ရှင်သန်ရခြင်းများ

‘ရှင်သန်ရခြင်းများ’
◼️ ညီလင်းအိမ်
ရှင်သန်ရဖို့ ဖြစ်လာမှတော့ သေဆုံးရဖို့အတွက်လည်း ရှောင်ပုန်းလို့ မဖြစ်နိုင်ဘူး။ မသေကြသေးတဲ့ ကျ​နော်တို့တွေအတွက် ကိုယ့်ရှေ့က အရင်ထွက်ခွာကြရသူတွေရဲ့ သေလမ်းခရီးကို မြင်ကြရတဲ့အခါ ပျော်ရွှင်ကြည်နူးရင်း ဝိညာဉ် စွန့်ခွာသွားတာကို တွေ့ဖူးကြရဲ့လား။ ဒီတော့ သေခြင်းတရားက လှသလား။
အိုင်အက်စ်တွေ ရှေ့မှာ ဒူးထောက်ထားရ လက်နှစ်ဖက်ကို လက်ပြန်ကြိုးတုပ်ခံထားရရင်း သူ့လည်ကို လာပြီး လှီးဖြတ်မယ့် အချိန်ကို စောင့်ဆိုင်းနေရသူ အတွေးမှာ ဘာတွေ ဖြစ်မလဲ။ ရုပ်ရှင်ထဲကလိုပဲ သေခါနီးမှ ရဟတ်ယာဉ်ကြီးနဲ့ လာကယ်မလား။ ဘုရားကိုတိုင်တည်အကူအညီတောင်းလေမလား။ သက်ရှိအရုပ်သဖွယ်ပဲ ဖြစ်သွားရတော့မလား။ လည်ပင်းအနားမှာတော့ အသွားတုံးနေတဲ့ ဓားပြားကြီးက ဝဲပျံလာနေတယ်။
The Silence ဂျာမန်ရုပ်ရှင်ကို ကြည့်ရတော့ သူက သေချင်လွန်းလို့ ကားနဲ့ ရေထဲကို မောင်းချတာ။ တကယ်လည်း မွန်းကျပ်လာ ။ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ရေစက်တွေကြောင့် အဆုတ်တခုလုံးက ပေါက်ကွဲလုမတတ်ဖြစ်လာတဲ့ ဒဏ်ကို မခံစားနိုင်တော့လို့ ရှုံ့တွရုန်းကန်နေတဲ့ မျက်နှာ။
စစ်ခွေးများရဲ့ ဘောကို လျက်ပြီး အသက်ဆက်နေကြသူများရဲ့ ရန်ပြုမှုကြောင့် ပြေးစရာ မြေ မရှိတော့တဲ့ သူရဲကောင်းကလေးများရဲ့ နောက်ဆုံးမှာတော့ တိုက်မြင့်ကြီးပေါ်ကနေ ပြိုင်တူ ခုန်ချလိုက်ပြီးနောက် မာကျောလှတဲ့ ကတ္တရာမြေနဲ့ ပြင်းပျစွာ မထိရိုက်မိခင်မှာ ခံစားလိုက်ရတဲ့ အသိတွေကရော ဘယ်လို ဖြစ်နိုင်မလဲ။ ရှင်သန်ရခြင်းအတွက် နာကျင်ရမှုလား။ ဒီလိုကောင်တွေရဲ့ အောက်မှာ ပြုသမျှ နုခံရပြီး ‌လွတ်မြောက်ရမယ့်အစား ခုလို တဒင်္ဂနာကျင်မှုနဲ့ပဲ လဲလှယ်ပြီးတော့ အံတုပစ်လိုက်တဲ့ စိတ်ခံစားချက်များ ဖြစ်လေမလား။ ဒါကို လှပသော သေခြင်းတရားလို့ ခင်ဗျားတို့ ကျွန်တော်တို့ ခေါင်းစဉ်ပေးနိုင်မလား။ ခေါင်းစဉ်တပ်ရက်နိုင်သလား။
