မြို့ပြဂျန်ဇီ ၂

“မြို့ပြဂျန်ဇီ ၂”
◼️​နွေဦးစင်​ရော်
နွေဦးအစမှာ လမ်းပေါ်ထွက်ခဲ့ကြတဲ့ လူငယ်တွေဟာ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ဆိတ်သုဉ်းသွားသလောက် ဖြစ်ခဲ့ရတယ်။ လက်နက်ကိုင်တော်လှန်ရေးနောက် မလိုက်ဖြစ်ကြတဲ့ လူငယ်တွေဟာ တက္ကသိုလ်အရွယ်လည်း သူ့အလျောက်၊ အထက်တန်းအရွယ်လည်း သူ့အလျောက် လမ်းပေါ်တက်ဖို့ အခွင့်မသာတော့တဲ့အခါ CDM လုပ်ကြတာ အများစုဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူ ၁ သိန်းခွဲ​လောက်ပဲရှိတယ်။ အာဏာသိမ်းမှုမဖြစ်ခင် နှစ်များနှင့် နှိုင်းစာရင် လက်ရှိ ရှိသင့်တဲ့ အ​ရေအတွက်ရဲ့ ဆယ်ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိပါတယ်။ ဒါ​​ကြောင့် CDM လုပ်သူ အထက်တန်းဆင့်​ကျောင်းသား​တွေ အများစုဖြစ်တယ်လို့ ခန့်မှန်းနိုင်တာပါ။ တချို့က မြို့ပြပြောက် ကျားအဖြစ် အခွင့်အ​ရေး ရလျှင်ရသလို တုန့်ပြန် တွန်းလှန်နေကြဆဲဖြစ်တယ်။ အဲသလိုအခြေအနေကို ရုတ်ခြည်း ဆွဲချလိုက်တာကတော့ ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ဇွတ် ပြဋ္ဌာန်းလိုက်တဲ့ ဖက်ဆစ်အကြမ်းဖက်အုပ်စုရဲ့ “စစ်မှုထမ်းဥပဒေ” ပါပဲ။
စစ်မှုထမ်းဥပ​ဒေနဲ့ အကြမ်းပတမ်း နှိပ်ကွပ်ဖမ်းဆီးမှု​ကြောင့် အရွယ်ကောင်း မြို့ပြဂျန်ဇီ​လေး​တွေဟာ မိမိတို့မှာ ရှိရှိသမျှ​သော ခွန်အား​လေး​တွေကို စုစည်းကာ ရုန်းကန်​နေကြရပါတယ်။ အဲဒီထဲကမှ ဆယ့်ရှစ်နှစ်၊ နှစ်ဆယ်၊ နှစ်ဆယ်စွန်းစ လူငယ်​လေး သုံး​ယောက်ရဲ့ ပုံသဏ္ဌာန်မတူတဲ့ ဖြတ်သန်းကြရပုံကို ​ပြောပြချင်ပါတယ်။
‘လူငယ် [၁]’
နှစ်ဆယ်စွန်းစ လူငယ်​လေးဟာ ၂၀၂၁ ​ဖေ​ဖော်ဝါရီလ အာဏာမသိမ်းခင်က ယဥ်​ကျေးမှုတက္ကသိုလ်မှာ ပထမနှစ်တက်​နေတဲ့ တက္ကသိုလ်​ကျောင်းသား​လေး တ​ယောက်ပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မိဘ​တွေ သ​ဘော​​တွေ့တဲ့ ပုံစံကျအမြင်ဖြစ်တဲ့ လိမ္မာရို့ကျိုးစွာ ​နေတတ်သူ​တော့ မဟုတ်ပါဘူး။ ဆယ်တန်းစာ​မေးပွဲကို​အောင်ဖို့ နှစ်ကြိမ်​ဖြေခဲ့ရတယ်။ ဆယ်​ကျော်သက်ရွယ်​ ကျော်လွန်စပြုလာကတည်းက မိဘဖြစ်သူ​တွေနဲ့ တကျက်ကျက်၊ ​ဆေးလိပ် အရက် ခိုး​သောက်၊ အိမ်​ပေါ်က ဆင်း စသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မိသားစုတိုင်းမှာ ၁၀၀% ပြည့်နီးပါး ​တွေ့ရ​လေ့ရှိတဲ့ မြင်ကွင်း​တွေအတိုင်းပါပဲ။
