မိုးတွေစိုနေသည်

မောင်သစ်​အောင်

by The Call
1 views
‘မိုးတွေစိုနေသည်’
◼️ ​မောင်သစ်​အောင်
(၁)
ဒီလိုလွမ်းစရာ ရာသီဥတုကြီးကို မုန်းမိသည်။ သင်္ကြန်ရောက်ခါနီး ရာသီဥတုဟာ မိုးရနံ့ လေရနံ့နဲ့ ဒီရာသီဥတုကိုအရင်က ဦးခင်အောင် တယောက် တော်တော်လေးသဘောကျပါ၏။ သဘောလဲ ကျချင်စရာပင် မဟုတ်ပါလော။ မိသားစု စုံစုံလင် ဒီလိုအချိန်ဆို နောက်လအတွက်ဘာလုပ်ကြမလဲတိုင်ပင်နေကြပြီ။ ခုတော့ မိသားစုထဲမှာ သားဦး အဝေးမှာပင်။ ထိုအကြောင်းရာကို တွေးမိတိုင်း ဦးခင်အောင် မျက်လုံးက မျက်ရည်များက ပြည့်လျက်။
တော်ရုံပင် ငိုခဲသော ဦးခင်အောင်သည် ခုလဲ အိမ်ရှေ့ကိုမျှော်ကြည့်၍ မျက်လုံးထဲက မျက်ရည်စများအပြင်သို့ထွက်မလာအောင် ထိန်းထားရ၏။ သို့သော် မျက်ရည်တို့သည်ကား ထိန်းထား၍မရ အပြင်သို့ပင်
လျှံကျလာပြီး ဦးခင်အောင် ပါးပြင်တွင် မျက်ရည်စီးကြောင်းကြီးတခု။
“ဖေကြီးရယ် ဘာလို့ငိုနေရတာလဲ။ သားကြီးကို လွမ်းနေပြီလား” မျက်ရည်စများကို မြင်သော ၎င်း၏မိန်းမ
ဒေါ်နီလာက လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ ဒေါ်နီလာနှင့် ဦးခင်အောင်တို့ အိမ်ထောင်သက်သည်
ထိုသားဦး​လေး တသက်ပင်ရှိလေသည်။ သူတို့အိမ်ထောင်သက် ၂၀ အတွင်း သားသုံးယောက် ဖွားမြင်ခဲ့သည်။ ဦးခင်အောင်သည် သမီးကလေးလိုချင်သူဖြစ်ရာ နောက်ဆုံးသားအငယ်ဆုံးလေးကို
သမီးကလေးဖွားမြင်ပါစေလို့ ဆုတောင်းခဲ့သည်။ သို့သော်သူ၏ဆုတောင်းများကား မပြည့်ခဲ့။ သားသုံးယောက်အနက် အကြီးဆုံးသားမှာ မောင်လူအေး ဖြစ်ပြီး တိုင်းပြည်မုန်တိုင်းအပြင်း တိုက်ခတ်ခံရချိန်တွင် တခြား လူငယ်များနည်းတူ စနစ်ဆိုးအားတွန်းလှန်မည်ဆိုကာ အိမ်မှထွက်သွားခဲ့လေပြီ။
“မေကြီးရေ လူအေး အကြောင်းကော ဘာကြားသေးလဲကွယ့်။ မင်းသား တယောက်တော့ လုပ်ချင်တာလုပ်ပြီး အဆင်ပြေရဲ့လား မသိပါဘူးကွာ”
“ပူမနေပါနဲ့ ဖေကြီးရယ် ရှင်သားက ရှင့်လိုပဲ မာမာချာချာရှိပါတယ်”
“အင်း ငါတို့မိသားစုတွေလဲ ဘယ်တော့များမှ ပြန်ဆုံမှာပါလိမ့်”
ထိုတွင်စကားစ ပြတ်သွား၏။ စာအုပ်တအုပ်ကို ကိုင်ကာ ဆင်းလာသော အငယ်ကောင်မှ
