မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​​နိုဝင်ဘာ ၂၆ အင်္ဂါနေ့ –

■ မနက်ခင်းအတွေး
စစ်တပ်က တိုင်းပြည်ကို ချစ်သတဲ့လား … အမျိုး ဘာသာ သာသနာကို ကာကွယ်သတဲ့လား … အချုပ် အခြာအာဏာကို ကာကွယ်သတဲ့လား … တိုင်းပြည်လူထု သာယာဝပြောအောင် လုပ်ပေးသတဲ့လား …

အဲဒီမေးခွန်းတွေအားလုံးရဲ့ အဖြေကတော့ ‘နိုး’ ပါ။ စစ်တပ်ဟာ တိုင်းပြည်မပြောနဲ့ ဘယ်သူ့ကိုမှ မချစ် ပါဘူး။ နောက်ဆုံး သူတို့အချင်းချင်းတောင် မချစ်ပါဘူး။ သူတို့ချစ်တာ သူတို့မိသားစု ဆွေမျိုးသားချင်း နဲ့ သူတို့ ကိုယ်ကျိုးစီးပွားပဲ။ စစ်တပ်ထဲမှာ သူခိုးတွေချည်းပဲ။ တိုင်းပြည်ဘဏ္ဍာ ကိုယ့်ဘဏ္ဍာလို့ သဘောထားပြီး ရသလောက် ခိုးယူနေကြသူချည်းပဲ။ အခုတော့ ပိုတောင်ဆိုးလာပြီး ဗြောင် လုယက် ဓားပြတိုက်တဲ့အဆင့်ကို ရောက်နေပြီ။

စစ်တပ်ဟာ ဘယ်သူ့ကိုမှ ကာကွယ်မနေပါဘူး။ အမျိုး ဘာသာ သာသနာ အချုပ်အခြာအာဏာ ဘာတခုကိုမှ ကာကွယ်မနေပါဘူး။ သူတို့ အာဏာတည်မြဲရေးအတွက် အဲဒါတွေကို အကြောင်းပြနေတာပဲရှိတယ်။ မှတ်ပုံတင်ကိစ္စပဲ ကြည့်ပါ။ တကယ်တမ်း မှတ်ပုံတင် ရသင့်ရထိုက်တဲ့လူတွေကို အမျိုးမျိုးအကြောင်းပြ ညစ်ပတ်ပြီး ထုတ်မပေးဘူး။ ငွေသာပေးကြည့်၊ ဘယ်တိုင်းဘယ်ပြည်က ဘယ်လိုလူမျိုးဖြစ်ဖြစ် ရတယ်။

အချုပ်အခြာအာဏာ ကာကွယ်သလား မကာကွယ်သလား အခု တရုတ်နဲ့ပေါင်းပြီး လုံခြုံရေးကုမ္ပဏီ ဆိုတာလုပ်ဖို့ ကြံနေတာပဲကြည့်။ ဒီကိစ္စက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စဆိုတာ အရွယ်ရောက်ပြီး စဥ်းစားတတ်သူတိုင်း သိတယ်။ သူတို့လည်း သိတယ်။ အဲဒါကိုတောင် သိသိကြီးနဲ့ တိုင်းပြည်ကို သူတပါးလက်ထဲ ထိုးထည့်ဖို့လုပ်နေတာ။ ဘာ အချုပ်အခြာအာဏာကို ကာကွယ်တာလဲ။

တိုင်းပြည်လူထု သာယာဝပြောအောင် လုပ်ပေးဖို့ နေနေသာသာ သူ့စစ်တပ်ထဲက လူအားလုံးကိုတောင် သာယာဝပြောအောင် လုပ်မပေးနိုင်လို့ ခိုးစားနေကြတာ။ လူထုရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ နိစ္စဓူဝ ရောင်းဝယ် ဖောက်ကားနိုင်ရေး ဘာဆို ဘာတခုအတွက်မှ လုပ်နေတာမရှိဘူး။

အခုလက်ရှိ အာဏာရူးတွေကို အသာထား၊ အရင်လူတွေတောင်မှ ဆေးကုရင် တိုင်းပြည်တွင်းက အရပ် ဘက်ဆေးရုံ မပြောနဲ့၊ သူတို့စစ်တပ်အတွက် သီးခြား ပြည့်စုံအောင်လုပ်ထားတဲ့ စစ်ဆေးရုံတွေမှာ တောင် ကုတာမဟုတ်ဘူး။ အနိမ့်ဆုံး ထိုင်းလောက်မှာ သွားကုကြတာ။ ရောဂါတခုခုဖြစ်လို့ ကုတာကို ထားဦး၊ သာမန် ဆေးစစ်တာတောင် ထိုင်းမှာသွားလုပ်ကြတာ။

အခုက ပြည်တွင်းမှာ ဘာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှ လုပ်လို့မရတော့ သူတို့တွေပဲ ပြည်ပနိုင်ငံတွေမှာ အိုးအိမ်ခြံမြေတွေဝယ်၊ နာမည်အမျိုးမျိုးခံပြီး ဘာစီးပွားရေး ညာစီးပွားရေးတွေလုပ်၊ တိုင်းပြည်ဘဏ္ဍာ ထဲက တသက်လုံး ခိုးထားတာတွေနဲ့ အမျိုးမျိုး ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြတာ။

အဲဒါကြောင့် သွားလေသူ ဆရာကြီးဦးဝင်းတင်က ပြောခဲ့တာ … “စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာ မရှိဘူး။”

■ အလေးထားစရာ သတင်းတိုထွာ
– တောင်ကုတ်မြို့ထဲရှိ တပ်စခန်းများအားလုံးမှ စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာထွက်ပြေး၊ တောင်ကုတ်မြို့နှင့်စခန်းများကို AA က သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည် တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ဆင်နွှဲနေပြီး စကခ ၅ တပ်မနှင့် တပ်ရင်းနှစ်ခုကလွဲပြီး တောင်ကုတ်မြို့ထဲက စစ်ကောင်စီတပ်စခန်းများ၊ အမြောက်စခန်းများကို ထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်မြို့နှင့် စကခ ၅ တပ်မကို အဓိက ကာရံထားသော ပန်းမြောက်တောင် အမြောက်စခန်း၊ သဲခံတောင် အမြောက်စခန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ တောင်ကုတ်တက္ကသိုလ် အမြောက်စခန်း၊ ဆီးကိုင်တောင် (နတ်မော်) တပ်စခန်း၊ အာလိန်ငါးဆင့်ကျောင်းတိုက် တပ်စခန်းနှင့် ဖုံညိုစစ်ရေးဂိတ် တို့ကို AA က နိုဝင်ဘာလအစောပိုင်းတွင် ထိန်းချုပ်ပြီးနောက် တောင်ကုတ်မြို့ထဲသို့ ဝင်ရောက် ထိုးစစ် ဆင်ခဲ့သည်။

အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တောင်ကုတ်မြို့ထဲရှိ ကိုင်းရှည်တံတား ဂိတ်၊ စည်ပင်ရုံး၊ KBZ ဘဏ်၊ အထက (၁) စာသင်ကျောင်း၊ မင်းမင်းရတနာရွှေဆိုင်၊ ဦးထွန်းကြွယ်တိုက်၊ တောင်ကုတ်ဟိုတယ်၊ ဂူတာကျောင်း၊ ကုတင် ၁၀၀ ဆေးရုံနှင့် ရဲစခန်းတို့ကို ဆုတ်ခွာပြီး ထပ်မံ နေရာယူကာ AA ထိုးစစ်ကို ခုခံတိုက်ခိုက်ခဲ့သည်။

