5
ဆောင်းသွေးရင့်
‘မမ်မောအော့ဖ် ငါတို့’
“ဘဝသည် နာကျင်နေပေမဲ့
ငါတို့က ပြုံးရီခဲ့ရတယ်။”
၁။
စီးကရက်မီးခိုးငွေ့တွေ ကြားကနေ မြင်နေရသော လေယာဥ်ကို လိုက်ကြည့်မိသည်။ အတက်လေယာဥ်လား၊ အဆင်းလေယာဥ်လားတော့ ကျနော်မသိ။ ကျနော်တို့ကို ဗုံးကျဲချရန် သယ်ဆောင်လာသည့် လေယာဥ်မဟုတ်တာတော့ သေချာနေပါသည်။ ခရီးသည်လေယာဥ်တခုကို ထိုင်ကြည့်နေရတာ ဘယ်လို အရသာရှိနေမှန်းမသိ။ တိုက်ရှေ့က လှေကားထစ်ပေါ်ထိုင်နေရင်း လိုက်ကြည့်မိတယ်။ တောင်တန်းတလျှောက်၊ ကောင်းကင်အကျယ်ကြီးနဲ့ ခြားနားနေသည့် ဘဝအစိတ်အပိုင်းများ။ ဒီဒေသမှာ ငေးမော အံသြစရာတွေများပါသည်။ ဖြတ်သန်းနေသော ကားများကို ရှောင်ကွင်းရင်း လမ်းတွေလဲ လျှောက်ရပါသည်။ တိုက်ရှေ့က ကတ္တရာလမ်းကျော်ပြီး ကြည့်တော့ မြက်ပင်အရှည်များကို စနစ်တကျ စိုက်ပျိုးထားသည့် မြေကွက်ကို တွေ့ရပါသည်။ နွားစားမြက်လို့ပြောကြတာပဲ အကိုရ ဆိုပြီး အငယ်ကောင်လေး အိက်စ် (X) မနေ့ညနေက ရှင်းပြနေသည်ကို မှတ်မိသွား၏။ မြေကွက်နှစ်ခုကြားတွင် မြေနီလမ်းတခုသည် ဖုန်မှုန့်အပြည့်။ ကလေးတသိုက် စက်ဘီးစီးလာသည်ကို ငေးမောနေ၏။ ဘာသာစကားကတော့ ကျနော် နားလည်သည့် စကားပါပဲ။ ရှိုက်ထုပ်နေသည့် စီးကရက်အငွေ့တွေထဲကို မကျေနပ်ခြင်းတွေ ထည့်လိုက်တယ်လို့ ပြောလိုက်ရအောင်ကလဲ ကျနော် လူငယ်အရွယ်မဟုတ်တော့။ နားထင်စအပြည့် ဖြူနေသည့် အချိန်တောင်ကျော်နေပေါ့။ ဒါပေမဲ့ မကျေနပ်နေတာက မကျေနပ်တာပါပဲလေ။ နာရီကြည့်လိုက်တော့ ရုံးဆင်းချိန်ရောက်နေပြီ။ အငယ်ကောင်တွေ ပြန်လာတော့မယ်ထင်ပါရဲ့။ ကျနော်လဲ တနေ့လုံးအိပ်ထားလို့ လူကတိုက်ထဲမှာမနေချင်တော့။ လမ်းပေါ်ထွက်ငေးရင်း ဘေးဘီလဲ သတိထားနေရ၏။ ညီညာသပ်ရပ်နေ့သည့် မြို့ရဲ့အလှတရားကိုတော့ သေချာကြည်နှုးရမယ်မဟုတ်လား။ ကျနော်တို့ဆီမှာရော။ ဖြစ်လာခဲ့ပြီးမှ ပျက်သွားရသည့် တရားသဘောအား မဆင်ခြင်ချင်တော့ပါ။ မလုပ်ချင်တာတွေ ကျနော် မတွေးတော့ပါဘူးလေ။ အရှေ့က မြက်ပင်ကွက်ကလေးတွေကိုက ချစ်စရာဖြစ်နေတာပဲ။ စီးကရက်တလိပ် မီးထပ်ညှိရင်း ပျော်နေတော့တာ။ ဘေးတိုက်ခန်းက ဆရာလဲ ဆေးလိပ်သောက်ရန် ထွက်လာတော့ ဆရာအား ရိုသေစွာ နှုတ်ဆက်လိုက်ပါသည်။ မီးခြစ်ယူဦးမလားဟု ဆရာ့အား ပေးတော့ ဆရာက ခေါင်းခါ၏။ ဆရာသည်အတွေးအခေါ် ပညာရှင် ပါမောက္ခ ပီပီ မတရားမှုတိုင်းကို ခေါင်းခါတတ်သူ မဟုတ်လား။ ဒီနိုင်ငံရဲ့ အလုပ်ဆင်းသည့် အချိန်ကို ကျနော် သဘောကျနေမိပါသည်။
၂။
မနေ့ညက ကျနော်တို့ ညီအကိုတတွေ သောက်ဖြစ်ကြ၏။ တိုက်အောက်ဆုံးထပ် ဧည့်ခန်းတွင် အာထွာ (Ultra) ရဲ့ ဒက်ကော်ရေးရှင်းသည် အနုပညာ ဆန်လွန်းလှပါသည်။ အာထွာ့နံရံတွင် ကဗျာအများအပြား တွေ့ရ၏။ တံခါးအဝင်ဝ နံရံဘက်ခြမ်းတွင်ရှိနေသော ပန်းချီများထဲတွင် အဲ့ဝက်မွန့်ရဲ့ `အော်သံ` ကို ကျနော် အကြိုက်ဆုံးပါ။ ထိုအော်သံထဲတွင် အကြောက်ဆုံးကတော့ ကျနော်တို့ကိုယ်တိုင်ရဲ့အသံပင်ဖြစ်ပါသည်ဟုဆိုခဲ့သော အက်ဆေးကို သတိရရင်း ရာထောင်ကို သောက်ရမည့် အလှည့်ကို ထိုင်စောင့်နေရသည်မှာ ဘယ့်လောက်များ ကြည်နှုးဖွယ်ကောင်းလိုက်မလဲ။ ရာထောင်ဝယ်ကြမည့် အချိန်များလဲ ကျနော် အမှတ်ရမိနေ၏။ ညီအကိုတတွေ တယောက် ဘယ်နှဘတ်နှုန်းဖြင့် တွက်ချက်ပြီး ငွေစုနေကြတော့ ကျနော် ပြုံးကြည့်မိပါသည်။ ငွေစုမိတော့ အဝယ်တော်ကျသူများသည် ထိုတုန်းက အထောက်အထားမဲ့နေသော X နှင့်ကျနော်။ ရာထောင်ရောင်းသည့်ဆိုင်သည် သိပ်တော့မဝေးလှပါ။ ရာထောင်လေးဘူး၊ စွန်းမွှေး ၄ ထုပ်နဲ့ သရက်သီးထုပ်ယူလာပြီး အိမ်ပြန်ရောက်တော့ ရေးလ် (Ray) သည် မီးဖိုချောင်မှာ အမြည်းအစုံအသင့် ပြင်ထားပြီးပြီ။ အာထွာရဲ့ အာလူးပြုတ်ကြော်က မပါမဖြစ်အမြည်းတခု။ ဘလိတ် (Blade)က ဂစ်တာကို ကိုင်ထားကာ သောက်ပြီးရင် P2 ဆော့ဖို့ လူစုနေပြီ။ ဖိလစ် (Phillip)တယောက် ဟိုဟာလုပ်မှာလိုလို ဒီဟာလုပ်မှာလိုလိုနဲ့ မီးဖိုချောင်ဘက်ပြေးလိုက် ဧည့်ခန်းပြေးလိုက်နဲ့ အလုပ်ရှုပ်နေတုန်း။ ထိုအချိန်မှာ ကျနော်တို့သည် မိုးကို ပြေးကြည့်မည့်သူများ ဖြစ်နေကြပါသည်။ ထိုနောက်တော့ ဘလိတ်ရဲ့ “အဝေးကလမ်းဟောင်းလေးကို ငါဟာနှုတ်ဆက်” ဆိုသည့် ထည်ဝါသည့် အသံထွက်လာတော့ ကျနော်တို့အားလုံး ရာထောင်ကို အလှည့်ကျ သောက်နေဆဲပါ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
