မှားယွင်းတဲ့ အချစ်

by The Call
48 views
‘မှားယွင်းတဲ့ အချစ်’
◼️ရာမွန်
အချစ်ထက် အစစ်လိုတယ်လို့
အော်နေတဲ့ ခေတ်မှာ ကိုယ်က ငူငူကြီးရပ်နေမိတယ်
ကိုယ်တို့က မရေရာဘူး
မြူတွေထဲကနေ အသက်ကို ငင်ရတယ်
သားနှစ်ယောက် ထောင်ဝင်စာပို့ရလို့
ဆန်ကွဲနဲ့စားနေရတဲ့ အန်တီကြီးရှိတဲ့ခေတ်မှာမှ
ကိုယ်တို့က ချစ်မိတယ်
တယောက်တည်း မဟုတ်ဘူး
ဘေးပါတ်ပါတ်လည်ကိုကြည့်လိုက်
လူတွေဟာ စူးတွေပဲ အချစ်
လူတွေဟာ အဆိပ်တွေပဲ
အသံကို ချုပ်လို့မရတော့ လေကို ဖမ်းလို့မရတော့
ဘဝကို ချိတ်ဆွဲကြတယ်
ပြန်လာချင်တယ်
သဘာဝရဲ့ ရင်ခွင်ထဲမှာ ငိုချင်တယ်
အသေးအဖွဲလေးတွေကို တည်ဆောက်မယ်
အချစ်အတွက် ပန်းတွေယူလာချင်ပေမဲ့
ခေတ်ကြီးက သေပန်းပဲပွင့်တယ်
မင်းလက်ဖဝါးတွေပေါ်က လိပ်စာဟာ ကိုယ်မဟုတ်ဘူး
ကိုယ်နဖူးမှာလည်း မင်းရဲ့ဖူးစာမပါဘူး
ကိုယ်နဖူးမှာ ဖိုင်ပွိုင့်ဖိုက်ဆစ် ကျည်ပေါက်ရာကြီး
အဲဒီ့အပေါက်ထဲမှာ ကိုယ်တို့ အချစ်ကို
ကျစ်ဆံမြှီးကျစ်ပြီး
မင်းရဲ့ ကတိတွေနဲ့အတူ မြှူပ်နှံထားခဲ့တယ်

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment