မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​​နိုဝင်ဘာ ၂၇ ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
မနက် အိပ်ရာထချိန်ရောက်လို့ မျက်လုံးမဖွင့်နိုင်သေးခင်မှာ အပြင်က ငှက်ကလေးတွေရဲ့ တီတီတျာတျာ အသံတွေ အရင်ကြားရမယ်… မျက်လုံးဖွင့်လိုက်ရင် ပြူတင်းပေါက်က ဝင်နေတဲ့ အလင်းရောင်ကို မြင်ရမယ်… ပြီးရင်တော့ ဖုန်းကိုဖွင့်၊ ကိုယ်အိပ်နေချိန် ဖြစ်ပျက်ခဲ့သမျှ သတင်းတွေ ကို စကြည့်ပြီး မနက်ခင်းတိုင်းကို စဖြစ်တာပါပဲ။
ဒီနေ့ကျတော့ ဘယ်သတင်းကိုမှ မဖတ်ရသေးခင် မနေ့ညက မအိပ်ခင် အတွေးဆန့်ခဲ့မိတာက အတွေး ထဲ အရင်ဆုံး ပြန်ပေါ်ပါတယ်။ အဲဒါကတော့ လူထုလှုပ်ရှားမှု ရက်သတ္တပတ် ပဉ္စမနေ့အဖြစ် “မြေပြင် လူထုလှုပ်ရှားမှုနှင့် အုပ်ချုပ်ရေး၊ စစ်ရေး ချိတ်ဆက် ဖော်ဆောင်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို နားထောင်အပြီး ပိုပြီးပေါ်လာတဲ့ မေးခွန်းတွေပါ။ မေးမိ ကျွန့်အမှားပေါ့လေ…
အဓိက ပေါ်ခဲ့တဲ့ မေးခွန်းကတော့ အကျွန်တို့ မြန်မာပြည်မှာ ယုံကြည်မှုဟာ အဘက်ဘက်က ကျိုးကြေ ပျက်သုန်းနေပါပြီလား ဆိုတာပါ။ အစုအဖွဲ့ တခုပေါ်တခု၊ တယောက်ပေါ်တယောက် ဘယ်လောက် ယုံကြည်မှု ရှိကြပါသလဲ… မြန်မာပြည်မှာ trust is broken ယုံကြည်မှု ပြိုပျက်နေပြီဆိုတာ စစ်အာဏာရှင်စနစ်ကို ကျားကန်သူတွေနဲ့ ဆန့်ကျင်သူတွေကြားမှာတင် ရှိနေတာလား… စစ်အာဏာရှင်စနစ်ကို ကျားကန်နေသူတွေ ကြားထဲမှာရော ရှိနေပြီလား… ဆန့်ကျင်သူတွေ ကြားထဲမှာရော ရှိနေပြီလား…
စစ်အာဏာရှင်ကို ကျားကန်နေသူတွေကြားထဲမှာ ယုံကြည်မှု ပျက်သုဥ်းနေပြီ ဆိုတာကိုတော့ ပြီးခဲ့တဲ့ မကြာသေးခင် ကာလတွေမှာ မြင်ခဲ့ တွေ့ခဲ့ ကြားခဲ့ကြရပြီးသားပါ။ အဲဒီအတွက် ဘာမှ ဝမ်းနည်းစရာ မလိုသလို အံ့သြစရာလည်း မလိုပါဘူး။ အဓမ္မဘက်က ရပ်သူတွေကြား ဘယ်လောက်ကြာကြာ ယုံကြည်မှု တည်ဆောက်နိုင်မှာလဲ။
အဓိက စဥ်းစားရမှာက စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေကြားက ယုံကြည်မှု ပျက်သုဥ်းခြင်းပါ။ အဲဒါ တကယ်ပဲ ဖြစ်နေပါပြီလား … ကြောက်စရာကောင်းလိုက်တဲ့ အတွေးမို့ ဆက်တောင် မတွေးဝံ့ပါဘူး။ သို့သော်လည်းတဲ့ … မတွေးဘဲ မနေနိုင်လောက်အောင် ဖိစီး နှိပ်စက်လွန်းတာမို့ ဆက်ခါ တွေးမိနေတာပါပဲ။
ဓမ္မဘက်တော်သားလို့ ဆိုသူတွေကြား၊​ စစ်အာဏာရှင်ကို အမြစ်က မြေလှန်ဖြတ်ရေး တူညီသူတွေကြား ယုံကြည်မှု ပျက်သုဥ်းလို့ လုံးဝ မရပါဘူး။​ ဒီလိုယုံကြည်မှုမျိုးနဲ့ ဒီတော်လှန်ရေးကို ကျားကန်ထားတာပါ။ ဒါပေမယ့် ယုံကြည်မှု ပျက်သုဥ်းလို့ မရဘူးဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့လည်း ယုံကြည်မှုကို တည်ဆောက်လို့ မရပါဘူး။
