
‘မင်းအောင်လှိုင်လက်သစ်ကလေးများ မဖြစ်စေလို’

ကျွန်ုပ်လို တော်လှန်စားဖိုမှူးတယောက်အနေနှင့် မိခင်တပ်ရင်းမှ မီးဖိုချောင်ထဲမှာသာ အနေများသဖြင့် လမ်းပြင်လမ်းဘက် သိပ်မထွက်ဖြစ်ပါ။ သည့်ကြောင့် လမ်းမပေါ်မှ အခြေအနေများကို တွေ့မြင်ရဖို့ ခဲယဥ်းပါသည်။
လမ်းမပေါ်မှ အခြေအနေဆိုသည်မှာ လမ်းသွားလမ်းလာများအပေါ် ဆက်ကြေးကောက်သော စစ်ခွေးဂိတ်များနှင့် ပီဒီအက်ဖ်ဂိတ်များကိုလည်း ဆိုလိုပါသည်။
ယခုတလော ဆက်ကြေးကောက် စစ်ခွေးဂိတ်နှင့် ပီဒီအက်ဖ်များအကြောင်း အွန်လိုင်းပေါ်တွင် လူပြောများလျက် ရှိသည်ကို ဖေ့ဘုတ်တွင် တွေ့နေရသည်။ အဓိကအနေနှင့် ပီဒီအက်ဖ်များက မတန်မဆ တိုးကောက်လွန်းသည်ဆိုပြီး ဝေဖန်သံတွေ ညံနေကြသည်။ စစ်ခွေးများက ကောက်နေသည်ကိုတော့ မဝေဖန်ကြပါ။ တကယ်တော့ ဝေဖန်စရာ မလိုလို့ပါ။ စစ်ခွေးဆိုတာ နဂိုကတည်းက ကောက်ကျစ်သူများမို့ ဓါးမြတိုက်သည်နှင့်မခြား ဆက်ကြေးကောက်တတ်သည်ကို တနိုင်ငံလုံး သိကြပါသည်။
ကျွန်ုပ် ၂၀၂၁ ခုနှစ်၊ မန္တလေးကနေ ပီဒီအက်ဖ်တပ်ဖွဲ့ထံ တော်လှန်စားဖိုမှူးတာဝန် ထမ်းဆောင်ရန် ခိုးထွက်လာခဲ့တုန်းက လမ်းမှာ စစ်ခွေးဂိတ်များသာ တွေ့ခဲ့ရပြီး ပီဒီအက်ဖ်ဂိတ်များ မတွေ့ခဲ့ရပါ။ ထိုစဥ်တုန်းက စစ်ခွေးများက ကားသမားများကိုသာ ဆက်ကြေးကောက်သည်။ ခရီးသည်များကို မကောက်။ မှတ်ပုံတင်သာ စစ်သည်။ (သို့သော်လည်း Beyond Yangoon(1995) ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခုနှင့် ခပ်ဆင်ဆင်တူသော ဖြစ်ရပ်တခုတော့ မြင်ခဲ့ပါသည်။ အောင်ကို ဆိုသော ဗမာအမျိုးသားနှင့် လော်ရာဘိုးမင်းဆိုသော အမေရိကန်နိုင်ငံသူတို့ ကားနှင့် လမ်းပေါ်ဖြတ်ရာ ရှေ့တွင် စစ်သားများက ပြည်သူများကို ခပ်ကြမ်းကြမ်းဆက်ဆံနေပုံ။ အဲ့ဒါ စစ်သားတွေက သူတို့မှာ အာဏာရှိတဲ့အကြောင်း ပြည်သူတွေကို ပြချင်တာပေါ့ ဟု အောင်ကိုက ရှင်းပြသည်။ ထိုကဲ့သို့ ကျွန်ုပ်တို့ကား၏ ရှေ့ကားမောင်းသမားအား စစ်သားတယောက်က ရုန့်ရင်းကြမ်းတမ်းစွာ ဆက်ဆံနေသည်ကို တွေ့ခဲ့ရသည်။ ထိုအဖြစ်ကို မြင်တော့ အောင်ကိုတို့ ကြုံခဲ့သည့် အဖြစ်အပျက်ကို ပြေးသတိရမိသဖြင့် အခုလို တင်ပြမိပါသည်။ ။စကားချပ်။)
