မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​​နိုဝင်ဘာ ၂၈ ကြာသပ​တေးနေ့ –
■ မနက်ခင်းအတွေး
နေထွက်နေကြအရပ်ဘက် မျက်နှာမူပြီး သေချာကြည့်တော့ ပုဇွန်ဆီရောင်တောက်နေတဲ့ တိမ်သားကွက်ကွက်ကိုပဲ လှမ်းတွေ့ရတယ်။ နေဟာ တိမ်သားထူထူကို တိုးမပေါက်ဖြစ်နေရှာတယ်။ သူ့မျက်နှာကို ကမ္ဘာမြေရဲ့မနက်ခင်းဆီ ပြည့်ပြည့်ဝဝ ပေးပို့ခွင့်မရရှာဘူး။ ဒါပေမဲ့ ဆောင်းမနက်ခင်း အေးစိမ့်စိမ့်လေထုထဲမှာ နေရဲ့ ကိုယ်ငွေ့အနွေးဓာတ်လေးကို မသိမသာလေး ခံစားထိတွေ့ခွင့်ရနေတာတော့ အမှန်ပဲ။ ဒီအနွေးဓာတ်လေးက ရင့်မှည့်လာတဲ့မနက်ခင်းနဲ့အတူ တဖြည်းဖြည်း ပိုပြီးပူနွေးလာမယ်။ နောက်တော့ လင်းချင်းတဲ့နေရောင်ခြည်ဟာ အပူတံလျပ်လှိုင်းတွေနဲ့အတူ နေ့တနေ့ကို သိမ်းပိုက်ပေလိမ့်ဦးမယ်ပေါ့။ အုံ့ဆိုင်းနေတဲ့ တိမ်ညိုတွေဟာ နေ့တနေ့ရဲ့အလင်းရောင်ကို ဘယ်လောက်ခုခံတားဆီးနိုင်စွမ်းရှိမှာတဲ့လဲ။
အပြစ်ရှိတဲ့သူကို ငရဲပြည်သွားခိုင်းတာဟာ ငရဲပြည်တကယ်ရှိမရှိ ငြင်းခုံမှုထက် ပိုအဓိပ္ပါယ်ရှိပါတယ်။ နွားကျောင်းသားရဲ့ပုလွေသံဟာ နွားအုပ်ကြီးအတွက်မဟုတ်ပေမဲ့ မြက်ခင်းပေါ်က နွားတွေရဲ့ တလှုပ်လှုပ်ရွေ့လျားနေပုံကို ပိုပြီး ပြည့်စုံစေပါတယ်။ တောအုပ်တွေမီးလောင်နေတာ ပင်လယ်ကြီးက အိပ်ရေးပျက်ခံစရာမလိုဘူးဆိုတဲ့ အတွေးအခေါ်လောက်နဲ့ ကိုယ်လွတ်ရုန်းဖို့ လုံလောက်ကြပါပြီလား။ မေးခွန်းကို မေးခွန်းနဲ့ပြန်ခုခံတဲ့အခါ မတော်မတရားပြုကျင့်ခံရတဲ့အဖြေတွေဟာ သူမလိုချင်တဲ့ အသွေးအသားကို ဝမ်းမှာလွယ်လို့။ တိမ်ထဲက ရုန်းထွက်လာတဲ့နေရောင်တွေမှာလည်း သူ့ပေးဆပ်မှုနဲ့သူ၊ သူဒဏ်ရာတွေနဲ့သူ သိမ်းဆည်းထားခဲ့ရသောအရာများနှင့် ဆိုပါတော့။
နောက်ဆုံးတနေ့တော့ စီရင်ချက်ဟာ ကျရောက်လာတယ်။ ကောင်းမှုလည်း ကောင်းမှုအလျောက်၊ မကောင်းမှုလည်း မကောင်းမှုအလျောက် သူ့အိပ်မက်နဲ့သူ အိမ်ယာထူထောင်ကြတယ်။ နောက်ပြန်လှည့်ကြည့်တဲ့အခါ ကိုယ့်နားထင်ကိုယ်ထောက်ခဲ့ဖူးတဲ့ သေနတ်ပြောင်းဝတွေမှာ ကျုးလစ်ပန်းတွေ အခုလို ပွင့်နေလိမ့်မယ်လို့ ဘယ်သူက ထင်မလဲ။ တခါတလေ အာရုံငါးပါးကိုကျော်ပြီး ကိုယ့်ဆီရောက်လာတဲ့ နုညံ့ပြီး သန်မာတဲ့ ရိုက်ခတ်မှုတမျိုးကို စိတ်ရဲ့အောက်ခြေကြမ်းပြင်မှာ ငါးမျှားချိတ်နဲ့ငါး ဆုံမိသလို ဆုံဖူးကြတယ်မဟုတ်လား။ စော်ကားဖို့အတွက်ကျ ဘာအောင်လက်မှတ်မှ မလိုဘူး။ တယောက်ကိုတယောက် နွေးထွေးဖို့ကြ ဂြိုလ်တုအင်တာနက်လည်း လိုတယ်။ လေယာဉ်တင်သင်္ဘောကြီးလည်း လိုတယ်ဆိုသလိုမျိုး။
ဘယ်လိုမနက်ခင်းပဲဖြစ်ဖြစ် ခင်ဗျားတို့အတွက် မသုံးရသေးတဲ့ အသစ်စက်စက်နေ့ကလေးတနေ့တော့ ယူဆောင်လာတတ်စမြဲ။ အလိုရှိသလိုသာ သုံးဆောင်ကြပါလေ။
■ သတင်း
– ရခိုင်ပြည်မှ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ICC တရားရုံးက ယနေ့ တရားဝင် သတင်း ထုတ်ပြန်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု သတ်ဖြတ်မှုလှိုင်းများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ ထွက်ခွာလာမှုနှင့် နောက်ဆက်တွဲ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုအပြီး စစ်တပ်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ရာဇဝတ်မှုကျူးလွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက်ချက်ချခဲ့ကြောင်း၊ စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့ကြောင်း ICC က ထုတ်ပြန်သည်။
ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန်လျှောက်ထားမှုသည် အဆိုပါအမှုအတွက် ဖမ်းဝရမ်းထုတ်ရန် ပထမဆုံးလျှောက်ထားချက်ဖြစ်ပြီး နောက်ဆက်တွဲများ ထပ်မံလာဦးမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ဖမ်းဝရမ်းထုတ်ရန်လျှောက်ထားသော လျှောက်လွှာတွင် သက်သေအများအပြား၊ စာရွက်စာတမ်းအထောက်အထားများနှင့် စစ်မှန်သောသိပ္ပံ နည်းကျ၊ ဓာတ်ပုံနှင့် ဗီဒီယိုပစ္စည်းများအပါအဝင် သက်သေထွက်ဆိုချက်များပါဝင်ကြောင်း သိရှိရသည်။
Khit Thit Media
– နိုင်ငံပြင်ပသို့ ရောက်နေသော NUGအစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်လာကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။
နိုဝင်ဘာ၂၆ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် NUG ယာယီသမ္မတက ယင်းသို့ တိုက်တွန်းလိုက်ပြီး NUG အစိုးရသည် အဝေးရောက်အစိုးရဖြစ်၍ မရကြောင်းလည်း ဆိုသည်။
“လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျတော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ကျတော်တို့ အစိုးရအဖွဲဝင်တွေအားလုံး အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။
ပျံ့နေသည့် အလင်းများကို မှန်ဘီလူးနှင့် စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြရန် ယာယီသမ္မတ ကတိုက်တွန်းလိုက်သည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “၂၀၂၅ ဟာ ကျတော်တို့ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်”ဟု ယနေ့အစည်းအဝေးတွင် ပြော သည်။
NUGဝန်ကြီးများအားလုံး တော်လှန်ရေးအရွေ့အတွက် ထိရောက်မှုရှိစေသည့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ်ဆောင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ထပ်မံတိုက်တွန်းလိုက်သည်။
Myanmar Pressphoto Agency
– နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း နေပြည်တော်၊ MICC 2 ခန်းမတွင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏သားဖြစ်သူ မင်္ဂလာဆောင် ကျင်းပခဲ့ပြီး ယင်းမင်္ဂလာဆောင်ကို လုံခြုံရေးအဖြစ် စစ်တပ်နှင့်ရဲများ ချထားခဲ့ကြောင်း၊ အဆိုပါ မင်္ဂလာဆောင်ကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud drone အဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်း၍ Fixed wing drone ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်အုပ်စု ခေါင်း ဆောင်များတက်ရောက်မည်ဟု သတင်းရရှိသဖြင့် စနစ်တကျပြင်ဆင်တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။
အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် MICC 2 တွင် လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတစ်ချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ ထို့ပြင် အခမ်းအနားတက်ရောက်လာကြသော စစ်အုပ်စု ဗိုလ်ချုပ်အချို့မှာလည်း ကြောက်လန့်ထွက် ပြေး ကာ ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း သိရှိရသည်။
ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone အဖွဲ့နှင့် နေပြည်တော်စစ်တိုင်းဌာနတို့က အသေခံဒရုန်းမစ်ရှင်များကို ဆက်တိုက် အကောင်အထည်ဖော်လျက်ရှိရာ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်း ပထမအကြိမ် သံတောင်ကြီး-ဘုရင့်နောင်တပ်မြို့ နှင့် လိပ်သို ဗျူဟာကုန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၁ရက်နံနက်ပိုင်း – သံတောင်ကြီး ဘုရင့် နောင်တပ်မြို့ အားထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
တတိယအကြိမ် မစ်ရှင်အဖြစ် နိုဝင်ဘာလ ၅ ရက်နေ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ခရီးစဉ် ထွက်ခွာခဲ့သည့် နေပြည်တော် အေလာလေတပ်နှင့် နေပြည်တော် လေဆိပ်ကိုလည်း ကာမီကာ‌ဇေ အသေခံဒရုန်းများနှင့်မောင်းသူမဲ့လေယာဉ်ငယ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Khit Thit Media
■ ဖတ်စရာမှတ်စရာ
ဥပုသ်နေ့ဖြစ်၍ ကျောက်တော်မြို့ လမ်းမကြီးတစ်လျှောက် ဘုန်းတော်ကြီးကျောင်းမှ ပြန်လာကြသူများ၊ လမ်းသွားလမ်းလာများနှင့် စည်ကားနေသည်။ ဒေါ်ရီရီသန်းမှာလည်း (၆) နှစ်အရွယ် သားဖြစ်သူနှင့်အတူ ငရုတ်သီးမှုန့်ကြိတ်ရန် မြို့အလယ်ရှိ အမှုန့်ကြိတ်စက်ရုံသို့ ရောက်နေ၏။ ထိုအချိန်ထိ ကျောက်တော်မြို့တွင် အရာအားလုံးသည် ပုံမှန်အခြေအပင်။
မကြာမီ မြေပြင်သို့ ထိုးဆင်းလာသော ဂျက်လေယာဉ်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လမ်းပေါ်တွင် ဆောက်တည်ရာမရ ပြေးလွှားသူကလွှား၊ လုံခြုံမည်ဟုထင်သော နေရာများသို့ ဝင်ပုန်းသူကပုန်းနှင့် ပွတ်လောရိုက်သွားသည်။
ဒေါ်ရီရီသန်းမှာလည်း သူရောက်ရှိနေသည့် အမှုန့်ကြိတ်စက်ရုံအတွင်း သားဖြစ်သူကို ရင်ခွင်ထဲထည့်ကာ မြေကြီးပေါ်၌ လှဲချလိုက်ချိန် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြို့တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
“ဗုံးချပြီးလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ အနားမှာ ခေါင်းပြတ်တဲ့ အလောင်းတွေ၊ ကိုယ်တစ်ပိုင်းမရှိတဲ့ အလောင်းတွေနဲ့” ဟု အသက် ၄၀ ကျော်အရွယ် ဒေါ်ရီရီသန်းက ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်ကို ပြောပြသည်။
ထိုဖြစ်စဉ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီအချိန် စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ရခိုင်ပြည်၊ ကျောက်တော်မြို့လယ်ရှိ အ.ထ.က (၂) စာသင်ကျောင်းဝင်းနှင့် လမ်းမကြီးအနီးရှိ အမှုန့်ကြိတ်စက်ရုံအနီး ကျရောက်ပေါက်ကွဲကာ ဒေသခံများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးသွားသည့် ဖြစ်ရပ်ဖြစ်သည်။
