မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​​နိုဝင်ဘာ ၂၀ ​​ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
ဒီနေ့ဟာ The Call နှစ်နှစ်ပြည့် မွေးနေ့ပါ … Happy Birthday ပါ The Call …
လွန်ခဲ့တဲ့ နှစ်နှစ် ဒီလိုရက်မတိုင်ခင်မှာ အခုလို အွန်လိုင်းမဂ္ဂဇင်းတခုလုပ်ဖို့ စပြီး တိုင်ပင် ခေါင်းချင်း ရိုက်ကြ… စမ်းတဝါးဝါး ပုံဖော်ကြ… လုပ်ချင်တဲ့ စိတ်ကူး အတွေး အသီးသီး ပြောကြ ဆိုကြ… အဲဒီလိုနဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ The Call ကို စပြီး မွေးဖွားခဲ့ကြ…
အဲဒီအချိန်ကတည်းက သေချာခဲ့တာကတော့ တခုထဲပါပဲ။ နွေဦးတော်လှန်ရေးအတွက် အထောက် အကူဖြစ်စေမယ့် အွန်လိုင်းမဂ္ဂဇင်းတခု ဖြစ်လာဖို့ ဆိုတာပေါ့ … ဝိုင်းတော်သားတွေ ဖြစ်ချင်သလောက် အပြည့်အဝ မဟုတ်သေးပေမယ့် တစုံတရာ ဖြည့်စွမ်းနိုင်ခဲ့တယ်လို့တော့ အားလုံး မျှဝေ ခံစားကြရပါတယ်။
အာဏာရူး မင်းအောင်လှိုင်က ဘာမှ ကျိုးကြောင်းမဆီလျော်တဲ့ အကြောင်းပြချက်တွေနဲ့ အာဏာ သိမ်းယူလိုက်ပြီးကတည်းက ကိုယ်တွေတိုင်းပြည်မှာ အစစအရာရာ ဆုတ်ယုတ်သွားလိုက်တာဆိုတာ… ဆုတ်ယုတ်တာတွေထဲမှာ ထင်ရှားတာကတော့ လူ့အသက်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာတွေပေါ့။ ဒါပေမယ့် ရုတ်တရက် မမြင်သာတဲ့ ဆုံးရှုံးနစ်နာမှုတွေက စာဖွဲ့လို့တောင် လုံလောက်နိုင်မယ် မထင်။
အဲဒီထဲမှာ တိုင်းသူပြည်သားတွေရဲ့ စဥ်းစား ဆင်ခြင် တွေးခေါ်နိုင်စွမ်းပိုင်း၊ သိမှု တတ်မှုပိုင်း၊ တနည်း ပြောရရင် ဉာဏ်ပညာပိုင်း ဆုတ်ယုတ်မှုက ရုတ်ချည်း မြင်သာတာမဟုတ်။ လူတွေမှာ တနေ့တနေ့ အသက်တချောင်း ရှင်သန်ဖို့ ရုန်းကန် ကြိုးစားကြရ၊ ထမင်းတလုပ် စားရဖို့ ရုန်းကန် ကြိုးစားကြရနဲ့ အသိသုတ ဖြည့်ဆည်းဖို့ဆိုတာ ဝေလာဝေး … ဘေးမတွေ့ဖို့ကိုပဲ နိစ္စဓူဝ စဥ်းစားနေကြရတာ …
အဲဒီအခြေအနေအောက်မှာ The Call ရဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ပါ့မလားလို့ အတွေးထောင့်စွန်း တနေရာလေးမှာ ခိုတွဲနေခဲ့တာကတော့ အမှန်… ဒီကနေ့ နှစ်နှစ်သား ပြည့်မြောက်ချိန်မှာ အဲဒီ ထောင့်စွန်းက စိုးရိမ်ချက်လေးပင် စိုးစဥ်းမရှိတော့… ငါတို့မှာ ငါတို့ပဲရှိတယ်… ရှိတဲ့ ငါတို့နဲ့ ဖြစ်အောင်လုပ်ရင် ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက် ပိုပြီး ခိုင်မြဲလာ…
The Call ရဲ့ ပရိသတ်အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကဏ္ဍပေါင်းစုံ ဝေဝေဆာဆာ ဖော်ပြနိုင်ဖို့ ရေးသားပေးပို့ကြသူ ဆရာ ဆရာမ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ The Call လမ်းလျှောက်နိုင်အောင် ထူမ ကူပြ ပေးခဲ့ကြသူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။
နှစ်နှစ်ပြည့်မှသည် နောင် ခေတ်သစ် တည်သည်အထိ တထောင့်တနေရာကနေ The Call ဆက်လက် ပါဝင်သွားနိုင်ရေး ပိုပြီး ကြိုးကုတ် အားထုတ်သွားကြပါမယ်… တိုင်းပြည်လူထုရဲ့ စဥ်းစား ဆင်ခြင် တွေးခေါ်နိုင်စွမ်းကို ရိုက်ချိုး ချေဖျက်၊ လူ့အန္ဓတွေဖြစ်အောင် နည်းလမ်းစုံနဲ့ ဇာတ်သွင်းနေကြတဲ့ အာဏာရူး မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေ၊ စကစလော်ဘီ စစ်တပ်အလိုတော်ရိတွေ၊ ငကန်းတွေ လက်ထဲ The Call က ချစ်ခင် မြတ်နိုး တန်ဖိုးထားတဲ့ တိုင်းပြည်လူထုကို ပစ်မထားခဲ့ဘူးဆိုတာ နှစ်နှစ်သား The Call က ခိုင်ခိုင်မာမာ ကတိပေးပါကြောင်း…