ယခု ၂၀၂၅ ခုနှစ်၊ အစောပိုင်းမှာတော့ စစ်သားများက အစစ်အဆေး ပိုကြမ်းလာပြီး ခရီးသည်များထံ မတန်မဆကောက်ယူသည်ကိုလည်း ကြားခဲ့သလို ပီဒီအက်ဖ်ဂိတ်များလည်း မှိုလိုပေါက်နေသည်ဟု ကြားသိနေရသည်။ တော်လှန်သံချပ်ထဲမှာလည်း ”လမ်းဓါးမြဟေ့ လမ်းဓါးမြ” ဆိုပြီး ပီဒီအက်ဖ်ဂိတ်တွေကို ရည်ရွယ်သီဆိုနေကြသည်။ ”ဆယ့်နှစ်လက်မ တပေ၊ သုံးပေတဂိတ်၊ တဂိတ်နှစ်ထောင် လိုရာရောက်တော့ အကုန်ပြောင်” ဆိုပြီး ကားသမားတယောက်က ပို့စ်တင်ထားတာလေးလည်း လိုင်းပေါ်ပြန့်ခဲ့ဖူးသည်။ ဇွန်လ ၁၃ နေ့က ဝက်လက်နယ်မှာလည်း ပကဖတွေရဲ့ အခွန်ကောက်ခံမှု များလွန်းနေသည့်အတွက် ကားသမားနှင့် ဒေသခံပြည်သူတွေက အခွန် လျှော့ကောက်ဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့ သတင်းကိုလည်း ဖတ်လိုက်ရသည်။ ကျားကြောက်လို့ ရှင်ကြီးကို ကိုးကွယ်ရာမှာ ရှင်ကြီးက ကျားထက် ပိုကြောက်စရာ ကောင်းနေသည်တဲ့။
သည်လိုတွေ မြင်နေရ၊ ကြားနေရသော်လည်း ကျွန်ုပ် ဘာမျှ မဝေဖန်ဖြစ်ခဲ့ပါ။ သည့်မတိုင်ခင်ကလည်း စစ်တပ်ထံ ပြေးဝင်ခိုလှုံခဲ့ပြီးမှ ကျွန်ုပ်တို့တပ်ထံ အလင်းဝင်လာခဲ့သော ရွာတရွာမှ လင်မယားနှစ်ဦးကို မြို့သို့ပို့ရန်အတွက် ကျွန်ုပ်က လိုက်ပို့ရာ မြို့သို့ ထွက်မည့် ကားအား ဆက်ကြေးကောက် ပကဖဂိတ်တခုထံမှာ ရပ်စောင့်ခဲ့ရဖူးသည်။ အဲ့သည်တုန်းက ပကဖများသည် ဖြတ်သွားဖြတ်လာကားများအား ရပ်ခိုင်းပြီး ဟိုစစ်သည်စစ်လုပ်သည်။ ပြီးလျှင် ငွေများ ကောက်ခံတော့သည်။ ကောက်ခံသည်မှာ ကားသမားကိုတင်မဟုတ် ခရီးသည်များကိုပါ တယောက်မကျန် ကောက်သည်ကို တွေ့ခဲ့ရသည်။ သည်တုန်းက ကျွန်ုပ်သည် သည်ကောင်တွေ လုပ်ပုံ မဟုတ်သေးဘူး ဟု တွေးခဲ့သည်။ သို့သော်လည်း ဘာမျှ မပြောဖြစ်ခဲ့ပါ။