“ဖေကြီးအလုပ်မသွားသေးဘူးလား”
“အေး သွားတော့မှာပါကွ။ မင်းလဲခုတလော စာအုပ်တွေအဖတ်များတယ်နော်” ဦးခင်အောင် ထိုသို့ပြောသည်ကို အငယ်ကောင်က တွေးတွေးဆဆဖြင့် “ကိုကြီးမသွားခင်က မှာသွားတယ်။ ငါဘာတွေလုပ်နေလဲ ဘာကြောင့်လုပ်လဲသိချင်ရင် စာအုပ်တွေများများဖတ်တဲ့။ အဲ့ထဲမှာအဖြေတွေရှိတယ်ဆိုပြီး ပြောခဲ့တယ်”
ဦးခင်အောင်သည် ဆက်၍ပြောစရာ စကားမရှိသလို ငြိမ်၍ပင်နေလိုက်သည်။ လူအေးလေး မသွားခင်ကအကြောင်းများသာ ခေါင်းထဲတွင် အစီအရီပြန်ပေါ်လာလေတော့သည်။
(၂)
အလုပ်ကအပြန် မောမောနှင့် နားနေသောဦးခင်အောင် တယောက် အိမ်က သံမန်တလင်းတွင် ဆေးအနီဖြင့်
မှုတ်ဆေးများ စွန်းနေသည်ကို သတိထားမိသွား၏။ ထိုစာလုံးများသည် တဝက်တပျက် စာလုံးများကို သေချာဖတ်ကြည့်လိုက်သောအခါ “ကြောက်ခေတ်ကို မှောက်ပစ်” ဆိုသည့် စာလုံးများ။
သေချာသည် ဒါလူအေး လက်ချက်ပင်ဖြစ်သည်ဟု ဦးခင်အောင် တယောက် ချက်ချင်းပင်ကောက်ချက်ဆွဲလိုက်၏။ မနက်မိုးလင်းရင် အိမ်ကခိုးထွက်ကာ ဆန္ဒပြပွဲသို့ သွားဦးမည်ဟုလည်း
တခါထဲသိလိုက်၏။ လွန်ခဲ့သော သုံးရက်ခန့်က လူအေးနှင့် ဦးခင်အောင်တို့နှစ်ဦး စကားအကြိတ်အနယ်ပြောကြ၏။
ဦးခင်အောင် စိတ်တို၍ လူအေးအား ရိုက်သည်။ ထိုအခါ လူအေးက အံကိုတင်း၍သာခံသည်။ အရင်ကရိုက်ရင် ငိုတတ်သော လူအေးတယောက် အော်သံပင်ထွက်မလာချေ။ ရိုက်နေ၍ မပြီးသဖြင့် လူအေးနှင့် စကားအေးဆေးထိုင်ပြောမည်ဟု ဆုံးဖြတ်လိုက်သည်။
“မင်းဘာလို့ ဒီအလုပ်တွေဆက်လုပ်တာလဲ။ ခေါင်းတော်တော်မာနေတယ်ပေါ့ ဟုတ်လား”
လူအေးက ဘာမှမပြော တိတ်၍သာနေလေသည်။ ထိုသို့ သူ၏လိုအင်မရတိုင်း တိတိဆိတ်စွာနေခြင်းသည် လူအေး၏ ပင်ကိုယ်အကျင့်ပင်ဖြစ်သည်။ ထိုသို့ တိတ်နေမှုကို ဦးခင်အောင်ကပင်ဆက်၍
“မင်းအရွယ်က ပညာသင်ရမယ့်အရွယ်ပဲ။ ဒါတွေ လုပ်ရမယ့် အရွယ်မဟုတ်သေးဘူး”
ထိုအခါ လူအေးနှုတ်မှ စကားလုံးများ တလုံးချင်းထွက်ပေါ်လာသည်။
“မတရားတာကို မတရားကြောင်းပြောဖို့
အရွယ်ကြီးတာငယ်တာနဲ့ မဆိုင်ပါဘူးဖေဖေ” ထိုစကားများကို ကြားရသော ဦးခင်အောင်သည်