ဒီတော်လှန်ရေးဟာ မြန်မာပြည်မှာ ဖြစ်ခဲ့ဖူးသမျှ တော်လှန်ရေး အားလုံးတို့ရဲ့ အခေါင် အချုပ် နောက်ဆုံးပိတ် အိတ်နဲ့လွယ် တော်လှန်ရေးပါ။ အရင်းအနှီး သိပ်ကို ကြီးမားလွန်းပါတယ်။
ရင်းခဲ့သမျှ အလဟဿ အချည်းနှီးမဖြစ်ရဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။
■ အလေးထားစရာ သတင်းတိုထွာ
– ကော့ကရိတ် အာရှလမ်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေ
ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနေရာကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်များ တောနော်ရေတံခွန်တောင်တန်းအနီးတစ်ဝိုက်ရှိ ခံစစ် စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ ဖြတ်တောက်တိုက်ခိုက်၍ နိုဝင်ဘာ ၂၂ မှ စပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။
‌KNLA စစ်ကြောင်းတာဝန်ရှိနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်က “ဒီရက်ထဲမှာဆိုရင် ၂၂ ကနေ အခု ၂၅၊ ၂၆ အထိပေါ့။ သူတို့စခန်းကုန်းကာကင်းကုန်း၊ ခံစစ်ကုန်း လေးတွကို ဖြတ်တိုက်တာမှာ တော်တော် လေးထိခိုက်ကုန်တယ်။ ဆုတ်လို့လည်းမရပိတ်မိနေတာတွေရှိနေတယ်။ ခံပစ်တာလည်း ရှိသလို လက် နက်ချတာလည်းရှိတယ်။ တိုက်ပွဲကပြင်းတော့ သူထိကိုယ်ထိတော့ရှိတာပေါ့” ဟု ပြောသည်။
ယခုလို တိုက်ပွဲရက်ဆက်ပြီး ပြင်းထန်နေသည့် အခြေအနေတွင် ကော့ကရိတ်မြို့ဘက်ကို စစ်ကူပို့ ဆောင်မှု၊ လက်နက်ခဲယမ်းပို့ဆောင်မှု၊ လက်နက်ကြီး၊ ဒရုန်းဖြင့်တိုက်ခိုက်မှု၊ Y12 ဗုံးကြဲ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများအကြားမှပင် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များအနေဖြင့် ကော့ကရိတ်မြို့ အနီးဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းများအား ဆက်လက်တိုက်ခိုက်နေကြောင်း စစ်မြေပြင် တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။
– UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်းများဆုတ်ခွာရန် ထိုင်းဘက်မှ တောင်းဆိုပြီးနောက် စစ်ရေးတင်းမာနေချိန်တွင် ထိပ်တိုက်တွေ့မည့်အန္တရာယ်မရှိစေရန် ထိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pana Klaewplodtuk က ညွှန်ကြားထားကြောင်း ထိုင်း အခြေစိုက် Khaosod သတင်းဌာန၌ ယနေ့ ဖော်ပြသည်။
နယ်စပ်အရေးတင်းမာမှုနှင့် ပတ်သက်ပြီး ထိပ်တိုက်တွေ့မည့်အန္တရာယ် မရှိစေရကြောင်း ပြည်သူ များအား အသိပေးရန် ၎င်းက ယနေ့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Thirat Sombatsiri ၏ ပြောကြားချက်ကို ကိုးကားပြီး Khaosod သတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၈ ရက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်တာဝန်ရှိသူများနှင့် UWSA အမှတ် ၁၇၁ စစ်ဒေသခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ထိစပ်နယ်စပ်မျဉ်းပေါ် မှ UWSA တပ်စခန်း ၉ ခုအား ဆုတ်ခွာ သွားရန် ထိုင်းဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုတောင်းဆိုချက်နှင့် ပတ်သက်ပြီး UWSA ဘက်က လက်ခံခြင်းမရှိဘဲ နှစ်နိုင်ငံနယ်နိမိတ်ကိစ္စသည် နှစ်နိုင်ငံဆွေးနွေးရမည့် ကိစ္စသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ဖြေရှင်း၍မပြီးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ သည်။
(ဧရာဝတီ – https://t.me/theirrawaddy/39483)
– မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး အစွမ်းကုန်အားပေးမည် (တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ)
မြန်မာနိုင်ငံငြိမ်းချမ်းရေး အထူးသဖြင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး အစွမ်းကုန် အားပေးမယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
“အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံနဲ့ မြောက်ပိုင်းဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ အထူး စိုးရိမ်ပြီး နိုင်ငံတွင်းစစ်ပွဲတွေဖြစ်ပွားတာကို အခိုင်အမာဆန့်ကျင်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ အမြန်ဆုံး ပုံမှန်အတိုင်း ပြန်ပြီးအေးဆေးတည်ငြိမ်လာဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် သက်ဆိုင်သူတွေအားလုံးအနေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့နဲ့ အခြေအနေတွေ အေးဆေးတည်ငြိမ်လာအောင် ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။ ဒါအပြင် ဒေသတွင်း ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ကိုလည်း တရုတ်နိုင်ငံက အစွမ်းကုန် အားပေးကူညီမှာပါ။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning (မောနင်) က ဒီကနေ့ ပေကျင်းမြို့တော် ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။
မြန်မာပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ အပြင်းအထန် တိုက်ခိုက်နေတဲ့ ညီနောင် ၃ ဖွဲ့ထဲက TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အပစ်အခတ်ရပ်စဲရေး စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အသင့်ရှိကြောင်း မနေ့ကကြေညာချက်ထုတ်ပြန်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောလာတာပါ။
– မြန်မာ့ကျွန်းသစ်ဝယ်သုံးသည့် ဗြိတိန်ဇိမ်ခံသင်္ဘောကုမ္ပဏီ ဒဏ်ရိုက်ခံရ
ဗြိတိန်အခြေစိုက် နာမည်ကြီး Sunseeker International ကုမ္ပဏီသည် တားမြစ်ထားသည့် မြန်မာ့ ကျွန်းသစ်များ တင်သွင်းခဲ့ခြင်းကြောင့် စတာလင်ပေါင် ၃ သိန်းခွဲကျော် ဒဏ်ရိုက်ခံခဲ့ရသည်။