မပြောဖြစ်၊ မဝေဖန်ဖြစ်ရသည့်အကြောင်းကား ယခုကာလမှာ ပြည်သူအားလုံးသည် နီးရာဓား ကြောက်နေရသည့်အဖြစ်မျိုးပါ။ စစ်တပ်ဘက်မှာ ရှိနေသူက စစ်တပ်ကို ဝေဖန်ဆဲဆိုလျှင် စစ်တပ်က ချက်ချင်းလာဖမ်းတတ်သည်။ သည်လိုပါပဲ။ ပကဖတွေကလည်း သူတို့ကို ဝေဖန်လျှင်မကြိုက်။ စစ်တပ်လို လာရောက်ဖမ်းဆီးတာမျိုး မလုပ်နိုင်လျှင် အငြိုးအတေးထားပြီး လုပ်ကြံနိုင်သည်။ တော်လှန်ရေးဘက်သားအချင်းချင်း လုပ်ကြံသတ်ဖြတ်သည့် သတင်းတွေလည်း ကြားနေရသည်ပဲ။ သည့်ကြောင့် ကျွန်ုပ်သည်လည်း ဝင်ပြောဖို့ လုံးဝ မဝံ့ရဲ။
လူတွေသည် လုပ်ပိုင်ခွင့်များ၊ အာဏာများ ရလာသည့်အခါ စိတ်ထားများ ပြောင်းလဲလွယ်တတ်သည်။ ယခုတလော ပကဖအချို့သည်လည်း လုပ်ပိုင်ခွင့်၊ အာဏာများ ရလာသည့်အခါ စိတ်ထားများသည် အထက်စီးဆန်လာကြတော့သည်။ သူတို့လုပ်ရပ်သည်သာအမှန်။ ဝေဖန်သူ၏ လုပ်ရပ်သည်သာ သွေးခွဲသူ။ အဲသည်လိုတွေ ပြောင်းလဲသွားတတ်သောကြောင့်လည်း ဒေါ်မီမီဝင်းဘတ်က ”အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်ကလည်း အာဏာရှင် ဆန်မသွားအောင် သတိချပ်ကြရပါမယ်” ဟု ပြောခဲ့သည်ပဲ။
ကျွန်ုပ်တို့တပ်ဖွဲ့သည် ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့သည့်အခါ ကျွန်ုပ် သည်စာကို ရေးမိ(ဝင်ပြောမိ)လောက်သော ဖြစ်ရပ်များကို မြင်ခဲ့သဖြင့် မနေနိုင် ရေးမိ(ဝင်ပြောမိ)တော့သည်။ (သို့ပါသော်လည်း သိုသိုသိပ်သိပ်သာ ရေးရ(ဝင်ပြောရ)ပါသည်။)
ကျွန်ုပ်တို့တပ် ပြောင်းရွှေ့သော နေရာသည် ရွာကလေးတရွာနှင့် နီးသည်။ ဆက်ကြေးကောက် ပကဖဂိတ်တခုနှင့်လည်း နီးသည်။ သည့်ကြောင့် ကျွန်ုပ်သည် အနီးဆုံးရွာကလေးသို့လည်း မကြာခဏ ရောက်ဖြစ်သလို ဆက်ကြေးကောက် ပကဖဂိတ်တခုရှေ့သို့လည်း ခဏခဏဖြတ်ရပါသည်။