အံသြခြင်းများစွာဖြင့် ၎င်း၏ ‌ရှေ့တွင်ရပ်နေသော လူအေးသည် အရင်က လူတွေနှင့် ဆက်ဆံမှုကင်းသောတဦးတည်း နေထိုင်မှုဖြင့် ကြီးပင်းလာသော လူအေးမှဟုတ်ပါစ။
ထိုညက ဦးခင်အောင်တို့သားအဖမှာ စကားအခြေတင်ပြောကြ၏။ လူအေးကလဲ ဘာကြောင့်ဒါတွေကို
လုပ်ရသည်ကို အကျိုးသင့်အကြောင်းသင့် ပြော၏။ နောက်ဆုံးတွင် သားအဖနှစ်ဦးကြား မပြီးဆုံးသော
အကြောင်းအရာအဖြစ် အမေဒေါ်နီလာ၏ ဖျန်ဖြေပေးမှုဖြင့် အိပ်ယာဝင်ခဲ့ကြ၏။ ခုလည်း ဦးခင်အောင်သည် လူအေးအားခေါ်မည်လုပ်ပြီးမှ ၄
မခေါ်တော့ဘဲ သူမနက် ဘာလုပ်မည်ကိုနောက်မှလိုက်ကြည့် ရန် ဆုံးဖြတ်လိုက်သည်။ လူအေးသည် သူ၏အဖေ ခေါ်သံအား မကြားသဖြင့် သက်ပြင်းချကာ နှစ်ခြိုက်စွာ အိပ်နေလိုက်တော့သည်။
နွေသည် ‌ရောက်ပြီဖြစ်သောကြောင့် လေတိုက်တိုင်း ရင်ထဲကိုအေးမြစေ၏။ ဖုန်းမှ BELLA CIAO သီချင်း
တီးလုံးအသံနှင့်အတူ လူအေးတယောက် နှိုးထခဲ့တော့သည်။ ထို့နောက် မနေ့က ဆေးမှုတ်ထားသော
ပိတ်စကိုယူ၍ ခိုးထွက်ခဲ့သည်။
အချိန်သည် ၄ နာရီခွဲကျော်ပင် ရှိသေးသောကြောင့် အိမ်ကလူများ အိပ်‌မောကျနေသည် အထင်ဖြင့်
လူအေးတယောက် အေးဆေးပင်ထွက်လာခဲ့၏။သို့သော် သူ၏နောက်တွင် ဖခင် ဦးခင်အောင် လိုက်လာမှန်း လူအေးမသိလိုက်။ ၎င်းတို့လှုပ်ရှားမှုလုပ်မည့်နေရာတွင် လူငယ်များ သုံးယောက်တတွဲ၊ နှစ်ယောက်တတွဲ လမ်းလျောက်ဟန်ပြုနေကြ၏။ တကယ်တော့ လှုပ်ရှားမှုလုပ်ဖို့အတွက်စောင့်နေကြခြင်းသာ။လူအေး ဘေးသို့ မျက်စိဖြင့် ဝေ့အကြည့်တွင် သူ၏သူငယ်ချင်း ဖိုးပိန်ကို တွေ့လိုက်၏။ ထိုအခါ နှစ်ဦးသား အနီးသို့ကပ်ကာ စမယ်လို့ ပြောသံနှင့်အတူ အနီရောင်ပိတ်စတခုကို ဖိုးပိန်က ဖြန့်လိုက်ရာ လူအေးလဲ ယူလာသော ပိတ်စကို ဖြန့်၍ ကြွေးကြော်သံများ စတင်တိုင်လေတော့သည်။
