4
ညီလင်းအိမ်
“ဗျိုင်းမည်း”
ဗျိုင်းတွေရဲ့ကိုယ်ထည်က အဖြူထည်ပေမဲ့လည်း အိပ်တန်းပေါ်လည်းတက်ရော အမှောင်ထဲမှာ မှိန်ဖျော့ရတာပဲ။ ဖြူလွလွဖြစ်သွားရာကနေ မြင်ရတဲ့ သရက်ပင်တောတန်းများအကြားမှာ ဖျော့တော့မှိုင်းဖျ။ ပင်ဖျားတွေအနားကိုသွားကြည့်မှ ဗျိုင်းတွေရဲ့ အိပ်တန်းဆိုတာ သိရရဲ့။ အလုပ်ညဆိုင်းကပြန်လာတိုင်း သရက်ပင်တန်းတွေပေါ်မှာ အိပ်တန်းဝင်ကြတဲ့ သူတို့တွေကို ကြည့်လေ့ရှိစမြဲပေါ့။
ဒီဗျိုင်းငှက်တွေက တနေ့ကို ဘယ်နှစ်ကောင်အထိ အိပ်တန်းပြန်လာကြသလဲ။ ခါတိုင်းသောနေ့တွေက အကောင်နှစ်ဆယ်ဆိုရင် ဒီညမှာတော့ အိပ်တန်းတက်ဖို့ ပြန်လာတာ အကောင်နှစ်ဆယ် ရှိဦးပါ့မလား။ ကျနော် တပ်အပ်မသိနိုင်။ ရေတွက်ထားဖို့လည်း မဖြစ်နိုင်။
ဗျိုင်းငှက်ကလေးတွေက လူသားယန္တရားကြီးလည်ပတ်ဖို့ ခုန်ဆင်းလာကြတဲ့ ကျနော်တို့လို လူငယ်တွေလား။ အစကတော့ ဗျိုင်းငှက်များလို ဖြူဖြူစင်စင်ပေါ့။ အမှောင်ခေတ်ဆိုးထဲမှာ အဖြူရောင်ရင့်ရင့်ကို သုတ်လိမ်းပြီး ပျံတက်ကြချင်ပေမယ့်လည်း အမှောင်ရဲ့ အရောင်ကဲမှုကို ကျနော်တို့မျိုးဆက်တွေ မခံနိုင်ကြရှာ။ အချို့တွေ အိပ်တန်းကို ပြန်မလာနိုင်ကြတော့။ အချို့တွေကတော့ ဗျိုင်းမည်းကလေးတွေ ဖြစ်သွားကြပေါ့။ ကျနော်ကတော့ရော ခနို့ခနဲ့ ကိုင်းဆတ်ကိုင်းနားကလေးမှာ ကြိုးစားရပ်ရင်း ဘယ်သို့သော အမှောင်ထုအုပ်မိုးတဲ့ ရက်မျိုးမှာ ပြုတ်ကျမယ်မှန်း မသိတဲ့ ငှက်ကလေးတကောင်မျိုးရယ်ပါ။
ကန်စပ်နားမှာရှိတဲ့ ဓါတ်တိုင်များဆီက မီးရောင်များရဲ့ ရောင်ပြန်တွေအောက်မှာ စီရရီနဲ့ အိပ်တန်းတက်လျက်သား ဖြစ်နေကြတဲ့ ဗျိုင်းကလေးတွေကို ကြည့်ရင်း အဲသလို ခိုင်းနှိုင်းတွေးမိလိုက်၊ ပြီးတော့ ပြင်သစ်က မမမယ်လီနာ ခင်ပွန်း ဗင်းဆင့်ကြီး ငယ်နုစဉ်ဘဝက ရိုက်ထားတဲ့ ရုပ်ရှင်ကားတကား အကြောင်းစဉ်းစားလိုက်နဲ့။ ဒါကလည်း ဗျိုင်းမည်းကလေးတကောင်ရဲ့ ဇာတ်လမ်းတပုဒ် ဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ကလည်း ကမ္ဘာ့တနေရာက ရေမြေကာလနောက်ခံသာခြားသွားမယ်။ ထုတ်ကုန်တူတွေဖြစ်ကြတဲ့ ပြင်သစ်မြေက လူငယ်လေးတွေ အကြောင်းပဲ။ ဆံပင်ညှပ်ဆိုင်မှာ တိုက်တန်းနစ် မင်းသားဘိုကေကို လိုက်မယ်မသိ မလိုက်မယ်မသိ ညှပ်ခိုင်းမယ်။ ပြီးရင် မှန်ရှေ့မှာ ဘိုကေကို အကျအနဖြီးသင် အုန်းဆီကို ရွှဲနေအောင် လိမ်းရင်း ပုဆိုးချက်လျှောနဲ့ အပြင်ထွက် လမ်းသလားမယ်။ ကွမ်းယာဆိုင်ထိပ်နားကို ဖြတ်လျှောက်သွားကြတဲ့ စက်ရုံအလုပ်သမလေးတွေကို ငမ်းမယ်။ စီးကရက်ကို စက်ရုံထိပ်က တလူလူ လွင့်တက်နေကြတဲ့ မီးခိုးခေါင်းတိုင်များနဲ့အပြိုင် ရှိုက်ဖွာရင်း စကားကို ဟောင်ဖွာဟောင်ဖွာ ပြောကြမယ်။ ကွမ်းယာကို အရဲသားစားမယ်။ ပွဲတော်ဈေးညမှာ ဟိုဘက်ရပ်ကွက်က ကောင်တွေကို ခေါင်းခွဲခဲ့ရတဲ့အကြောင်းကို မြိန်ရည်ယှက်ရည်ပြောကြမယ်။ ခေါင်းမလိုဘဲ တကိုယ်တော်လှုပ်ရှားရပ်တည်တဲ့ ညမွှေးပန်းမလေးကို ဘယ်လို ဖရီးကြိတ်ခဲ့တဲ့အကြောင်း အချင်းချင်း အာဖွာကြမယ်ပေါ့လေ။
အချို့က ဗာဒံရွက်တွေ တသိမ့်သိမ့်ကြွေနေတဲ့ ရွက်ကြွေများရဲ့အောက်က နွေဦးရောက်တိုင်း မီးခိုးတံလျှပ်တွေနဲ့ အငွေ့ပျံနေတတ်တဲ့ ကဖီးဆိုင်အိုလေးထဲမှာ အချိန်ပြည့် ထိုင်နေကြရင်း ရေနွေးကြမ်းအိုးတွေကို တအိုးပြီးတအိုး ထိုင်သောက်ကြမယ်။ ဒီလိုနဲ့ တချို့က လမ်းကြားအရက်ဆိုင်အိုထဲ။ တချို့က ကိုငှက်ရဲ့ အနုပညာကမ္ဘာလေးထဲ။ အသည်းကွဲကြတဲ့ လူငယ်တွေကတော့ မျက်ရည်ကျဖို့ မရှက်ကြဘူးတဲ့။ လက်မောင်းမှာ ထိုးထားတဲ့ သူ့နာမည်တက်တူးကိုလည်း ပြန်ဖျက်ပစ်ဖို့ စိတ်မရှိကြပါဘူးတဲ့။ အပေါင်းအသင်းတွေရှေ့မှာ မျက်ရည်စမ်းစမ်းနဲ့ ။ ခေါင်းကို အုတ်နီခဲနဲ့ ဆင့်ထုခံရတာတောင် မျက်ရည်တစက်မကျတဲ့ကောင်က နင့်ကိုမုန်းတယ် ငါ့ဆီ မလာခဲ့တော့နဲ့ ဆိုတဲ့ စကားကလေးအောက်မှာ ရှိုက်ကြီးတငင် ငိုကြသတဲ့။ အဲလိုနဲ့ပဲ လမ်းဘေးက သစ်သားတန်းတွေကို မဆီမဆီနဲ့ ခွေးရူးလို လိုက်ကန်တဲ့ ကောင်တွေ။
အသည်းကွဲကြတဲ့အခါ ဘုံဆိုင်က ဇေပုလင်းထဲမှာပဲ မိမိတို့ ဆန္ဒတွေကို ရောသောက်ကြရင်း မူးမှောက်သွားကြ။ အဆောင်ထိပ်က ဂစ်တာသံတွေမှာ အသည်းခွဲရက်သူများရဲ့ ပရိုဖိုင်လှလှကလေးတွေဟာ ဗီလိန်မကြီးများသဖွယ် ဖြစ်ရ။ မိမိတို့ဆီက လူငယ်တွေဘဝက အဲသလို လှသလို ပြင်သစ် ပါရီက ဆင်ခြေဖုံးရပ်ကွက်တွေမှာ ကြီးပြင်းလာကြတဲ့ ဗင်းဆင့်တို့ လူငယ်ဘဝတွေကလည်း ကိုယ်တို့ဆီနဲ့ သိပ်မကွာ ခြားလှပါဘူး။
