စပ်နေတဲ့ ကလေး၊ ကလေးဝ (ကနေ တမူးအထိ)၊ ဒီနယ်တွေမှာ စစ်တပ်ဟာ တချိန်လုံး ရုန်းကန်နေရတာဖြစ်တယ်။ သို့ပေမယ့် ဟားခါး၊ ထန်တလန်နဲ့ တီးတိန်ကိုတော့ စစ်တပ်ဟာ တချိန်လုံး ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်။ ဒီအကျိုးဆက်က ဒီမြို့တွေရဲ့ကြားထဲမှာရှိနေတဲ့ ချင်းလန်းညီနောင်သိမ်းထားတဲ့ ဖလမ်းကို စစ်တပ်က ပြန်တိုက်ယူနိုင်မယ်ရည်ရွယ်ထားပြီး ရွေးကောက်ပွဲကျင်းပမယ့်အထဲ ထည့်သွင်းထားတာပဲဖြစ်တယ်။
ကချင်နဲ့ ချင်းမှာ ပုံစံတူတာရှိတယ်ဆိုရင် ပြည်နယ်အစပ်တွေကို မြေပြင်မှာ အသေအချာထိန်းချုပ်ဖို့ လိုအပ်နေဆဲဖြစ်တယ် ဆိုတာကိုတွေ့ရပြီး ပြည်နယ်မြို့တော်တွေဟာ ဆက်လက် ရပ်တည်နေနိုင်တာဖြစ်တယ်။ ဒီပြည်နယ်တွေအတွက်တော့ နယ်နိမိတ်တွေကနေ ဗဟိုကိုပိတ်ထားပြီး ကျန်စစ်တိုင်းတွေရဲ့လှုပ်ရှားမှုနဲ့ တွဲဖက် တိုက်ပွဲဝင်သွားရမယ့်သဘော တွေ့ရတယ်။ စစ်တပ်ရဲ့ လေကြောင်းအားသာချက်ဟာ ဟားခါးနဲ့ မြစ်ကြီးနားကို အနည်းဆုံး နောင်နှစ်ထဲအထိ ထိန်းထားနိုင်ဦးမယ့်သဘော တွေ့ရတယ်။ ချင်း၊ ကချင်ဟာ ဗဟိုကနေ အစွန်ကို တွန်းမှာမဟုတ်ဘဲ အစွန်ကနေ ဗဟိုစုလာတဲ့ ပုံစံဖြစ်တယ်။
‘ရခိုင်’
စစ်တပ်အတွက် ဘယ်လိုတိုက်တိုက် ပြန်လန်ကျနေတဲ့ဒေသကတော့ ရခိုင်ဖြစ်တယ်။ ဒါပေမယ့် ရခိုင်မှာ စကမဟာ သံတွဲ၊ ဂွ၊ အမ်းနဲ့ တောင်ကုတ်ကို ရွေးကောက်ပွဲမလုပ်ဖို့ ချန်လှပ်ထားတဲ့မြို့တွေထဲ ထည့်သွင်းမထားတာ တွေ့ရတယ်။ ကချင်မှာလိုပဲ ရခိုင်မှာ စစ်တပ်ဟာ မြောက်ပိုင်းဖြစ်တဲ့ ဘူးသီးတောင်၊ မောင်းတော၊ ကျောက်တော်၊ ရသေ့တောင် (စတဲ့ စစ်တွေအပေါ်ပိုင်းကမြို့တွေ) ကို အဓိကမထားဘဲ တောင်ပိုင်းမှာရှိတဲ့ အမ်း (တော်လှန်ရေးအတွင်း နာမည်ကျော်လာတဲ့ အမ်း၊ ပဒါန်း၊ မကွေး လမ်းကြောင်း)၊ တောင်ကုတ် (ဒီရက်ပိုင်း တိုက်ပွဲတွေဖြစ်တဲ့ ပြည်၊ တောင်ကုတ်ဆက်စပ်လမ်း)၊ သံတွဲနဲ့ ဂွ (ငသိုင်းချောင်း၊ ရေကြည်နဲ့ မော်တင်စွန်းအထိပါ ဆင်းတိုက်မယ်လို့ သတင်းတွေထွက်လာခဲ့တဲ့ ရခိုင်-ဧရာလမ်း) တွေကို ဖြစ်နိုင်ရင်တော့ မရအရပြန်တိုက်ဖို့ ရည်ရွယ်ထားပုံရတယ်။ ဒါပေမယ့် ကျောက်ဖြူခံစစ်နဲ့တင်ပဲ တခြားဘက်ကို မလှည့်နိုင်တဲ့သဘော ဖြစ်နေတယ်။ တကယ်သာ ကျောက်ဖြူဘက်မှာ အခွင့်သာခဲ့ရင် အမ်း၊ တောင်ကုတ် (ပိုခက်တဲ့ မကွေး၊ ပဲခူးဘက်နဲ့) နဲ့ သံတွဲ၊ ဂွ (ပိုလွယ်မယ်ယူဆရတဲ့ ဧရာဝတီဘက်) ဘယ်ဘက်ကို ဦးစားပေးမလဲ၊ ၂ ဘက်စလုံးကိုလည်း စစ်မျက်နှာဖွင့် တိုက်လာနိုင်စရာရှိတယ်။ လက်ရှိ သူတို့စစ်ဦးက ရွေးကောက်ပွဲကာလအထိ ၃၆၀ ဒီဂရီ ရည်ရွယ်ထားပုံပေါ်တယ်။
ဒါပေမယ့် ခါချဥ်ကောင် မာန်ကြီးပေမယ့် ရခိုင်တောင်တန်းတွေကိုတော့ စစ်တပ်အဖို့ ဖြိုဖို့မလွယ်ကူတာ အထင်အရှား တွေ့ရနေတယ်။ အေအေဟာ ဒီရက်ပိုင်းမှာ ဒေသခံ မွတ်ဆလင်အသိုင်းအဝန်းနဲ့ အဆင်ပြေစေမယ့် ချဥ်းကပ်မှုနဲ့ ဆက်ဆံမှုတွေလည်း လုပ်နေတာ တွေ့ရတာမို့ စစ်တပ်အတွက် အနောက်ဘက်စစ်မျက်နှာမှာ စစ်ပြေးတွေနဲ့ လက်နက်ချတွေ ထပ်မံတွေ့လာရဖို့ ပိုများနေတာ အမှန်ဖြစ်တယ်။
‘ပြည်နယ်နဲ့ စစ်တိုင်း နယ်စပ်ဒေသတွေ’
၂၀၂၅ ဒုတိယ ၃ လပတ် (ဧပြီ၊ မေ၊ ဇွန်) က အစပျိုး အားယူပြီး တတိယ ၃ လပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) မှာ စစ်တပ်ဟာ သိမ်းပိုက်ခံနယ်မြေတချို့ကို ပြန် ရယူနိုင်ခဲ့ရာကစလို့ မြန်မာစစ်တိုင်းတွေကနေ အားယူပြီး ပြည်နယ်တွေ အစပ်တွေကို ပြန်တွန်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်။ စစ်ရေးအရကြည့်ရင် ဒီအစပ်တွေကနေ ပြည်နယ်မြို့တော်တွေနဲ့ ပြန်လည်ချိတ်ဆက်ဖို့ဖြစ်သလို နိုင်ငံရေးအရကြည့်ရင် ရွေးကောက်ပွဲနဲ့ တရားဝင်မှုဆိုတဲ့ အနေအထားကို ပြန်လည်ရယူဖို့ ကြိုးစားကြည့်နေတာဖြစ်တယ်။
ဒါကပဲ ရှေ့လာမယ့်စစ်ပွဲတွေမှာ ပြည်နယ်နဲ့တိုင်းအစပ် နယ်မြေတွေရဲ့ အရေးပါမှုကို ထင်ရှားလာစေခဲ့တယ်။ အဲဒီကမှတဆင့်တက်ရင် ပြည်နယ်တွေ အလုံးစုံ လွတ်မြောက်ဖို့ရာမှာ ပြည်နယ်တိုင်း ထိစပ်ဒေသတွေနဲ့ တော်လှန်ရေးတွေကြား အပြန်အလှန် စုစည်းမှုဖြစ်စေဖို့ တွန်းအားပေးလာမယ့် သဘောမျိုးလည်း မျှော်လင့်ကြည့်နိုင်တယ်။
ပြီးခဲ့တဲ့အပတ်ကတင်ပြခဲ့တဲ့ ဗဟိုစစ်တိုင်းတွေ၊ ဆက်စပ် စစ်တိုင်းတွေနဲ့ နယ်စပ်ပြည်နယ်တွေရဲ့ ပထဝီနိုင်ငံရေး၊ စစ်ရေးအနေအထားတွေနဲ့ ဆက်လက် ချိန်ဆကြည့်ကြစေလိုတယ်။
Be the first to comment