အလံနှင့်ပိတ်စဖြန့်ကာ ကြွေးကြော်သံ တိုင်လိုက်သည်နှင့် ဘေးရှိလူငယ်တို့သည် လူအေးတို့နောက်တွင် လိုက်ပါလာသည်။ ဖိုးပိန်က သူဝှက်ထားသော ၈ ပေလောက်ရှိသည့် ဝါးအားထုတ်ယူရင်း အလံကို သွက်လက်စွာချည်ကာ မိုးပေါ်သို့ ထောင်လိုက်တော့သည်။ ထိုနောက် ကြွေးကြော်သံများနှင့်အတူ ဝဲတက်လာသော ပိတ်စတခု ပိတ်စပေါ်တွင် ‌‌ရွှေဝါရောင် ခွပ်ဒေါင်းသည် စစ်မိစ္ဆာအပေါင်းအား ဖြိုခွင်းတော့မည်အလား။ ထိုမြင်ကွင်းကို ဘေးကနေကြည့်နေရသော ဦးခင်အောင်သည်ပင် ကြက်သီးများထကာ တိုင်းပြည်ရှိဖောက်ပြန်သော အစိုးရအပေါင်းအားတိုက်ပွဲဝင်နေသည့် ၎င်း၏သား ဖြစ်သူနှင့် လူငယ်တစုအား လေးစားစိတ်တို့နှင့် သားဖြစ်သူအတွက်
စိုးရိမ်စိတ်တို့သည် တိုး၍လာလေတော့သည်။
ထိုရက်မှစ၍ ဦးခင်အောင်သည် မောင်လူအေးအား မတားတော့ပေ။ အန္တရာယ်များကို ရှောင်၍လုပ်ရန်သာ
မှာကြားလေတော့သည်။ မောင်လူအေးကတော့ သူ၏ အဖေ ထိုသို့ပြောသည်ကို သဘောကျ၍ ပြုံး၍သာနေတော့သည်။
(၃)
နှစ်လသုံးလခန့်ကြာသောအခါ မောင်လူအေးတယောက် မြို့တွင်းလှုပ်ရှားမှုများကြောင့် နာမည်ပင် အတော်ထွက်လေပေသည်။ အကြောင်းမှာ မြို့ထဲ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် လူများမရှိတော့သောကြောင့်ပင်။ တချို့အဖမ်းခံကြရသည်။ တချို့ မြို့ပြနဲ့အဝေးဆုံးသို့ ထွက်သွားကြသည်။ မောင်လူအေးတို့အစုသည်သာ မြို့အတွင်း နောက်ဆုံးကျန်သော အသုတ်ဖြစ်လေတော့သည်။ ရန်သူကား တစတစ တိုး၍အဖမ်းစီးကြမ်းလာသည်။ ရန်ကုန်
မန္တလေးရှိ သပိတ်ခေါင်းဆောင် အများအပြား အဖမ်းခံကြရသည်။
မောင်လူအေးတို့သည် သိုသိပ်စွာလုပ်ကြသော်လည်း ရန်သူကသိနေလေပြီ ရန်သူကွန်ယက်တွေသည်
အလွန်ပင်ကျယ်လွန်းသည် မဟုတ်လော။ တရက် မောင်လူအေးတယောက် ဆန္ဒပြပွဲသို့အသွား လမ်းတွင် စစ်ကား၊ ရဲကားများ များစွာတွေ့ရသည်။ သူတို့လူများ အရင်ကလိုပင် စုရပ်‌ရောက်သော်လည်း မျက်စိများ ရှင်ရှင်ထား၍ ကြည့်နေကြရသည်။
လက်ဖက်ရည်ဆိုင် တဆိုင်ထဲသို့ လူအေးတ‌ယောက် ခပ်တည်တည်နှင့်ဝင်ထိုင် လိုက်သည်နှင့် တပြိုင်နက်
ဦးထုတ်ဆောင်းထားသည့် လူတဦး သူစားပွဲဝိုင်းသို့ ဝင်ထိုင်လိုက်သည်။ ထိုသူမှာ တခြားသူမဟုတ် ဖိုးပိန်ပင်ဖြစ်သည်။
“လူအေး အခြေအနေမကောင်းဘူး‌‌။ မြန်မြန် လူစုခွဲမှထင်တယ်”
“‌အေး မြန်မြန် ခွဲမှပဲ။ တသုတ်ခြင်းစီပြန်လစ်ခိုင်းတော့မှရမယ်”