ဗင်းဆင့်တို့ လူငယ်ဘဝရောက်တော့ ပါရီမှာ အဓိကရုဏ်းတွေ ဖြစ်ကြတယ်။ လူငယ်တွေပီပီ သူတို့ အားကျလေးစားရတဲ့ လူတယောက်ကို ရဲတွေ ဖမ်းသွားတာကနေ ဝက်သတ္တဝါတွေနဲ့ တူတဲ့ အဲဒီ ယူနီဖောင်းကောင်တွေကို မုန်းတီးလျက်သာ ဖြစ်နေကြတယ်။ သူတို့ရပ်ကွက်နားမှာ ရဲတွေက လက်နက်အပြည့်အစုံနဲ့ လူဖမ်းပွဲကြီး လုပ်နေကြတယ်။ ပြောင်းရွှေ့နေထိုင်ကြတဲ့ မိသားစု အိမ်ရာတွေ။ မကောင်းမှု ဒုစရိုက်တွေ လုပ်ရင်း အသက်မွေးကြတဲ့ မိသားစုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီရပ်ကွက်မျိုးထဲမှာ ဗင်းဆင့်တို့ရဲ့ အနာဂတ်လမ်းက ဘယ်လိုမျိုး ဆိုတာကိုလဲ သူတို့လည်း မသိနိုင်။ သူ့ရဲ့ဘော်ဒါဘော်ဂျွတ် ပြင်သစ်အာဖရိကန်ကောင်မှာလည်း ဆေးခြောက်အနည်းအပါးရောင်းရင်း အိမ်က သူ့မေမေနဲ့ ညီငယ်ကလေးတို့ဘဝကို ထောက်ပံ့နေရင်း လက်ဝှေ့သမားနည်းပြဘဝနဲ့ ဘဝကို ရပ်တည်ချင်တာ သူ့ဆန္ဒ။ ဖိနှိပ်မှုတွေ၊ ဆင်းရဲ မွန်းကျပ်မှုတွေနဲ့ ကြီးလာတဲ့ သူ့စိတ်အရေပြားက အပ်ချုပ်ရာဗလပွနဲ့ဆိုပေမဲ့ ရဲတွေနဲ့ မပတ်သက်ချင်၊ ရန်မဖြစ်ချင်တော့။ အေးဆေးတည်ငြိမ်တဲ့ဘဝကလေးတခု ထူထောင်ရင်း ဘဝကို ပြောင်းလဲချင်တာ သူ့ရည်ရွယ်ရာပေါ့။ သို့ပေတဲ့လည်း အဓိကရုဏ်းမှာပဲ ရဲတွေကြောင့် သူ့ ထရိန်နင်လုပ်တဲ့ အခန်းကလေးက မီးသင့် ပျက်စီးသွားတယ်။
ဒီနားက လူငယ်တွေမှာလည်း အထက်က ဆိုခဲ့သလို ဗျိုင်းတွေရဲ့ ဖြူလွင်တောက်ပမှုမျိုးနဲ့ ပျံတက်ချင်နေကြတဲ့ လူငယ်တွေ။ အချို့က ပရော်ဖက်ရှင်နယ် Dancer ဖြစ်ချင်တာ၊ အချို့က DJ Player၊ ဦးထုပ်ကို နောက်ပြန်ဆောင်းရင်း စည်းချက်အလိုက် စီးမျောနေရတာ ဘာနဲ့ မှလဲမရတဲ့ ကမ္ဘာ။ ဒါပေမဲ့လည်း ဘဝတွေက ထင်သလို ဖြစ်မလာ။ ပြင်သစ်ပြည်ကြီးရဲ့ အမှောင်ရိပ်တွေက သူ့တို့ဆီကိုမှ တသက်တာလုံး ဖုံးလွှမ်းထားလေသလား။