အဲသလို အခြေအ​နေက​နေ ဒီလူငယ်​လေးရဲ့ ဘဝအချိုးအ​ကွေ့ဟာ အာဏာသိမ်းဖြစ်စဥ်​ကြောင့် အကြီးကြီး ဖြစ်ခဲ့ရတယ်။ မြို့​ပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ​တွေမှာ ပါဝင်ခဲ့တယ်။ အဖမ်းခံရလုနီးနီး အ​ဖြစ်အပျက်တွေကိုလည်း ဖြတ်သန်းခဲ့ရဖူးတယ်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကာလ​တွေမှာ လူငယ်အများစုဟာ လက်နက်ကိုင်တိုက်မှသာ ဖက်ဆစ်အာဏာရှင်ကို ဖြုတ်ချနိုင်မယ်လို့ တထစ်ချ ယုံကြည်ခဲ့ကြတယ်။ ဒါ​ကြောင့်ပဲ မိမိတို့နဲ့ နီးစပ်ဆက်စပ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့​တွေဆီ ခိုဝင်​ရောက်ရှိ​နေကြချိန်လည်း ဖြစ်တယ်။ ဒီအခါ လူငယ်​လေးဟာလည်း ​တောခိုဖို့ စိတ်ဝင်တစား ဖြစ်ခဲ့တယ်။ ဒါ​ပေမဲ့လည်း အဆက်အသွယ် အချိတ်အဆက်​တွေ အလွယ်မရှိခဲ့လို့ မသွားဖြစ်ခဲ့ဘူး။
တကယ် တည့်တည့်ဆိုင်ဆိုင် သွားမှဖြစ်မယ့် အ​ခြေဆိုက်လာ​တော့ ဒါဟာ မိသားစုရဲ့ အ​ရေးပြဿနာတရပ် အ​နေနဲ့ပါ ရင်ဆိုင်ကြရတယ်။ ဒီ​တော့ မိဘ​တွေရဲ့ ​အတွေးအကြံ​တွေပါ ထည့်ဝင်​ဆွေး​နွေးလာရပြီ ဖြစ်ပါတယ်။ ဘယ်လမ်း​ကြောင်း၊ ဘယ်အဖွဲ့အစည်းနဲ့ စသဖြင့် ချိတ်ဆက်ဖို့ ကြိုးစားခဲ့ကြရတယ်။ အဆင်​ပြေဆုံး အ​ကောင်းဆုံး ​လမ်း​ကြောင်းကို ​ရွေးချယ်လို့ရတဲ့အခါ မိဘ​တွေကိုယ်တိုင် ​တောခိုမယ့်သားကို လိုက်ပါပို့​ဆောင်​ပေးကြတယ်။ အင်မတန် ​ကျေနပ်ကြည်နူးရကာ မျက်ရည်​ဝေရတဲ့ အဖြစ်​တွေပါပဲ။ အခု​တော့ ဒီလူငယ်​လေးဟာ စစ်သင်တန်းပြီးပြီဖြစ်ကာ “စစ်သားလုံးလုံး ဗိုလ်မှူးကြီးရှုံး​လောက်ရဲ့” သွင်ပြင်လက္ခဏာ​တွေနဲ့ ဖြစ်​လို့နေပါပြီ။
‘လူငယ် [၂]’
သူလည်း နှစ်ဆယ်ဝန်းကျင် လူငယ်​လေးဖြစ်​နေပါပြီ။ ၂၀၂၀ ခုနှစ်က Grade 9 ကို ​ဘော်ဒါ​ဆောင်မှာ ​တက်​နေရင်း ကိုဗစ်ဖြစ်လို့ တန်းလန်းကြီး ရပ်သွားတယ်။ အာဏာသိမ်းမှုကြီးနဲ့ပါ ထပ်တိုးပြီး​နောက်ပိုင်း ​ကျောင်းတွေပြန်ဖွင့်​ပေမဲ့ ဆက်မတက်​တော့ဘဲ CDM လုပ်လိုက်တယ်။ အင်္ဂလိပ်စာသင်တန်း​လေးတက်၊ တဘက်က မိဘလက်ငုတ်အလုပ်ကို ကူရင်း စျေး​ရောင်းဖြစ်ခဲ့တယ်။ ဒီလို​နေရင်း စစ်မှုထမ်းဥပ​ဒေနဲ့ တိုးခဲ့ရတယ်။ ကိုယ့်အလှည့် မ​ရောက်​သေး​သော်ငြားလည်း ကြို​ရှောင်ထွက်ဖို့ အ​ရေးကြီးလာတယ်။
သူ့အတွက် အခွင့်အလမ်းတရပ် ရှိ​နေတာက လူခံအဖြစ် သူ့အကိုဟာ ထိုင်းတက္ကသိုလ်တခုမှာ ​ကျောင်းတက်ရင်း ​ရောက်နှင့်​နေတာပါပဲ။ အကိုက အလုပ်တဘက်နှင့်မို့ သူ့ကို ခေါ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ မိဘ​တွေက ဝိုင်းကူစီမံရတာ​ပေါ့။ ပတ်စ်ပို့က လက်ထဲမရှိ​သေး​တော့ ​အောက်လမ်းက ပို့ဖို့ပဲ စီစဥ်ရ​တော့တယ်။ အခု​တော့ ထိုင်းနိုင်ငံရဲ့ ဗမာ​တွေအများစု ခိုလှုံ​ရောက်ရှိရာ မြို့တမြို့မှာ ​နေသားကျ​နေပြီ။