■ အလေးထားစရာ သတင်းတိုထွာ
– ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဆေးကုသမှုခံယူနေကြောင်း တရုတ်အစိုးရ သတင်းထုတ်ပြန်​​​​​​​
တရုတ်နိုင်ငံမှာထိန်းသိမ်းခံထားရတယ်လို့ မကြာသေးခင်က သတင်းတွေထွက်ပေါ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်ဟာ ဆေးကုသမှုခံယူနေတာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲပြောလိုက်ပါတယ်။
“MNDAA အဖွဲ့ ခေါင်းဆောင် ဦးဖုန်တာရွှင်ဟာ တရုတ်နိုင်ငံမှာ ဆေးကုသဖို့ ခွင့်တောင်းခဲ့တာဖြစ်ပြီး
အခုအခါ ဆေးကုသမှုခံယူပြီး ပြန်လည်နာလန်ထူလာနေပြီ။” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian က ဒီကနေ့ ပေကျင်းမြို့တော်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
နယ်စပ်ဒေသမြို့တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ပြီး ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေကို အပစ်အခတ်ရပ်စဲပြီး စေ့စပ်ညှိနှိုင်းဖို့ တရုတ်နိုင်ငံက ဖိအားပေးနေချိန်မှာပဲ MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းလိုက်တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
– အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းတပ်များ မြို့၏ ၈၀ ရာခိုင်နှုန်းခန့်အထိ ထိန်းချုပ်
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီစစ်တပ်ကုန်းတစ်ခုသာ ကျန်ရှိတော့ပြီး ယင်းနေရာတွင် စစ်​ကောင်စီဝန်ထမ်း (Non CDM ဝန်ထမ်း) ၂၀၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဓားစားခံပြုလုပ်ထားပြီး လေကြောင်းပစ်ကူအသုံးပြု၍ ခုခံနေကြောင်း သတင်းရရှိသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည် စတင်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်‌ပွားနေသည်။
စစ်ကောင်စီသည် အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်း နှင့် ဂျပန်လိုဏ်ဂူဘုရားမှနေ၍ အပြင်းအထန်ခုခံခဲ့ပြီး ယခုအခါ စစ်တပ်ကုန်းတစ်ခုသာ ကျန်ရှိတော့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “စစ်တပ်ကုန်းပဲကျန်တာ။ အဲ့ထဲမှာ Non CDM ဝန်ထမ်း နှစ်ရာ လောက်ရှိနေတယ်။ ပြန်မလွှတ်ဘဲ ကာဗာလုပ်ထားတဲ့သဘောပဲ။ တိုက်ပွဲက ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ လာလာပစ်နေတယ်” ဟု ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပူး​ပေါင်းမဟာမိတ်တပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။
(People’s Spring – https://t.me/PeopleSpring/61653)
– AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေးအဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း