ဗင်းဆင့်ကတော့ နိုက်ကီ အားကစား အင်္ကျီအဖြူ လက်ရှည်နဲ့။ ဆံပင်က စစ်ထွက် ရှေ့တလက်မ နောက်ပြောင်ကေနဲ့။ မှန်ရှေ့မှာ အခန့်သား ရပ်ရင်း တက်စီဒရိုင်ဘာရုပ်ရှင်ထဲက ထရာဗစ်ရဲ့ “you talking to me” ဆိုတဲ့ စကားနဲ့ အိုက်တင်ကို လိုက်ကျင့်နေတယ်။ လက်ညှိုးကလေးကို ကွေးပြီး ဒိုင်းခနဲ လုပ်လိုက်ချိန်မှာ သူ့မျက်လုံးထဲမှာတော့ လွင့်စင်ထွက်သွားမယ့် ဝက်သတ္တဝါ ယူနီဖောင်းအစုတ်ပလုတ်တွေ။ ပေးထားတဲ့ အခွင့်အရေးနဲ့ လက်နက်ကို အလွဲသုံးစားလုပ်ပြီး ခုလို အဓိကရုဏ်းလိုမျိုး ဖြစ်တိုင်း ရွှေ့ပြောင်းမိသားစုတွေ၊ လူမည်းတွေနဲ့ သူတို့လို လူငယ်လေးတွေကို ရိုက်နှက် အနိုင်ကျင့်မှန်းကို သိနေတဲ့အတွက် ဗင့်စ်စိတ်ထဲမှာ သူကိုယ်သူ ထရာဗစ်လို့ ခံယူနေတာ။ အဲကောင်တွေ သောက်ခွက်ကို တည့်တည့်ကြီး ချိန်ပစ်လိုက်ချင်တာ။
ဒီလိုနဲ့ပဲ သူရယ်၊ ဆက်စ်ရယ် ဟို လက်ဝှေ့သမားကောင် ဟူးဘတ်ရယ်တို့နဲ့ ထုံးစံအတိုင်း ရပ်ကွက်ထဲကို လမ်းသလားထွက်ခဲ့ကြတော့တယ်။ ဘဝကို ခါးစောင်းတင်ထမ်းရမှ မှန်တယ်လို့ ထင်ကြတဲ့ အရွယ်တွေဆိုတော့ ဗင့်စ်ကလည်း အဓိကရုဏ်းဖြစ်နေတုန်းက ရဲတယောက်ဆီက ခိုးယူလာတဲ့ ခြောက်လုံးပြူးသေနတ်ကို ခါးကြားဖွက်ထားတယ်။ သူတို့အားကျတဲ့ လူမိုက်ကောင်တွေဆီကို အလည်သွားတယ်။ အဲဒီလို ရဲတွေ စောင့်ကြပ်နေတဲ့ကြားထဲမှာပဲ ရိုက်မှု ပစ်မှုတွေ ထပ်ဖြစ်လာတော့ သူတို့သုံးကောင်မှာ ပြေးရပြန်ရော။ ဗင့်စ်က သေနတ်နဲ့ ထုတ်ပစ်မယ် လုပ်လိုက်။ ဟူးဘတ်က တားလိုက်နဲ့ ။ ဟေ့ယျောင် မင်းက တရားပြရအောင် စောင်ဘုန်းကြီးလား။ ဘာလဲ။ ဟေ့ကောင် ဒီကောင်တွေက နိုင်လွန်မင်းကျင့်ကောင်တွေ။ ဘာပြည်သူကိုမှ ကာကွယ်ဖို့ လုပ်နေတဲ့ကောင်တွေ မဟုတ်ဘူး။ ဝက်လို သတ္တဝါတွေ။
ဒီလို အိမ်သာခန်းထဲမှာ ငြင်းခုန်နေတုန်း အခြားအိမ်သာခန်းထဲကနေ ခပ်ပုပုနဲ့ အဖိုးအိုတယောက် ထွက်လာပြီး စကားဖြတ်ပြောတယ်။ ဒီအဖိုးကြီးက ရုရှားချွေးတပ်စခန်းက ပြေးလာခဲ့တာတဲ့။
ဟေ့ကောင်တွေ သိလား။ ငါတို့ ရထားနဲ့ ပြေးလိုက်လာတော့ အရိုးကွဲအောင် အေးနေတဲ့ ညပေါ့ကွာ။ ရထားပေါ်မှာ အရှက်ကြီးတဲ့ ဘော်ဒါတကောင်လည်း ပါတယ်လေ။ ငါတို့မှာ ချီးပါချင်ရင်တောင် ရထားနားတဲ့အချိန် အတင်းဆင်း ပါ။ ရထားရွေ့ရင် ပြန်တက်။ ဒီလို ထွက်ပြေးရချိန်မှာ အဲကောင်က ချီးပါရတာကို ရှက်နေတော့။ မမြင်ကွယ်ရာမှာ သွားပါနေတာလေ။ ရထားက ရွေ့တော့ သူက ချီးပါလို့ မပြီးသေးဘူး။ ငါတို့က ရထားပေါ်ကို ခုန်တက်လိုက်ပြီးပြီ။ သူက ဘောင်းဘီကြီးကို ကိုင်လျက်သား တန်းလန်း ဖင်ပြောင်ပြောင်ကြီးနဲ့ ငါတို့ကို လှမ်းဆွဲ။ ငါတို့မှာလည်း လှမ်းဆွဲတင်ချိန် သူကလည်း အရှက်ကြီးတော့ ကျွတ်နေတဲ့ ဘောင်းဘီကို လက်တဖက်နဲ့ ပြန်ဆွဲတင်။ ကျန်တဲ့လက်က ငါတို့ဆီ လှမ်းဆွဲနဲ့။
ဗင်းဆင့်တို့က အဖိုးကြီးစကားမှာ သဘောတကျနဲ့ ရယ်နေကြတယ်။ နောက်တော့ သူဘာဖြစ်သွားသလဲ မေးတော့ ကြွေကန်ထဲမှာ လက်ဆေးနေတဲ့ အဖိုးကြီးက လက်တွေကို ခါထုတ်ရင်း သူတို့ဘက်ကို လှည့်ပြီး ကြာတော့ အရိုးခဲပြီး သေသွားတာပေါ့ကွာ တဲ့။
ဗင်းဆင့်တို့မှာ ငေးကြောင်လျက်သား ကျန်ရစ်ခဲ့တယ်။ သူတို့တွေလည်း မိခင်ရပ်ကွက်နဲ့ ဝေးကွာနေပြီဖြစ်တဲ့ ပဲရစ်မြို့ထဲကို ရောက်နေကြတာလေ။ မှောင်တော့မယ်။ ဒီညထဲမှာ။ ဘာလုပ်ရဦးမလဲ မသိ။ တနေကုန် ပြဿနာပေါင်းစုံကိုလည်း မြွေဖမ်းပြီးပြီ။ ခုတော့ ပါရီမြို့ထဲမှာ လမ်းပျောက်နေတဲ့ ကြောင်တွေ ဖြစ်နေကြတယ်။ ပါရီမြို့ကြီးက ခမ်းနားသလောက် အဲဒါတွေက သူတို့နဲ့ မဆိုင်သလိုလို။ သူတို့ရဲ့ လူဖြစ်နေမှုနဲ့ တပါဒစီ ခြားနားနေသလိုလို။
ဘာလိုလို။
သူတို့တွေဟာ စောစောက အဖိုးကြီးပြောလိုက်တဲ့ သူလို ဘဝရထားနောက်မှာ ဘောင်းဘီတွဲလျောင်း ဖင်အပြောင်သားနဲ့ ဒရွတ်တိုက်ပြီး လိုက်ပါနေကြရတဲ့ လူတွေလား။ အရိုးကွဲမတတ် အေးနေတဲ့ ပါရီညထဲမှာပဲ အေးခဲပြီး အသက်ပျောက်သွားကြရမယ့် သူမျိုးတွေလား။
နွေးထွေးတဲ့ မီးလင်းဖိုကလေးအနားက အိပ်ရာနွေးနွေးကလေးရှိမယ့် တနေရာကို ပျံသန်းခွင့်ရရဖို့ မျှော်လင့်ချက်တွေ မရှိတော့ဘူးလားပေါ့။
ငေးနေတဲ့ ကျနော်လည်း မသိနိုင်။ ရုပ်ရှင်ထဲက ဗင်းဆင့်တို့လည်း သိမယ်မထင်။ ဘာလို့ဆိုတော့ အားလုံးရဲ့ တူညီနေတဲ့အချက်က အိမ်ပြန်လမ်းတွေ ပျောက်ဆုံးနေကြရတဲ့ ဗျိုင်းမည်းကလေးတွေ ဖြစ်နေကြရလို့။
ရုပ်ရှင်ရည်ညွှန်း- La Haine Movie (1995)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