‘လူငယ် [၃]’
ဒီလူငယ်​လေးက​ အခုမှ အသက် ၁၈ ပြည့်ခါစပဲ ရှိ​သေးတယ်။ အာဏာသိမ်းမှုဖြစ်စဥ်အတွင်း ​အခြေခံပညာ​ကျောင်း​တွေ ပြန်ဖွင့်​တော့ သူလည်း CDM ပဲ။ ၂၀၂၂ ခုနှစ်မှာ NUG MOE (အန်ယူဂျီအစိုးရ၊ ပညာ​ရေးဝန်ကြီးဌာန) ရဲ့ အသိအမှတ်ပြု ဖက်ဒရယ်​ကျောင်းတ​ကျောင်းမှာ တက်ဖြစ်တယ်။ Grade 9 ပြီးသွားပြီ။ ၂၀၂၄ Grade 10 တက်မယ့်အချိန်မှာ စစ်မှုထမ်းဥပ​ဒေကြီး ဝင်လာတာဖြစ်တယ်။ သည်​တော့ က​လေးနဲ့ မိဘ​ဟာ အပြင်းအထန် ​ဆွေး​နွေးရ​တော့တယ်။
အသက်အားဖြင့် ၁၈ ပြည့်ခါစ အလွန်ငယ်နု​သေးတာ​ကြောင့် မ​တော်တဆများ စကစရဲ့ စစ်သားစု​ဆောင်းခြင်း ခံရလျှင်ဆိုတဲ့ ဖိစီးမှုက မိသားစုကို ​​ကြီးမားစွာ ခြောက်လှန့်ခဲ့တယ်။ ​တောထဲသွားဖို့၊ နိုင်ငံခြားပို့ဖို့ အခွင့်မသာ​လေ​တော့ ​​နောက်ဆုံး ​အစိုးရ​ကျောင်းမှာ ပြန်ထားဖို့ ဆုံးဖြတ်ကြတယ်။ ဒါ​ပေမဲ့ ​ကျောင်းနဲ့ကင်းကွာတာ ၃ နှစ်ရှိပြီဖြစ်တာ​ကြောင့် ​ကျောင်းပြန်တက်ခွင့် မပြု​​တော့​ကြောင်း၊ အပြင်​ဖြေအဖြစ်သာ ​ဖြေခွင့်ရမှာဖြစ်​ကြောင်း အ​ကြောင်းပြန်လာပါတယ်။
နိုင်ငံခြားလည်း မပို့နိုင်၊ PDF ထဲလည်း မသွားနိုင်တဲ့ အ​ခြေအ​နေ​တွေကို လက်​တွေ့ ရင်ဆိုင်ဖြတ်သန်းကြရတယ်။ မည်သို့ပင်ဖြစ်​စေကာမူ မတတ်နိုင်တဲ့ ဘဝ​တွေဟာ ငုတ်တုတ်ထိုင်ကြည့်​နေရတာပါပဲ။
×××××××××××××
အထက်ပါ လူငယ်​လေးသုံး​ယောက်ဟာ မတူညီတဲ့ပုံစံ​တွေနဲ့ သမိုင်း​တွေကို ​ရေးသား​နေကြရပြီ ဖြစ်တယ်။ တူညီတဲ့အချက်က​တော့ ဒီလူငယ်​လေး​တွေ​​ကော သူတို့မိဘ​တွေ​ကောဟာ အကြမ်းဖက်စစ်အာဏာရှင်ကို နိုင်ရာ​ထောင့်က​နေ တုံ့ပြန် ​တော်လှန်ခဲ့ကြတဲ့သူ​တွေချည်းပဲဆိုတာ ဖြစ်ပါတယ်။ ဟို​ပြေးဒီလွှား ဟို​ရှောင်ဒီပုန်း လုပ်ခဲ့ရတဲ့သူ​တွေ​တောင် ပါပါ​သေးတယ်။
မြို့ပြဂျန်ဇီ​တွေ အပါအဝင် မြို့ပြ​နေလူထုဟာ လက်နက်နဲ့မိုးထားတဲ့​ တ​​နေ့တမျိုး မရိုး​နိုင်သော အမိန့်​တွေအောက်မှာ ရှင်သန်ကြရသူ​တွေချည်း ဖြစ်ကြတယ်။ ​နေသာသလို အ​ချောင်လိုက်ဖို့ စဥ်းစား​နေသူ တချို့တ​လေကလွဲလို့၊ နိုင်ငံ​ရေးဟာ ငါတို့နဲ့မဆိုင်ဘူးလို့ ​တော်လှန်​ရေးမရှိတဲ့ ရပ်ကွက်က အသံတချို့ကလွဲလို့ အများစု​​သော လူထုကြီးဟာ အကြမ်းဖက်စစ်အုပ်စုကို မကြိုက် မနှစ်သက်ကြပါဘူး။ ဘယ်​တော့ ဘယ်လို ​တော်လှန်ကြရမလဲလို့ အ​တွေးမျိုး ရှိကြသူ​တွေချည်းပါပဲ။
အထက်မှာ ဥပမာပုံ​ဆောင်ပြခဲ့တဲ့ ဂျန်ဇီလူငယ်​လေး သုံးဦးလို အ​နေအထား ဖြစ်တည်မှု​တွေ ကွဲပြားသွားတာမျိုး​တော့ ရှိ​နိုင်ပေလိမ့်မည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*