26
ချမ်းမီ
“ဘယ်မျက်နှာဖုံးတပ်တပ် မှတ်မိနေတဲ့ ရှင့်မျက်လုံးတွေ”
ရှင့်မျက်လုံးတွေက ကျမအတွက်အန္တရယ်များတဲ့ချောက်ကမ်းပါးတွေ။ နက်မှန်းသိပေမယ့် အဲ့ဒီချောက်ကမ်းပါးတွေထဲ ကျမအမြဲခုန်ချနေခဲ့တာ။ ဘယ်မျက်နှာဖုံးတပ်တပ် တခြားတယောက်ဖြစ်မသွားအောင် မှတ်မိစေတဲ့မျက်လုံးတွေ။ အဲ့ဒီမျက်လုံးတွေက ကျမအမြဲငေးနေရတဲ့ အလှဆုံးမြင်ကွင်း၊ ဝေခွဲရခက်တဲ့ ပုံရိပ်ယောင်၊ ဖြေရှင်းရခက်တဲ့ ပုစ္ဆာ၊ ကျမအမြဲဆိုချင်နေပေမယ့် အလွတ်မရတဲ့သီချင်း။ ပထမဆုံးဓမ္မတာကြောင့် အရွယ်ရောက်ခဲ့ပြီဆိုပေမယ့် ရှင့်မျက်လုံးတွေထဲမှာ ကျမကအကောင်တကောင်မဖြစ်သေးတဲ့ ပေါက်ဖက်။ ပြည်တွင်းစစ်၊ ဟဲမင်းဝေး၊ ကပ်ဖ်ကာ၊ ရိုမန်အင်ပါယာကျဆုံးသွားတဲ့အကြောင်းထက် အရင်ရည်းစားနဲ့အဆက်သွယ်ရှိမရှိကို ကျမပိုစိတ်၀င်စားတယ်။ အခုလိုခေတ်မျိုးမှာမဟုတ်ဘဲ လိုချင်တဲ့သီချင်းရောက်ဖို့ တိပ်ရီကော်ဒါလေးကို တုတ်နဲ့ရစ်ဖွင့်ကြတဲ့ခေတ်မျိုးမှာဆို ရှင်ကျမကိုဘယ်လိုချစ်ရေးဆိုမှာလဲ။ အဝေးကြီးကနေဘယ်လိုဆက်သွယ်မှာလဲ။ ဘယ်လိုခေတ်မှာဖြစ်ဖြစ် ယောက်ျားတယောက်ရဲ့အချစ်မှာ ကြောင်တကောင်က ကြွက်ကိုစားသလို ကစားတာပါမယ်။ ကျမသေချာမသိပေမယ့် သိတော့သိတယ်။ ဘယ်လိုစကားလုံးနဲ့ဖြစ်ဖြစ် ကျမကိုယ်ပေါ်က ရှင့်လက်ဖဝါးတွေကို မငြင်းပယ်ဘူး (ရုပ်ရှင်ရုံနောက်ဆုံးအတန်းကခုံမှာအတူရှိခဲ့တုန်းကလို)။ ရှင့်မျက်လုံးထဲက တခြားဓမ္မတာသွေးတွေကြောင့် ကျမတို့ဝေးသွားနိုင်တာ။ ရှင်သဘောကျတဲ့ နာမဝိသေသနတွေ ကျမဆီမှာရှိမနေနိုင်တာ။ ရေဒီယိုကကြေငြာတဲ့ အာဏာသိမ်း သတင်းအပြီးမှာ ကျမတို့ထပ်တွေ့ရဖို့မလွယ်တော့တာ။ ကျည်တတောင့်ရဲ့ ဖျက်ဆီးနိုင်စွမ်းက နှလုံးသားတခုထက်ပိုသွားနိုင်တာ။ အဝေးကြီးကနေရေးတဲ့စာတွေမှာ မတ္တဖာတွေများနေတာ ငယ်သူမို့ မသိပါ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