ပြီးခဲ့သည့် သောကြာနေ့တွင် ဗြိတိန်တရားရုံးတစ်ခုက ထိုကုမ္ပဏီကို မြန်မာနိုင်ငံမှ တင်သွင်းလာသော ကျွန်းသစ်များကို သင်္ဘောတချို့တွင် အသုံးပြုထားခြင်း အပါအဝင် သက်သေအထောက်အထား ခိုင်လုံစွာရှိသော အမှု ၁၁ ခုအတွက် ပေါင် ၃၅၈,၇၅၉ (ဒေါ်လာ ၄ သိန်းခွဲ) ဒဏ်တပ်ခဲ့သည်ဟု လန်ဒန် အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (Environmental Investigation Agency- EIA) က နိုဝင်ဘာ ၂၅ တွင် ထုတ်ပြန်သည်။
ဒဏ်ရိုက်ခံရသောကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ် အဆင့်မြင့်ဇိမ်ခံသင်္ဘောများကို ကိုယ်ပိုင် ဒီဇိုင်းများဖြင့် ထုတ်လုပ်နေသော နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ဆိပ်ကမ်းမြို့ Poole တွင် အခြေစိုက်သည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်များ ထိုကုမ္ပဏီ ဝယ်ယူကြောင်း စုံစမ်းဖော်ထုတ်ဖော်နိုင်ခဲ့သည့် EIA အဖွဲ့ အစီရင်ခံစာကြောင့် တရားရုံးတင် အရေးယူနိုင်ခဲ့ခြင်းဖြစ်သည်။
■ ဖတ်စရာ မှတ်စရာ
“အညတြသူရဲကောင်းများ”
(အကျဉ်းစံတို့၏အထုပ္ပတ္တိ)
နွေဦးတော်လှန်ရေးသည် မတူကွဲပြားသော နောက်ခံသမိုင်းကြောင်းများ၊ ဘဝအတွေ့အကြုံများနှင့် အတူ နိုင်ငံတဝှမ်းမှ လူများကို စုစည်းညီညွတ်စေခဲ့ပြီး စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများအား ဆန့်ကျင်ရင်ဆိုင်ရန်အတွက် ရပ်ရွာခေါင်းဆောင်များ၊ CDM ဆန္ဒပြသူများ၊ ဘာသာရေးခေါင်းဆောင် များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကဗျာဆရာများ၊ မိဘများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ လယ်သမားများ၊ ရှေ့နေများ၊ သူနာပြုများ၊ တက်ကြွလှုပ်ရှားသူများ၊ CDM အလုပ်သမားများ၊ ကျောင်းသားများနှင့် သာမန်အရပ်သားများနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်း ပြည်သူတရပ်လုံးက ၎င်းတို့၏ ယုံကြည်ချက်အတွက် မမောမပန်း ရုန်းကန်ဆောင်ရွက်ခဲ့ကြသည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် စစ်ပြုနေခြင်းလည်းဖြစ်သည်။
ဖမ်းဆီးခြင်း၊ မတရားအနိုင်ကျင့် လက်စဖျောက်ခြင်း၊ ပစ္စည်းသိမ်းခြင်းနှင့် ဆင်ဆာဖြတ်ခြင်းတို့ အပါအဝင် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စစ်အစိုးရသည် ဒီမိုကရေစီရေး လှုပ်ရှားမှု၏ အမှတ်ရစရာများကိုပါ ချေမှုန်းဖျောက်ဖျက်ပစ်ရန် ကြံစည်ခဲ့သည်။ ၎င်းတို့သည် မရေမတွက်နိုင်သော အာဏာတလွဲသုံးမှုများ ကျူးလွန်ခဲ့ပြီး လူများအား နိုင်ငံရေး အကျဉ်းသားအဖြစ် နိုင်ထက်စီးနင်း ဖမ်းဆီးပြီး ထောင်ထဲတွင် မတရားပြုကျင့်ခဲ့ကြသည်။ သို့သော် အကျဉ်းထောင်များသည် လက်ရှိလူ့အဖွဲ့အစည်း၏ အခြေအနေမှန်ကို ထင်ဟပ်လျက်ရှိပါသည်။ မြန်မာလူမှုအဖွဲ့အစည်းအတွင်း အကြမ်းဖက်စစ်တပ်သည် အကျဉ်းခန်းအတွင်း ခြေမချဖူးသူများအား ရက်စက်စွာအကြမ်းဖက်ခြင်းနှင့် ဖိနှိပ်ခြင်းများ ကျူးလွန်လျက်ရှိသည်။ စစ်ပွဲ၏ ရှေ့တန်းအနီးရှိ ရွာငယ်လေးများမှသည် ရန်ကုန်နှင့် မန္တလေး မြို့ပြကြီးများအထိ နိုင်ငံတစ်ဝှမ်းရှိ အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားကို ကွဲကွဲပြားပြား သိမြင်စေခဲ့သည်။
သို့သော်လည်း အကြမ်းဖက်စစ်တပ်သည် နွေဦးတော်လှန်ရေးအမှတ်အသားများကို ဖျောက်ဖျက်ရန် ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့ပါ။ AAPP အပါအဝင် အဖွဲ့အစည်းအများအပြားသည် နိုင်ငံရေး အကျဉ်းသားများနှင့် ကျဆုံးခဲ့သောသူရဲကောင်းများ၏ အောက်မေ့သတိရမှုများအား ဆက်လက် ထိန်းသိမ်းထားရန်၊ ထိုသူတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုရန်နှင့်၊ အကြမ်းဖက်စစ်တပ်အနေ ဖြင့် ၎င်းတို့၏လုပ်ရပ်များအတွက် တာဝန်ယူစေရန် အသေအချာ စုဆောင်းသိမ်းဆည်းခဲ့ကြသည်။ ထိုကဲ့သို့ မမောနိုင်မပမ်းနိုင် လုပ်ဆောင်ခဲ့ကြသည့်အတွက် အကြမ်းဖက်စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများအား လူအများကိုသိရှိစေခဲ့သည်။ အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု များကြားကပင် ဒီမိုကရေစီတိုက်ပွဲသည် ရှေ့သို့ဆက်နိုင်ခဲ့သည်။
နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံး၏ ဇာတ်လမ်းအလုံးစုံအား ဤစာမျက်နှာများပေါ်မှနေ၍ အကုန်အစင် ပြောပြနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်လည်း နိုင်ငံတဝှမ်း နေရာဒေသမျိုးစုံမှ လူမသိ သူမသိ သာမန်ပြည်သူများ၊ သူရဲကောင်းများ၏ တကယ့်အဖြစ်အပျက်များကို ပြောပြခြင်းဖြင့် နွေဦးတော်လှန်ရေး၏ လျှပ်တစ်ပြက်ပုံရိပ်များနှင့်အတူ မကောင်းဆိုးဝါး အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်ရာတွင် ပြည်သူတို့၏ ခံနိုင်ရည်ရှိမှုနှင့် ထိရောက်မှုများအား အမှတ်ရစေနေလိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် နောင်တချိန် နောက်ကိုပြန်လှည့်ကြည့်သည့်အခါ သူတို့၏ အမည်နာမများ ထက် ပို၍ အမှတ်ရနေကြပေလိမ့်မည်။
အသည်းနှလုံး ပတ်ပတ်လည်မှာ
သံတွေလို စိုက်ဝင်နေမယ့်
မှတ်ဉာဏ်တွေ ငါတို့လိုတယ်၊
မှတ်ဉာဏ်တွေ မရှိခဲ့ရင်
​သေသူတွေ လာလည်တဲ့အခါ
ငါတို့ ဘာနဲ့ဧည့်ခံကြရမှာလဲ။
(အောင်ခင်မြင့်)
{နိုင်ငံရေးအကျဥ်းသားများအသင်း [AAPP] က ထုတ်ဝေ ဖြန့်ချိသည့် “အညတြသူရဲကောင်းများ”
(အကျဉ်းစံတို့၏အတ္ထုပ္ပတ္တိ) အစီရင်ခံစာ နိဒါန်း}
(စာအုပ်ရယူရန် – https://aappb.org/…/uploads/2024/11/unsung-hero.aapp_.pdf)
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*