သို့သော်လည်း အာရက္ခတပ်တော် AA ၏ ဘက်ပေါင်းစုံထိုးစစ်ကို မခုခံနိုင်ခြင်းနှင့် စစ်ကောင်စီကလည်း စစ်ကူအင်အား မပေးပို့နိုင်ခြင်းတို့ကြောင့် မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးမှာ တပ်မ စကခ ၅ နှင့် ခမရ ၅၄ ၊ ၃၄၆ တပ်ရင်းသို့ ဆုတ်ခွာသွားပြီဟု သိရသည်။

” တောင်ကုတ်တက္ကသိုလ် အပါအဝင် မြို့ထဲက တပ်စခန်းတွေ၊ အမြောက်စခန်းတွေကို AA က ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရပါတယ်။ တချို့ တပ်စခန်းတွေက တပ်မဘက်သို့ ဆုတ်ခွာသွားပါတယ်။ တပ်မ စကခ ၅ နဲ့ ခမရ ၅၄၄ ၊ ခမရ ၃၄၆ တို့ဆိုတာက ကပ်လျက်ပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ထဲမှာ မရှိသလောက်ဖြစ်သွားပါပြီ။ အားလုံး တပ်မထဲမှာ စုပြုံပြီး AA ရဲ့ ထိုးစစ်တွေကို ခုခံနေ ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
(Khit Thit Media: https://t.me/khitthitnews/210727)

– နယ်မြေပေါ်အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာ
ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင် နယ်စပ်စည်းနား ထိုင်းစစ်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နယ်မြေပြဿနာကြောင့် အတင်းမာဆုံး အခြေအနေ ရောက်ရှိနေပြီး UWSA ဘက်က လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ အသင့် ပြင်ထားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြပါတယ်။

မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားအကြီးမားဆုံး တပ်ဖြစ်တဲ့ UWSA မယ့်ဟောင်ဆန်အနီး Doi Nong Luang နဲ့ Doi Hua Ma နေရာတွေအပြင် တခြား နေရာ ၅ ခုမှာ စစ်စခန်းတွေ အခြေချထားတာကို ထိုင်းဘက်က သူတို့နိုင်ငံပိုင်နက်ထဲ လာရောက် အခြေချထားတယ်လို့ စွပ်စွဲ ပြီး တပ်တွေအားလုံး ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီအငြင်းပွားမှုပြဿနာဟာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီး နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ UWSA ထိပ်တန်းအရာရှိတွေနဲ့ ထိုင်းတော်ဝင်စစ်တပ်အရာရှိတွေ ချင်းမိုင်မှာ တွေ့ဆုံလို့ မူးယစ်ဆေးပြဿနာ၊ နယ်မြေကျူးကျော်မှုနဲ့ မှောင်ခိုမှုတွေ တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းဘက်က ဒီဇင်ဘာ ၁၈ မတိုင်ခင် UWSA အထိုင်ချထားတဲ့ တပ်နေရာ ၇ နေရာကနေ ဆုတ်ခွာဖို့ သတိပေးခဲ့ပြီး UWSA တာဝန်ရှိသူတွေက ပန်ဆန်းက ဌာနချုပ်ကိုတင်ပြပြီး အကြောင်းပြန်မယ်လို့ ပြန်ကြားခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှာ ထိုင်းစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော် (RCSS-SSA) တာဝန်ရှိသူတွေနဲ့ ထိုင်း စစ်တပ်ဟာ မယ်ဟောင်ဆောင်အနီးတစ်ဝိုက်က UWSA စခန်းတွေကို ဝင်ရောက်လာပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ နှစ်ဖက် တင်မားမှုတွေ မြင့်တက်လာတယ်လို့ ထိုင်းသတင်း တွေက ဆိုပါတယ်။
(Mekong News: https://tinyurl.com/3bjscywp)

– စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိဟု တရုတ်ဖိအားရင်ဆိုင်နေရသည့် TNLA ထုတ်ပြန်
– တရုတ်အစိုးရ၏ကြားဝင်မှုကို အသိအမှတ်ပြုကြောင်းဖော်ပြ၊ ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားဟု အသိပေး
စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအဆင်သင့်ရှိကြောင်း တအာင်းတပ်မတော် (PSLF/TNLA) က ယနေ့ (နိုဝင်ဘာ ၂၅ ရက်) တွင် ကြေညာချက် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကတည်းက စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုက်ပွဲများ ချက်ချင်း ရပ်ရန်နှင့် မရပ်တန့်ပါက ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင်နည်းလမ်းများ ပိုမိုအသုံးပြုမည်ဟု တရုတ် အစိုးရ၏ ခြိမ်းခြောက်စာ ပေးပို့ခံထားရသည့် TNLA က အဆိုပါစာရရှိပြီး သုံးလခန့်အကြာတွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်လာခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုကိုကြုံနေရကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယခင် ကတည်းက ထုတ်ဖော်ပြောဆိုထားပြီး ဖိအားကြားမှ TNLA သည် သီပေါမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲ အောင်မြင်မှု ရရှိခဲ့သည်။
(People’s Spring: https://t.me/PeopleSpring/62136)

– ရိုဟင်ဂျာအကျပ်အတည်းကိုဖြေရှင်းဖို့ နယ်မြေထိန်းချုပ်ထားတဲ့ အေအေကို ထည့်သွင်းစဉ်းစားရ မယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (အေအေ) ရဲ့ ထိန်းချုပ်မှုကို ထည့်သွင်းမစဉ်းစားရင် ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေး မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံလို့မရပေမဲ့ ရိုဟင်ဂျာအရေးမှာ “အေအေကို လျစ်လျူရှုတာက လက်တွေ့မဆန်ဘူး” လို့ သူက ဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာနဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု (BIISS) မှာ နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာမူဝါဒဆိုင်ရာဆွေးနွေးပွဲမှာ အခုလိုပြောခဲ့တာဖြစ်ပါတယ်။

အေအေနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်သင့်တဲ့အကြောင်း မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန်က အခုလပိုင်းထဲ ဆက်တိုက်တိုက်တွန်းနေခဲ့တာပါ။
(BBC Burmese: https://tinyurl.com/ycxha5mr)

■ ဖတ်စရာ မှတ်စရာ
စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့နယ် ရွာ ၈ ရွာက နေအိမ်ပေါင်း ၅၀၀ ကျော်ကို မီးရှို့သွားတဲ့အတွက် စစ်ရှောင်တွေဟာ ပြန်စရာနေအိမ် မရှိတော့တဲ့အပြင် လူလွတ်ထွက်ပြေးလာရလို့ ဆောင်းတွင်းကာလ မှာ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

“အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတယ်။ သူတို့က သာမန်စစ်ရှောင်ထက်ဆိုးတယ်။ သာမန် စစ်ရှောင်က အိမ်ကျန်တယ်။ သူတို့ကျတော့ မီးပါအရှို့ခံရတော့ အကုန်လုံး ဘာမှကိုမကျန်တော့တာ။” လို့ S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် အနွေးထည်၊ စောင်၊ ခြင်ထောင်နဲ့ ယာယီတဲထိုးဖို့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

နောက်တခုရှိတာက ရာသီဥတုအေးလာတာကော၊ ပြေးကြလွှားကြရင်း ဖျားကြနာကြတာကောကြောင့် စစ်ရှောင်သက်ကြီးရွယ်အိုတွေ သေဆုံးတာတွေရှိနေပြီး ဘိုးဘွား ၁၀ ဦးလောက် သေဆုံးခဲ့တယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

“ဆေးဝါးနဲ့ အဝတ်အထည် တော်တော်များများ လိုအပ်နေတယ်။ ဆောင်းတွင်းနဲ့ပတ်သက်တဲ့ ဆေးဝါးတွေလိုတယ်။ လူကြီးတွေမှာဆိုရင် သလိပ်ကြပ်တာတွေ အတော်များများဖြစ်တယ်။” လို့ S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပြတယ်။

စစ်ရှောင်ရင်း သေဆုံးကြသူတွေကို သုဿန်တောင်မပို့နိုင်ဘဲ နီးစပ်ရာမှာသာ မြေမြှုပ်သင်္ဂြိုလ်ရတယ်။ စစ်ကြောင်းသတင်းနားစွင့်ရင်းနဲ့ နာရေးရက်လည်တွေ ပြုလုပ်ကြရတယ်လို့ ဒေသခံတွေက ပြောပြတယ်။

အဲဒီစစ်ကြောင်းကြောင့်ပဲ ဘုတလင်မှာ ရွာပေါင်း ၃၀ ကျော်က ပြည်သူ ၂ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

“စစ်ရှောင်တွေဟာ တစ်လနီးပါး ကြာမြင့်ပြီ။ အခုချိန်မှာလိုအပ်တာက အနွေးထည်တွေ၊ မိုးကာစတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ အဓိက လိုအပ်နေပါတယ်။” လို့ ဒေသခံ စစ်ရှောင်ကူညီသူ ကိုသက်ထွေးက ပြောပါတယ်။

ဘုတလင်စစ်ရှောင်တွေအတွက် နောက်ထပ် တပူပေါ်နှစ်ပူဆင့်ရတာကတော့ မြွေအန္တရာယ်ပါ။ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း စစ်ရှောင်ပြည်သူ ၅ ဦး မြွေကိုက်ခံခဲ့ရပြီး ၂ ဦး သေဆုံးခဲ့တယ် လို့ S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

“မြွေတွေပြန်ပေါတော့မယ့်အချိန် ရောက်တော့မှာ။ သီးနှံသိမ်းချိန်လည်း ရောက်တော့မှာဆိုတော့ ပိုးထိလူနာက ထပ်ပြီးများလာနိုင်တယ်။ အခုလည်း ဘုတလင်မှာ ပိုးထိလူနာတွေများနေတယ်။ မနေ့ကကို တစ်ဦးကိုက်လို့ ဆေးကိုသွားပေးလိုက်ရသေးတယ်။” လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။ အများဆုံးအကိုက်ခံရတာကတော့ မြွေပွေးတို့ မြွေဟောက်တို့များတယ်လို့ သိရတယ်။

ဘုတလင်စစ်ရှောင်တွေဟာ ကိုယ့်အိမ်ကိုယ့်ရာမှာတော့ လယ်ပိုင်ရှင်တွေဖြစ်ခဲ့ကြပေမယ့် စစ်ရှောင်ရင်း တဝမ်းတခါးအတွက် သူများလယ်တွေယာ​တွေမှာ အငှားပြန်လိုက်လုပ်ရပါတယ်။ အဲသလိုလုပ်ရင်း မြွေနဲ့တည့်တည့်တိုးခဲ့ကြတာလို့ ဒေသခံအချို့က ပြောပါတယ်။

“ဒီအချိန်က နှမ်းရိတ်တဲ့အချိန်။ နှမ်းရိတ်ရင်းနဲ့လည်း ကိုက်မိတာတွေရှိတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုတလင်စစ်ရှောင်တွေဟာ စစ်ကြောင်းပြန်သွားလို့တောင် ရွာပြန်အခြေချနေထိုင်လို့ မရတော့မယ့် အခြေအနေတွေ ဖြစ်သွားပြီလို့ စစ်ရှောင်ကူညီသူတွေက ပြောတယ်။

(People’s Spring သတင်းဌာန၏ ludunwayoo.com အင်တာနက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ဖော်ပြထားသည့် Scorpio ၏ “ဒီတခါဆောင်းမှာလည်း အညာဟာ ဗလာနတ္ထိ” ဆောင်းပါးမှ -)
(အပြည့်အစုံဖတ်ရန် – https://tinyurl.com/2s4ej7m5)

About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*