ထိုရွာကလေးနှင့် ဂိတ်သို့ ရောက်ဖြစ်တော့ မြင်နေရသည်။ ကားများကို ငွေကြေးကောက်ခံသည်။ ဆက်ကြေးစျေးကြီး မကြီး ကျွန်ုပ် မစုံစမ်းချင်သဖြင့် မသိ။ ပစ္စည်းများကို စစ်ဆေးသည်။ ကားပေါ်မှ ခရီးသည်များထံ ကောက် မကောက်တော့ မမြင်ဖူးသဖြင့် မသိ။ စုံလည်း မစုံစမ်းချင်။ ထိုဂိတ် ဖွင့်ပြီးနောက်ပိုင်း ကျွန်ုပ်နှင့် နီးသော ရွာကလေးထံသို့ ဟိုအလျင်က မဖြတ်စဖူး ကားများသည် နေ့စဥ်လိုလို ဖြတ်သန်းနေကြသည်ကို အံ့သြဖွယ် တွေ့နေရသည်။ သည်တော့ ကျွန်ုပ်သည် ဘာကြောင့်ဆိုတာကို ရှည်ရှည်ဝေးဝေး စဥ်းစားမနေတော့။ ကားများသည် ဆက်ကြေးမပေးချင်သဖြင့် ထိုဂိတ်ကို ရှောင်ကွင်းသည့်အနေနှင့် ရွာကလေးထံသို့ ကွေ့ဝင်ရှောင်မောင်းကြသည်ပဲ။
သည်လိုဆိုလျှင် ခရီးဝေး သွားလာရသူများသည် လမ်းပေါ်တွင် စစ်ခွေးများကို ကြောက်ရသလို ပကဖများကိုပါ ကြောက်နေရလိမ့်မည် ထင်သည်။ စစ်ခွေးဂိတ်နှင့် ပကဖတို့ဂိတ်မှ ကောက်ခံသော တန်ဖိုးသည် စီးလာသော ကားခထက် အဆများစွာ ပိုလိမ့်မည်။ ကျွန်ုပ်နှင့် စီဒီအမ်အတူလုပ်သည့် သူငယ်ချင်းသည် သူ့ကောင်မလေးနှင့် လက်ထပ်ရန်အတွက် တညအိပ်ခရီးဝေးကို သွားရာ ဆယ်သိန်းဝန်းကျင် ကုန်ကျပါသည်တဲ့။ လက်ထပ်အပြီး ပြန်လာလျှင်တော့ နှစ်ယောက်မို့ သိန်းနှစ်ဆယ်ကုန်ကျနိုင်သည်။ သည့်ကြောင့် လမ်းစရိတ် မတတ်နိုင်သဖြင့် ပြန်မလာနိုင်တော့ဘူးဟု ဆိုသည်။ သည်လောက် လမ်းစရိတ်ကြီးသည်ဆိုတာ လမ်းမှာ စစ်ခွေးဂိတ်များနှင့် ပကဖဂိတ်များ များပြားစွာ ရှိသောကြောင့်ဟု ထင်ပါသည်။
အဲသည်တော့ ကျွန်ုပ်ပြောချင်သည်က ဆက်ကြေးဟာ ကောက်သင့်သလားဆိုတော့ ကောက်သင့်ပါသည်။( စစ်ခွေးများနှင့်အပြိုင် ကောက်လျှင် စစ်ခွေးနှင့် မခြားတော့ဘဲဖြစ်သွားမည်။) ပစ္စည်းများကို စစ်ဆေးသင့်သလားဆိုလျှင် စစ်ဆေးသင့်ပါသည်။ (လုံခြုံရေးအရရော လက်နက်မှောင်ခိုရောင်းဝယ်မှုတွေ ပပျောက်ဖို့အတွက်) ယခုတလော တပ်ဖွဲ့တိုင်းလိုလို အလှူငွေ နည်းပါးနေကြသည်ကို ကြားသိနေရသည်။ တချို့တပ်ဖွဲ့များတွင် ငွေကြေးနှင့် စားနပ်ရိက္ခာ အလုံအလောက် မရှိသဖြင့် အိမ်ပြန်နိုင်ကြသော တပ်သားအချို့ကို ရိက္ခာချွေတာရေးအတွက် အိမ် ပြန်လွှတ်ကြရသည်။ ရှေ့တန်းရှိမှ၊ တိုက်ပွဲခေါ်သံ ကြားရမှ ပြန်ခေါ်ကြသည်။ သည့်ကြောင့် တပ်ဖွဲ့များသည် စားနပ်ရိက္ခာ၊ လက်နက်၊ ကျည်၊ ကျည်ကာ၊ ခဲယမ်းဝယ်ရန် ဆက်ကြေး ကောက်ကြရသည်။ ထိုငွေကလေးဖြင့် မပြီးဆုံးသေးသော တော်လှန်ရေးကို ရှေ့ဆက်ရပါသည်။