ထိုသို့ပြောပြီးသည်နှင့် လူအေးတို့ သပိတ်မှောက်လူငယ်တစုလည်း ခွဲ၍ အလျှိုလျှို ပြန်ကြတော့၏။ နောက်မှသိရသည် မှာ လူအေးတို့အဖွဲ့မှလူတဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ လူဖမ်းပွဲများသည် တစတစ တိုး၍လာသည်။ ထိုအခါလူအေးလည်း မိခင် ဒေါ်နီလာအားပြောပြကာ ရှောင်ဖို့ပြင်ရတော့၏။ ထိုအခါ ဦးခင်အောင်သည် သူ၏အသိ ဗိုလ်များထံအကူညီတောင်းကြည့်မည်ဆိုကာအိမ်က ထွက်သွားလေတော့သည်။
ဦးခင်အောင်အလုပ်မှာ စစ်ဗိုလ်၊ စစ်သားများ နှင့် တွဲ၍ လုပ်ရသောအလုပ်ဖြစ်သောကြောင့် သူ၏မိတ်ဆွေများထံ အကူညီရလို ရငြား တောင်းကြည့်မည်ဖြစ်၏။ သို့သော် အချိန်တို့ကား လွန်လေချေပြီ။ ဦးခင်အောင် အလုပ်မှအိမ်ပြန်ရောက်သော တနေ့၌ လူအေးတယောက် အိမ်မှထွက်သွားသောကြောင့်ပင် ဖြစ်သည်။
အိမ်ကမထွက်မီ လူအေး ဦးခင်အောင်အတွက် စာတစ်စောင်ရေးထားခဲ့လေသည်။ ထိုစာတ​စောင်မှာ ပါရှိသော အကြောင်းအရာများမှာ အောက်တွင်ပါရှိသော စာကြောင်းများပ င်ဖြစ်ပါသည်။
သို့/
အဖေဦးခင်အောင်
မရှောင်လွှဲနိုင်သော အကြောင်းများကြောင့် သား အိမ်က ထွက်သွားရပါတော့မယ်။ မိသားစုတာဝန်တွေထက်တိုင်းပြည်အရေးက ပိုကြီးနေတာမလို့ လစ်လျူရှုထားတာ နားလည်ပါ။ မလိမ်မ္မာသောသားအတွက် ဝမ်းမနည်းပါနှင့်။ နောင်တချိန်ပြန်ဆုံမှ သားကိုကြိုက်သလို အရေးယူနိုင်ပါသည်။ အဖေကို ဒီစာနဲ့ပဲကန်တော့လိုက်ပါ၏။
သားမိုက်၊
လူအေး
ဦးခင်အောင်တယောက် တုန်ရီနေသောလက်များဖြင့် စာရွက်ကိုကိုင်လျက် ထိုတမျက်နှာပင်မပြည့်သောစာကို ထပ်ခါထပ်ခါ ဖတ်ရူနေလေ၏။ အံသြခြင်း၊ဝမ်းနည်းခြင်းတို့နှင့်အတူ မယုံကြည်နိုင်ခြင်းတို့ကား စိုးမိုးနေ၏။ ၁၆ နှစ် ပြည့်ပြီးခါစဖြစ်သော သားလူအေးတယောက် အိမ်မှထွက်ပြီး သူယုံကြည်ရာကို လုပ်တော့မည်ကို ဦးခင်အောင် တယောက် မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်မိတော့၏။
အပြင်တွင် နေမင်းသည် မိုးတိမ်များအောက်တွင် ရောက်လျက်။ မိုးခြိမ်းသံများသည် ဦးခင်အောင်၏ ရင်တွင် နှလုံးခုန်သံများကဲ့သို့ပင်။ ဦးခင်အောင်တယောက် မိုးခြိမ်းသံများ၊ လျှပ်စီးများ လျှပ်နေသည့်ကြားထဲမှ သူစီးနေကြ ဆိုင်ကယ်ကိုထုတ်ကာ