သွေးကြောပိတ်ဝေဒနာ ခံစားရင်း အသက်ထွက်ရမယ့်နေ့ကို ပျော်ပျော်ကလေး စောင့်နေတဲ့ ကျွန်တော့်အဖွားရဲ့ နောက်ဆုံး နေ့ရက်တွေကတော့ ကြည့်လို့ရှု့လို့မကောင်းလှဘူး။ ပုပ်နေတဲ့ ညာဘက်ခြေထောက်တခုလုံးက အနာတွေကနေ လွင့်ပျံလာတဲ့ အနံ့အသက်တွေဟာ အခန်းတခုလုံးကို လှိုင်ထွက်နေတယ်။ ဒီဒဏ်ရာတွေကပေးတဲ့ ကိုက်ခဲမှုတွေက အဖွားအတွက် ဘယ်လိုမှ ခံနိုင်‌ပုံ မပေါ်ဘူး။ အသံကလေးတိမ်ဝင်သွားတဲ့အထိ၊ အသံကလေးထွက်နိုင်တဲ့အချိန်အထိ ကယ်ပါယူပါ တစာစာနဲ့ နေ့ညမဟူ အော်နေရတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတွေအားလုံးကလည်း ထပ်ဖန်တလဲလဲနဲ့ လက်မြှောက်လိုက်ပြီ ဖြစ်လို့ အဖွားကို အညာကျေးလက်က အိမ်ကလေးရှိရာဆီကို ပြန်ခေါ်လာဖို့ကလွဲလို့ ဘာမှမတတ်နိုင်ကြတော့။
ဒီတော့ နေ့ညမဟူ အော်ဟစ်နာကျင်နေရတဲ့ သူ့အတွက် အကောင်းဆုံး ဆုလာဘ်က ဝိညာဉ်ချုပ်ငြိမ်းရုံကလွဲပြီး အခြား မရှိတော့။ ဒီလိုနဲ့ပဲ ခန္ဓာကိုယ်က အားအင်ရှိသမျှ ဆုတ်ယုတ်သွားတဲ့အခါမှာတော့ သူ့ထွက်သက်ကလေး ဆုတ်ခွာမယ့် မျက်နှာအမူအယာကိုပဲ အားလုံးမှာ ဆို့နင့်မှုများစွာနဲ့ စောင့်ဆိုင်းနေကြရတော့တယ်။ သုံးရက်မြောက်နေ့။ နွေရဲ့ ရနံ့ကို သယ်လာတဲ့ လေပူနော့နော့တွေ ဝင်လာတဲ့ မနက်ခင်းဖျိုးဖျအချိန်ကြမှပဲ သုံးရက်စလုံး ထွက်လို့မရဖြစ်နေတဲ့ အသက်ဝိညာဉ်ဟာ အဖွားကိုယ်ထဲကနေ စွန့်ခွာခွင့် ရလိုက်ပါတော့တယ်။
ဒီဇာတ်လမ်းထဲက မစ္စတာဝီလီယံအနေနဲ့ လည်း လအနည်းငယ်သာ ရှင်သန်ရတော့မယ်လို့ သိလိုက်တဲ့အချိန်ကြတော့ သူ့မှာ ကြီးစွာသောတုန်လှုပ်ခြင်းတွေ ဝင်ရောက်လာတယ်။ အဲဒီ စေတသိတ်လှုပ်ခတ်မှုတွေက မကြာမီ စွန့်ခွာရတော့မယ့် မိမိအခြေအနေအတွက် ထိတ်လန့်ခြင်းလား ယင်းသို့မဟုတ်ရင် နှောင်းခဲ့သော အချိန်များစွာတုန်းက မိမိစိတ်အာဟာရအတွက် ဘာတခုမှ မဖြည့်ဆည်းပေးနိုင်ခဲ့ဘဲ ဒီငြီးငွေ့ဖွယ် ဘဝပိတ်လှောင်မှုထဲမှာပဲ မိမိဘဝသက်တမ်းတွေကို ထိုးကျွေးမိခဲ့တာတွေ ကြောင့်လား ကျွန်တော်တို့ သေချာမသိနိုင်။ မစ္စတာဝီလီယံရဲ့ အလုပ်ရုံဌာနကြီးက ထူးမခြားနားတဲ့ ကျွန်တော်တို့ရဲ့ ဘဝပိတ်လှောင်မှုတွေကို ကိုယ်စားပြုပါတယ်။ အသက်ကြီးလာလေ ဘာမှန်းမသိ ဝန်ပိလာတဲ့ လူ့ဘဝထဲက နာကျင်ဖွယ်ရာတွေ၊ ပိုမိုတောင့်တလာ လိုအပ်လာတယ်လို့ ထင်လာတဲ့ တကိုယ်ရည်စာထက် ပိုလွန်လာတဲ့ စိတ်‌ဆန္ဒ အများအပြား၊ ကိစ္စများမြောင် လူတို့ဘောင်တွေ စလို့ အဲဒီ ဝီလီယံအဖိုးကြီး အလုပ်လုပ်တဲ့ ဌာနတွေကလည်း ဘာအတွက် လူ့ကမ္ဘာအတွက် လိုအပ်သလဲ ဆိုတာကို မေးခွန်းတွေ ထုတ်မိလာစေတယ်။ သူတို့တွေကို ပေးအပ်ထားတဲ့ အဓိပ္ပါယ်ရဲ့ ရှင်သန်စေမှုမျိုးဆိုတာက တိုင်းပြည်အတွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ လူနေမှု ဘဝကို ပိုလို့ သက်တောင့်သက်သာ ဖြစ်စေဖို့ စံမံခန့်ခွဲပေးဖို့ တည်ရှိမှုမျိုး မဟုတ်လား။
သို့ပေမဲ့လည်း ဘာတခုရယ်ကိုမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးပါတယ် ဆိုတာကို မမြင်ခဲ့ရ။ မစ္စတာဝီလီယံဟာ အဲဒီဗျုရိုကရက်ဆန်ဆန် အပုပ်အသိုး ယန္တရားကြီးထဲမှာပဲ ခုလို သေအံ့ဆဲဆဲ အချိန်အထိ ပေးဆပ်လိုက်ရပြီးပြီ။ သူ့ဘဝရှင်သန်ရက် လက်ကျန်အနည်းငယ်ကို ကြည့်လိုက်ရတဲ့အခါမှာ အထီးကျန်ခြောက်သွေ့သော မိုးချုပ်ညနေများကိုသာ မြင်လိုက်ရတော့တယ်။ မော်ဒန်ကမ္ဘာကြီးရဲ့ အလုပ်လုပ်ပုံက စမတ်ဖုန်းတလုံးပေါ်က မလိုအပ်ဘူးသတ်မှတ်လိုက်တဲ့ Junk File တွေဆိုရင် အလိုအလျောက် ရှင်းထုတ်သလိုမျိုးနည်းစနစ်တွေနဲ့ ထပ်တူကျလာတယ်။ အသက်အရွယ်ကြီးလာရတဲ့ လူအိုများရဲ့ဘဝက မလိုအပ်လှသော Junk File များသဖွယ် ဖြစ်လာတယ်။ အိမ်က သားသမီးတွေကစလို့ အရေးတယူ စကားမပြောချင်ကြတော့။ ဘာဖြစ်လို့ မပြောချင်လာကြတာဆိုတာကိုလည်း ဆန်းစစ်တော့ အကြောင်းအရင်း သေချာ မရှိကြ။
ဒီတော့ မစ္စတာဝီလီယံကနေ တဆင့် ကျနော်တို့တွေကိုပါ မေးခွန်းထုတ်မိတဲ့အခါ လူအဖြစ် ရှင်သန်လာရတဲ့ ဘဝတွေထဲမှာ သင့်အတွက်ရော လူ့မှု့အဖွဲ့အစည်းအတွက်ရော ဘာတွေများ လုပ်ဆောင်ခဲ့ဖူးသလဲ။ အရာအားလုံးက ကိုယ့်အတ္တစိတ်ပမာဏကို ဖြည့်တင်းနိုင်စေဖို့ အတွက်ပါလို့ ခြုံငုံသတ်မှတ်စရာ ရှိပေတဲ့ မိမိလုပ်ဆောင်နေသမျှဟာ မိမိကိုယ်ကိုယ် အပါးလျခံနေတာလား။ အရင်းရှင်စနစ်များရဲ့ အဆုံးစွန်ဖွံ့ဖြိုးမှု လှောင်ခြံအိမ်ထဲမှာ တစတစနဲ့ နစ်ဝင်နေကြတာမျိုး ဖြစ်နေပြီလား။ အရက်ကို အင်မတန်ကြိုက်လွန်းလို့ အရက်မသောက်ရရင် သေမတတ်ခံစားရတဲ့ ကျနော့်အကိုက သူသေခါနီးအထိ အရက်ကလေးတစက်နှစ်စက်ကို ပါးစပ်ထဲ ချပေးလိုက်မှပဲ ကျေကျေနပ်နပ် အသက်ထွက်သွားခဲ့တာမျိုး။ ကျန်ရစ်သူတွေကတော့ သူ့အတွက် နာကျင်ပြီး ယူကြုံးမရ ဖြစ်နိုင်ကောင်းပေမဲ့ သူ့မှာတော့ အဲဒီကရတဲ့ ပျော်ရွှင်မှုကို ခန္ဓာနဲ့ တိုတောင်းတဲ့ဘဝသက်တမ်းကိုပဲ ပေးချေပြီး ရယူလိုက်တာမျိုးပဲလေ။