ရခိုင်ပြည်တွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရေးအတွက် တရုတ်နှင့် စစ်ကောင်စီတို့ ပူးတွဲဆောင်ရွက်သည့် လုံခြုံရေးအဖွဲ့ကို ဗိုလ်ချုပ် ကျော်ရွှေထွန်းက ဦးဆောင်ပြီး တရုတ်လုံခြုံရေးများ၊ နည်းပညာရှင်များ ပါဝင်ဖွဲ့စည်းထားကြောင်း သိရှိရသည်။
ယခု နိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် တရုတ်တို့ပါဝင်သော လုံခြုံရေးအဖွဲ့ကို ပူးတွဲ ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်ဖြူ အထူးစီးပွား ရေးဇုန် စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်ရွှေထွန်းနှင့် တရုတ် CITIC Group ကုမ္ပဏီမှ တာဝန် ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များ၊ တရုတ်နည်းပညာရှင်များပါ ပါဝင်ကြောင်း သိရှိရသည်။
“ကျောက်ဖြူစီမံကိန်းအတွက် နှစ်ဖက် လုံခြုံရေးအဆင့်မြှင့်နေပြီ။ SEZ ဥက္ကဌ ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပါတယ်။ တရုတ်ပညာရှင်တွေနဲ့ မြန်မာလုံခြုံရေးကုမ္ပဏီတွေလည်း ပါဝင်တယ်။ လုပ်ငန်း လည်ပတ်နေတဲ့ နည်းပညာတွေကို ဝင်ရောက် တားဆီးမရနိုင်အောင် အဆင့်မြှင့်တင်တာတွေလည်း လုပ်နေတယ်။ ရန်သူက အလွယ်တကူ ထိုးဖောက် မဝင်ရောက်နိုင်ဖို့ ကျောက်ဖြူစီမံကိန်း လုံခြုံရေး အတွက် အမြန်လုပ်နေတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။
(Khit Thit Media: https://tinyurl.com/5f6xbtn9)
– မူဆယ် ဆင်ဖြူဂိတ်ကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူဂိတ်ပေါက်ကို တရုတ် အာဏာပိုင်တွေက နိုဝင်ဘာလ ၁၉ ရက် ဒီမနက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်တယ်လို့ နယ်စပ်ကုန်သည် တွေက ပြောပါတယ်။
ဒီမနက်ပိုင်းမှာပဲ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့အတွင်းမှာ ပိတ်မိနေတဲ့ ကုန်စိမ်းကားတွေ မြန်မာဘက် အခြမ်းကို ထွက်လာနေပြီလို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
“အာလူးကားတွေ၊ ကုန်စုံတင်ထားတဲ့ကားတွေ ထွက်လာပြီဗျ။ ဒီမနက်ပိုင်းမှာပဲ ဂိတ်က ဖွင့်လိုက်ပြီ။ မြန်မာဘက်က လူတွေတောင် မသိဘူး။ ရုတ်တရက် ဖွင့်ပေးလိုက်တာ။ ဂိတ်ပေါက်မှာ လမ်းပြင်နေရင်း နဲ့ကို ဖွင့်ပေးလိုက်တာ”
ဘယ်လို သဘောတူညီချက်တွေနဲ့ ပြန်ဖွင့်ပေးလိုက်တယ်ဆိုတာကိုတော့ အတိအကျ မသိရဘူးလို့ နယ်စပ်ကုန်သည် နောက်တစ်ဦးက ပြောပါတယ်။
“ပိတ်နေတဲ့ကားတွေ ထွက်ခွင့်ပေးဖို့ပဲလား၊ ဒါမှမဟုတ် အရင်လို ပုံမှန်ထွက်ခွင့် ပေးတော့မှာလား ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးဗျ။ လောလောဆယ်တော့ ပြန်ဖွင့်ပေးထားတယ်။ မြန်မာဘက်က ကားတွေတော့ အဝင်မခံသေးဘူး”
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မူဆယ်မြို့မှာ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ်ဆိုပြီး သုံးဂိတ်ရှိပါတယ်။
■ ဖတ်စရာ မှတ်စရာ
အတိုက်အခံဟူသော စကားလုံး၏ အဓိပ္ပါယ်ကို ကျွန်တော်ငယ်စဥ်က နားမလည်ခဲ့။ ကျောင်းသားဘဝ ဖြစ်၍လည်း နားလည်စရာ အဖြစ်အပျက်များနှင့် တွေ့ကြုံခဲ့ရသည်မရှိ။ နိုင်ငံရေးလောကတွင် တစ်ဖက်နှင့် တစ်ဖက် အစိုးရနှင့် အအုပ်စိုးခံ ပြည်သူကတစ်ဖက် ဖြစ်ပျက်နေသည်ကိုတော့ ခပ်ရေးရေး နားလည်သည်။ သို့သော် ကျွန်တော်ကိုယ်တိုင် တွေ့ကြုံရသည်မဟုတ်၍ နားမလည်ပေ။
စစ်ပြီးသောအခါ ကျွန်တော် တာရာမဂ္ဂဇင်း ထုတ်ဝေသည်။ ထိုအချိန်ကစ၍ ဆန့်ကျင်ဘက်သဘောကို နားလည်စ ပြုလာပြီဟု ဆိုရမည်။ တာရာမဂ္ဂဇင်းတွင် ကျွန်တော်တို့ ရေးသားထားသော စာပေ အယူ အဆများကို မနှစ်သက်သူများ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ ကျွန်တော်တို့ကလည်း ကျွန်တော် တို့၏ အယူအဆကို ဆက်လက် ဖော်ပြလျက်ရှိသည်။ ကျွန်တော်၏ အယူအဆကို နှစ်သက်သူများ လည်း ရှိလာသည်။ မနှစ်သက်သူများလည်း ရှိလာသည်။ ကိစ္စမရှိ။ တာရာမဂ္ဂဇင်းမှာ လေးနှစ်မျှသာ ထုတ်ဝေခဲ့သည်။ တာရာမဂ္ဂဇင်းသည် လွတ်လပ်ရေးမရမီနှင့် ရပြီးကာလနှစ်များကို ဖြတ်သန်းခဲ့ရ သည်။
၁၉၅၀ တွင် တာရာမဂ္ဂဇင်း ထုတ်ဝေခြင်းကို ရပ်စဲလိုက်သည်။ ထိုနှစ်တွင်ပင် ကျွန်တော်သည် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဖြစ်လာရသည်။ ဥက္ကဋ္ဌ ဖြစ်လာရသည်မှာလည်း ကိုသာဓုနှင့် ယှဥ်ပြိုင်ကာ မဲဆန္ဒဖြင့် ရွေးကောက်ခံရခြင်းဖြစ်သည်။ စာရေးဆရာအသင်းသားများအားလုံးက ထောက်ခံသည် မဟုတ်။ မထောက်ခံသူများ ရှိသည်ကိုလည်း တွေ့နိုင်သည်။ ဤအချိန်ကာလလောက်ကစ၍ ကျွန်တော် သည် အတိုက်အခံသဘော ဆန့်ကျင်ဘက် သဘောများကို ထိတွေ့ ခံစားလာရသည် ဆိုရမည်။ ကျွန်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်တွင် ကလောင်နီဥက္ကဋ္ဌဟု သတင်းစာ တစ်စောင်က ဖော်ပြ လိုက်သည်။
သုံးလပတ် စာရေးဆရာအသင်း အစည်းအဝေးတွင် ကျွန်တော့်ကို (သို့မဟုတ်) ကျွန်တော်ပါဝင်သော အမှုဆောင်အဖွဲ့ကို အယုံအကြည်မရှိအဆို တင်ကြသည်။ အထူးသဖြင့် ကျွန်တော့်ကို ဦးတည် ပြောဆို ကြသည်။ ဒီတော့ ကျွန်တော်သည် အတိုက်အခံသဘော ဆန့်ကျင်ဘက်သဘောကို ခံစား ထိတွေ့လာရ ၍ စဥ်းစားစရာများ ဖြစ်ပေါ်လာရသည်။ ဘာကြောင့် ကျွန်တော့်ကို အတိုက်အခံလုပ်ကြသလဲ။ ဆန့်ကျင်ကြသလဲ။ ဆန့်ကျင်ဘက် ရေးသားကြသည်ထဲတွင် လက်ဝဲရော လက်ယာဘက်ကပါ ရေးကြ သည်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်သည့်သဘော ပါသည်။ တချို့ကတော့ သိပ်မပါ။ ထိုရေးသားကြသည့်အထဲ တွင် အယူအဆသဘော ပါသည်များလည်းရှိသည်။
ယင်း ၁၉၅၀ ကာလ၏ နောက်ခံကားကိုလည်း သိထားမှဖြစ်မည်။ ပြည်တွင်း၌ ပြည်တွင်းစစ် ဖြစ်နေ သည်။ ပြည်ပတွင်လည်း ‘စစ်အေး’ လှိုင်းက ရိုက်ခတ်နေသောအခါလည်း ဖြစ်သည်။ အယူအဆရေးရာ များနှင့် ပတ်သက်၍လည်း ပြင်းထန်စွာ ပြောဆိုနေသော ကာလလည်းဖြစ်သည်။ ၁၉၅၀ တွင် ပြင်းထန် ပြီးနောက် လျော့ပါးသွားသည်ကို တွေ့နိုင်သည်။ ကြိုးကြားကြိုးကားကတော့ ကျွန်တော့်အား ဆန့်ကျင် ရေးသားသည်ကို တွေ့ရသည်။ သိပ်တော့ မများတော့။ ၁၉၇၀ လောက်တွင် တစ်ဖန် ဆန့်ကျင်ရေးသား မှုတစ်ရပ်ကို တွေ့ရသည်။ ယင်းရေးသားချက်ကတော့ ပုဂ္ဂိုလ်ရေး အတော်လေးပါသည်။ မမှန်ကန် သော အချက်များလည်းပါသည်။ နောက်တော့ သိပ်မတွေ့ရပြန်တော့။ တစ်ခါတလေသာပါသည်။
(The Key Publishing House က ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေ ဖြန့်ချိသည့် ဒဂုန်တာရာ၏ ‘ရွှေအိုရောင် ပင်မရေစီး’ စာအုပ်ပါ ‘အချစ်လိပ်ပြာ’ ဆောင်းပါးမှ -)
(မူရင်း သတ်ပုံသတ်ညွှန်းအတိုင်း ပြန်လည် ဖော်ပြပါသည်။)
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*