သို့ပေမယ့် ဆက်ကြေးအလွန်အမင်း ကောက်ခံသည့်အခါ၊ ကောက်ခံနေစဥ်မှာလည်း အမူအရာက အထက်စီးဆန်လွန်းနေခဲ့လျှင် ပြည်သူများ၏ ငြူစူမှုကို ခံရနိုင်သည်။ ပကဖများအပေါ် အယုံအကြည်နည်းလာနိုင်သည်။ သို့ဆိုလျှင် နဂိုက အဖွဲ့အတွက် လှူနေကျ ပြည်သူများက မလှူတော့ဘဲ ရပ်တန့်သွားနိုင်သည်။ ပြည်သူများအပေါ် အမြဲလိုလို ဗိုလ်ကျ၊ အနိုင်ကျင့်နေသည့် စစ်ခွေးများနှင့် မခြားဘူးဟု သတ်မှတ်လာနိုင်သည်။
ပြည်သူဆိုတာ အုပ်ချုပ်ခံ လူတန်းစားဆိုပေမယ့် အုပ်ချုပ်မည့် အဖွဲ့အစည်းကြီး တည်တံ့အောင်၊ လက်နက်၊ ကျည်၊ ကျည်ကာ၊ ခဲယမ်းများစွာ ဝယ်ယူဝတ်ဆင်နိုင်ဖို့အတွက် ထောက်ပို့၊ ထောက်ပံ့နေသူများဟာ ပြည်သူများပဲဆိုတာ မမေ့ကြသင့်ပါပေ။ သည်လိုပြောလို့ ပြည်သူတွေကို ကျေးဇူးရှင်လို သဘောထားရမှာလား ဟု ဆိုလာလျှင်တော့ အဲ့သည်လိုလည်း မဟုတ်သေးပြန်ပါ။ ပြည်သူတွေဟာ စစ်ခွေးတွေရဲ့ ဘေးကနေ လုံခြုံဘေးကင်းဖို့အတွက် ပကဖတွေကို မှီခိုနေရသလို ပကဖတို့လို လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အဖွဲ့ရပ်တည်နိုင်ရေးအတွက် ပြည်သူတွေကို မှီခိုနေကြရတာပါပဲ။ အားလုံးဟာ အပြန်အလှန် မှီခိုနေကြသူတွေ ဖြစ်သလို တလမ်းတည်း သွားနေကြသူတွေချည်းပါပဲ။ သည်တော့ ပြည်သူက လက်နက်မဲ့သောကြောင့် ပကဖတွေကို ဘာမျှ မလုပ်နိုင်တာနှင့်ဘဲ ပြည်သူပံ့ပိုးပေးသော ငွေကြေးဖြင့် ဖြစ်တည်လာသော အဖွဲ့အစည်း၊ ပကဖများက လက်နက်အားကိုးဖြင့် ပြည်သူ့အပေါ် ထိပါးတာမျိုး မဖြစ်ကြဖို့ သတိချပ်သင့်ပါသည်။ သို့မဟုတ်ဘဲ လက်လွန် ကြက်သွန် အဖြစ်မျိုး ကျူးလွန်မိလျှင်တော့ မင်းအောင်လှိုင်လက်သစ်ကလေးတွေ ဖြစ်သွားနိုင်ပါသည်။
(အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။)
(2.7.2025)
Be the first to comment