ဗုံးကြဲမှုအတွင်း ဒေါ်ရီရီသန်းတို့ သားမိနှစ်ဦးအပါအဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၁၀ ဦး သေဆုံးသွားခဲ့သည်။ ထိုဖြစ်ရပ်ဆိုးကြီးသည် ဒေါ်ရီရီသန်းကို အရိပ်မဲကြီးတစ်ခုကဲ့သို့ အမြဲတမ်း ခြောက်လှန့်နေပြီး စိုးရိမ်မှု၊ ထိတ်လန့်မှုများက သူ့၏စိတ်ကို လွှမ်းမိုးသွားခဲ့သည်။
လမ်းပေါ်တွင် ကား၊ ဆိုင်ကယ်များ အသံကျယ်လောင်စွာဖြင့် အလျင်စလိုမောင်းနှင်လာသည့် အသံကိုကြားလျှင် လေယာဉ်သံထင်မှတ်ကာ အကာအကွယ်အောက်သို့ ပြေးဝင်ခြင်း၊ မြေပေါ်တွင် လဲဝပ်ချခြင်းများကို ပြုလုပ်တတ်သည်။
ကိုယ်တိုင်ကြုံတွေ့၊ မြင်တွေ့ခဲ့သည့် အဖြစ်အပျက်မှာ စိတ်ထဲစွဲကပ်နေ၍ အိပ်မပျော်ခြင်း၊ နောက်ထပ် လေကြောင်းအန္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်ကာ လုံခြုံမှုမရှိသလို ခံစားနေရသည်ဟု ဒေါ်ရီရီသန်း က ပြောသည်။
“ကားသံ၊ ဆိုင်ကယ်သံတွေ အကျယ်ကြီးကြားရင် ဂျက်လေယာဉ်သံထင်ပြီး ရင်တုန်၊ နှလုံးခုန်၊ ချွေးတွေထွက်ပြီး ဘာကိုမှ မသိတော့သလို ဖြစ်သွားတယ်။ ကမန်းကတန်း သားသမီးတွေကိုလိုက်ရှာ အဲလိုဖြစ်တယ်။ ဒီစိတ်နဲ့ပဲ ရှင်သန်နေရတယ်” ဟု ဒေါ်သန်းသန်းရီက ပြောသည်။
ဒေါ်ရီရီသန်းမှာ အသက် (၆)နှစ်အရွယ် သားတစ်ဦးနှင့် အသက် (၂၀) ကျော်အရွယ် သမီးနှစ်ဦးရှိပြီး သားသမီးများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်စိတ်က ဝါးမျိုလာခဲ့သည်။ ညအိပ်နေချိန်ပင် လေယာဉ်သံကြားသည်နှင့် တပြိုင်နက် သားသမီးများကို ဆွဲထူပြီး နေအိမ်အောက်သို့ ဆင်းပုန်းခြင်း ပြုလုပ်သည်။ သားသမီးများကိုလည်း အပြင်ထွက်သွားလာမှုများ မပြုလုပ်ရန် တားမြစ်လာခဲ့သည်။
သူခံစားနေရသော စိတ်ကြောင့် သားသမီးများအပေါ်မှာ လိုသည်ထက်ပို၍ ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေမိပြီဟု သတိပြုမိသော်လည်း ကိုယ့်စိတ်ကိုယ်ထိန်းကျောင်းရန် ခက်ခဲနေကြောင်း ဒေါ်ရီရီသန်းက ဖွင့်ဟသည်။
“သမီးတွေကို အပေါင်းအသင်းတွေနဲ့ အပြင်ကို မထွက်ခိုင်းဘူး။ မသွားမဖြစ်လို့ ဈေးကိုသွားရရင်လည်း မိနစ်ပိုင်းလောက်နဲ့ အမြန်ပြန်လာဖို့ မှာတယ်။ မတော်လို့ သူတို့အပြင်ကို ထွက်ချိန် အဲဒီနေရာမှာ ဗုံးချရင်ရော ဆိုတဲ့စိတ်က အမြဲစိုးမိုးနေတယ်” ဟု ဒေါ်ရီရီသန်းက ပြောသည်။
ဒေါ်ရီရီသန်းမှာ အသက်ရှင်သန်နေသော်လည်း ထိတ်လန့်စိုးရိမ်စိတ်ကြောင့် အစားမဖြောင့်၊ အနေထိုင်မဖြောင့် ဖြစ်နေပြီး အိမ်မှုကိစ္စများကိုပင် ကောင်းစွာ မဖြေရှင်းနိုင်တော့ပေ။ ကိုယ့်အိမ်မှာ နေထိုင်နေရင်း လုံခြုံမှုမရှိသလို ခံစားနေပြီး နောက်ထပ် လေကြောင်းလာပစ်မည်လော ဆိုသည့် အတွေးများဖြင့် နေ့ရက်တိုင်းကို စိတ်မချမ်းမြေ့စွာ ဖြတ်သန်းနေရသည်။
ထိုသို့ လေကြောင်းအန္တရာယ်ကြောင့် စိုးရိမ်ထိတ်လန့်ကာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ခံစားနေရသည်မှာ ဒေါ်ရီရီသန်းတစ်ဦးတည်း မဟုတ်ပေ။
(Development Media Group စာမျက်နှာတွင်ဖော်ပြခဲ့သည့် “မေကြီးသျှင်ရေးသည့်-စိတ်ကိုသတ်နေတဲ့ ဝေဟင်ပေါ်ကမရဏ” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။)
“စိတ်”ကို သတ်နေတဲ့ ဝေဟင်ပေါ်က မရဏ – Development Media Group
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*