“ကျွန်တော် သူ့ကို နောက်ဆုံးမြင်လိုက်ရတုန်းက အချိန်ကို ပြောရင်လေ အားလုံးက အရူးကောင်လို့ ထင်ကြမှာ။ အဲဒီညက နှင်းတွေအရမ်းကျနေခဲ့တာလေ။ ဒီလို အရမ်းအေးတဲ့ညမှာပဲ မစ္စတာဝီလီယံက ကစားကွင်းထဲက ဒန်းကလေးပေါ်မှာ ထိုင်ရင်း ဒန်းစီးနေခဲ့တာဗျာ။ ကလေးတယောက်လို သီချင်းတွေပါ ဆိုနေသေးတာ။ တကယ်က ကျနော့်အနေနဲ့ အရမ်းအေးနေပြီ ကျန်းမာရေးအတွက် စိုးရိမ်ရတယ် ဆိုပြီး သွားခေါ်ခဲ့သင့်တာ။ ဒါပေမဲ့ ကျတော် မခေါ်ဖြစ်ခဲ့ဘူး “
နှင်းမြူတွေ အုံ့မှိုင်းကျနေဆဲ ရက်တွေမှာပဲ မြှားချွန်‌တွေကိုပါ ထည့်စိုက်ထားသလို ပကတိအေးမြလှတဲ့ နှင်းမှုန်‌ရောတဲ့ မိုးတွေက တစိမ့်စိမ့် ရွာသွန်းလျက် ရှိနေတယ်။ ဒီလို အချိန်မှာပဲ သေအံ့မူးမူး ကာလများအတွက် ဘဝအဓိပ္ပါယ်ကို ရှာနေတဲ့ မစ္စတာဝီလီယံအတွက် သေခြင်းတရားဆိုတာ ပုံပြင်ထဲက သူဌေးကလေးလို ပင်လယ်ရေအောက်သွားပြီး ရှောင်လို့ ရတာ မဟုတ်ဘူး ဆိုတာကို သူနားလည်သွားခဲ့ပါတယ်။ ရှေ့က‌နေကြည့်ရင်တော့ သူက ကျနော်တို့ ရှိရာ အရပ်ကို လာနေတာ ဖြစ်ပြီး နောက်ကျောဘက်က မြင်ကြရသူအဖို့တော့ မစ္စတာ ဝီလီယံက ထွက်ခွာသွားသူလို့ မြင်ကြရမှာ မဟုတ်လား။ မစ္စတာ ဝီလီယံဟာ အဲဒီအနေအထားအတွက် ကျောဘက်ကို မျက်နှာပြန်မူရမလား။ မလှည့်ရသေးဘူးလို့ ထင်ထားမိပုံရတဲ့ အခြားတဖက်ကမ်းကိုပဲ ဆက်သွားမလား ဆိုတဲ့ အနေအထားကြားမှာ တုံ့ဆိုင်းနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ သူက ကျနော်တို့ရှိတဲ့ ဥပစာဆီကို လက်ပြနှုတ်ဆက်ရင်း ဘဝအသေထဲကို ရဲဝံ့စွာ ပြန်လည်တိုးဝင်ပြီး ရှင်သန်ရခြင်းရဲ့ အဓိပ္ပါယ် ရှိစေမယ့် အရာတခုကို ပြုလုပ်ခဲ့ပါတယ်။
ဘာလဲဆိုတာကိုတော့ ..။
ရုပ်ရှင်ရည်ညွှန်း- Living Movie ( 2022 )
About The Call 724 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*