မြို့ထဲဘက်သို့ထွက်ခဲ့တော့၏။
“မိုးရွာကြီးထဲ လျောက်မသွားနဲ့လေ” သူမိန်းမ ဒေါ်နီလာ၏ သတိပေးစကားများအား မကြားတော့ စိတ်ထဲတွင် လူအေးတယောက် အိမ်ကထွက်သွားပြီဆိုသည့်အသိက ရင်တွင်ရိုက်ခတ်နေလေ၏။ တအိမ်သားလုံး၏ ပါးပြင်များတွင် မျက်ရည်စများဖြင့်သာ။
သားဦးလေး မွေးတုန်းကပျော်ခဲ့ရသည့် အတိတ်ပုံရိပ်များကို ပြန်မြင်လေ၏။ သို့သော် ယခုသားဦးလေးကား မိဘနှင့် ညီများကိုခွဲခွာကာ သူယုံကြည်ရာအလုပ်များကို ရဲရင့်စွာ သွားလုပ်သည်မဟုတ်ပါလော။ မိုးသည် ပြင်းထန်စွာရွာနေလျှက်။ ကမ္ဘာတခုလုံးကို ဖျက်စီးပစ်မည့်အလားရွာနေသော မိုးစက်များ
လေပြင်းများကြားတွင် လူတဦး ဆိုယ်ကယ်တစီးဖြင့်
ဘာကိုမှအမှုမထားသည့်အလား။ သူ၏ပါးပြင်ထက်တွင်မျက်ရည်စများသည် မိုးစက်များနှင့်ရော၍
မြေသို့ကျလေချေပြီ။
တခုသော သစ်ပင်ကြီးအောက်တွင် ဆိုင်ကယ်ကို ဘရိတ်အုပ်လိုက်၍ ရိူက်ကြီးတငင် ငိုနေတော့၏။ တကိုယ်လုံးလည်း မိုးရေများဖြင့် ရွှဲနှစ်၍။ ထိုအရာများသည် ကြာခဲ့ပြီ ကြာခဲ့လေပြီတကား မောင်လူအေးတယောက် အိမ်ကထွက်ခွာခြင်းသည်ပင် ဆယ်စုနှစ် တခု၏ တဝက်ပင်ကျိုးချေတော့မည်။လွန်ခဲ့သော လေးနှစ်ခန့်က ပုံရိပ်များသည် ယခုထက်ထိ မနေ့ကအတိုင်းပင်။ မိုးစက်များသည်
ကျ၍လာလေသည်။ မိုးစက်များနှင့်အတူ မိုးခြိမ်းသံများ လေပြင်းများသည် ပါ၍လာတော့သည်။
လူတဦးကမှု ထိုအသံများ မိုးရေစက်များကို အမှုမထား သစ်ပင်ကြီးအောက်တွင် ကျလာသော မျက်ရည်စများ မြေသို့ခစေ၍ ထိုဦးခေါင်းကို အောက်သို့ပင် ငုံ့လိုက်လေ၏။ လွန်ခဲ့သော လေးနှစ်ခန့်က သစ်ပင်ကြီးအောက်တွင် လူတဦးသည် မိုးရွာကြီးထဲ ရိူက်ကြီးတငင် ငိုခဲ့ဖူး၏။ ယခု ထိုသစ်ပင်ကြီးအောက်တွင်မှု လူတဦး မျက်ရည်များကျလာသည်ကို ကြိတ်၍ ကြိတ်၍ ရှိုက်ကာ မိုးသည်းထန်စွာ ရွာနေသည့်ကြားကမှ ဆိုင်ကယ်မောင်း၍ ထွက်ခဲ့တော့၏။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment