လားရှိုးကို သင်ယူခြင်း

“လားရှိုးကို သင်ယူခြင်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

လားရှိုးကို တရုတ်ရဲ့ မြန်မာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်းအပါအဝင် တရုတ်ဘက်က အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်အဖွဲ့တွေ ဧပြီ ၁၉ ရက်နေ့က ရောက်လာတယ်။ အဲဒီရက်ကနေ ဧပြီ ၂၁ ရက်နေ့အထိ စကစရဲ့ အရပ်ဘက်ဝန်ကြီးဌာန (အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) က အရာရှိတွေ၊ ဝန်ထမ်းတွေ ရောက်လာတယ်။ ဧပြီ ၂၂ ရက်နေ့ကစပြီး လားရှိုးမြို့ပေါ်ကို စကစအုပ်ချုပ်ရေး ပြန်အသက်သွင်းလာတယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။

‘လားရှိုးစမ်းသပ်ကာလ စတင်ခြင်း’
လားရှိုးဟာ လတ်တလောမှာ တော်လှန်ရေးဘက်က သိမ်းပိုက်ထားတဲ့ မြို့ကြီးတမြို့ ပြန်ပေးလိုက်ရတယ် ဆိုပေမယ့် မြို့ပေါ်အုပ်ချုပ်ရေး စမ်းသပ်မှုတခုဖြစ်သလို စကစဘက်ကလည်း ဂုဏ်သိက္ခာရှိတဲ့ ပြန်လည်ရယူမှုမျိုး မဟုတ်တာ တွေ့ရတယ်။ လတ်တလော ဒီလွှဲပြောင်းမှုအတွက် စကစဘက်က ဘယ်လို အသာစီးရတယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးကို ပေးနိုင်ဖို့အတွက် ရှေ့ဆက်ပြီး အကဲဖြတ်ဖို့လိုမှာဖြစ်တယ်။ ငလျင်ဒါဏ်ကြောင့် နေပြည်တော် အုပ်ချုပ်ရေးယန္တရား ချိနဲ့သွားတဲ့ စကစအတွက် လားရှိုးကို သေသေချာချာ ပြန်လည် အထိုင်ချနေထိုင်နိုင်ဖို့ကြိုးစားမှာဖြစ်ပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ရှိသလို အချိန်တခု ယူရဖို့လည်း ရှိနေတယ်။

တရုတ်ရဲ့ ရှေ့ခြေလှမ်းတွေကို မှန်းဆကြည့်ရရင် လားရှိုးတည်ငြိမ်လာတာနဲ့ ချင်းရွှေဟော်-လားရှိုးအပိုင်းက အသက်ဝင်လာနိုင်တယ်။ ဒီအပိုင်းက MNDAA အဓိက ထိန်းချုပ် သိမ်းပိုက်ထားတဲ့ အပိုင်းဖြစ်လို့ဖြစ်တယ်။ မူဆယ်ဘက်ကိုကြည့်ရင် လားရှိုး-မူဆယ်အပိုင်းဟာ ကေအိုင်အေနဲ့ ထိစပ်နေတဲ့နေရာတွေနဲ့ TNLA နဲ့ ထိစပ်နေတဲ့နေရာတွေရှိတယ်။ ဒါပေမယ့် တရုတ်ဘက်က သေသေချာချာ ဖိအားပေးခဲ့ရင် ဒီအပိုင်းမှာ စစ်ရေးအရ ထိခတ်မှုတွေ ပြန်ဖြစ်လာစရာ မရှိနိုင်ဘူးလို့ ယူဆရတယ်။

တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်စစ် စတင်နေပြီဖြစ်တဲ့အတွက် မြန်မာနယ်စပ်ကိုလည်း ကုန်သွယ်ရေးရှုထောင့်ကနေ မဖြစ်မနေ ပြန်ကြည့်လာဖို့ရှိနေတယ်။ မူလ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်-မန္တလေးလမ်းမှာ ပထမအပိုင်းက မူဆယ်-လားရှိုးအပိုင်းဖြစ်ပြီး ဒုတိယအပိုင်းက လားရှိုး-မန္တလေးအပိုင်းဖြစ်တယ်။ မူဆယ်-လားရှိုးပိုင်းမှာ နမ့်ခမ်းပေါက်တခုရှိပြီး လားရှိုး-မန္တလေးအပိုင်းဟာ TNLA ထိန်းချုပ်နယ်မြေတွေဖြစ်လို့ တရုတ်နဲ့ TNLA ကြား ရှေ့မှာ ဆက်စကားပြောဖို့ (တနည်းနည်းနဲ့ ဖိအားပေးဖို့ သို့မဟုတ် အပေးအယူလုပ်ဖို့တွေ) ရှိလာမှာဖြစ်တယ်။

ဒါက တရုတ်ဘက်က ချိန်ဆကြည့်တာဖြစ်ပြီး စကစဘက်ကကြည့်ရင် ဒီအတောအတွင်းမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါလမ်းပိုင်းအတွက် စကစဘက်က လက်ရှိ တင်းမာနေတဲ့ နောင်ချိုတဝိုက်ကို ဆက်လက် ဖိအားပေး တိုက်ခိုက်နေဦးမယ့် သဘောဖြစ်တယ်။

ရှမ်းအရှေ့ဟာ နဂိုကတည်းက အသံမထွက်သလို ရှမ်းတောင်ဟာ PNO မဟာမိတ်နဲ့ စကစဘက်က ထိန်းထားနိုင်တာကြောင့် ရှမ်းမြောက် ငြိမ်သွားခဲ့မယ်ဆိုရင် ရှမ်းပြည်နယ်တခုလုံးဟာ ယေဘုယျအားဖြင့် တည်ငြိမ်မှုဘက်ကို ရွေ့သွားမှာဖြစ်တယ်။

‘တရုတ်သြဇာ အပြင်ဘက်ကို လေ့လာခြင်း’
ကချင်ဟာ တရုတ်နယ်စပ်ဖြစ်လို့ လွယ်ဂျယ်၊ ကန်ပိုက်တီနဲ့ ပန်ဝါပေါက်တွေရဲ့ ဆက်စပ်နေရာတွေမှာ ကုန်သွယ်ရေးဟာ ဒေသတွင်း အတိုင်းအတာတခုထိ ရှိနေမယ် ယူဆရတယ်။  မြို့ကြီး ၉ မြို့မှာ စကစဘက်က ၆ မြို့ လက်လွှတ်လိုက်ရတဲ့ ချင်းပြည်နယ်ဟာ ပုံမှန်မှာ တရုတ်လက်လှမ်းမမီတဲ့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ဖြစ်တယ်။ ရခိုင်ကတော့ ကျောက်ဖြူစီမံကိန်းနဲ့ ပိုက်လိုင်းကြောင့် တရုတ်လက်တံ အတန်အသင့်ရှိနေပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာအနေအထားတွေ ဆက်စပ်ပတ်သက်တဲ့ ပြည်နယ်ဖြစ်တယ်။ ရခိုင်ဟာ ကျန်နေတဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မြန်အောင်တွေကို ဆက်တိုက်ဖို့ လုံလောက်တဲ့အင်အား စုဆောင်းမှုနဲ့ အားဖြည့်တင်းမှု ရှိနေပြီလို့ သုံးသပ်ရမှာဖြစ်တယ်။

ဒီပြည်နယ် ၃ ခုစလုံးမှာ သူတို့အချိန်အဆနဲ့ အခြေအနေတွေပေါ် မူတည်ပြီး မြို့သိမ်းတိုက်ပွဲတွေဟာ မလွဲမသွေဆက်ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ကချင်၊ ချင်းနဲ့ ရခိုင်ဟာ ရှမ်းပြည်နယ်နဲ့ လုံးဝမတူတဲ့ အနေအထားမှာ ရှိနေတယ်။

ချင်းနဲ့ နယ်မြေထိန်းချုပ်ထားနိုင်တဲ့ ပုံသဏ္ဌာန် ဆင်တူတဲ့ ကရင်နီဟာ ရှမ်း ငြိမ်သွားခဲ့ရင် အဲဒီရိုက်ခတ်မှုကို အဓိကခံရမယ့် ပြည်နယ်ဖြစ်တယ်။ လွိုင်ကော်ထိန်းချုပ်မှု လျော့သွားတဲ့နောက်ပိုင်း ကရင်နီဘက်က အသံဖျော့နေတာ (ဖျော့ထားတဲ့သဘော) တွေ့ရတယ်။ မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီမောဆိုး လမ်းတကြောလုံးဟာ စကစ အခြေအနေပြန်ကောင်းခဲ့ရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပေမယ့် လတ်တလောမှာတော့ ငြိမ်သက်နေဖို့ရှိတယ်။ တဘက်မှာ မွန်နဲ့တနင်္သာရီဟာ ပုံမှန်အတိုင်း တိုက်ပွဲတချို့ ကွက်ကျားရှိနေမှာဖြစ်တယ်။

‘နုဂျီပေါ်ကို ရောက်လာတဲ့ဖိအား’
ဒီအခြေအနေတွေမှာ အပေါ်မှာပြောခဲ့တဲ့ တရုတ် စွက်ဖက်လို့မရတဲ့ ပြည်နယ်တွေနဲ့ စစ်ကိုင်းမှာ လက်ရှိ တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်တွေနဲ့ စကစတပ်တွေကို ဆိုင်ခိုင်းထားပြီး မကွေးနဲ့ ပဲခူးကိုဝင်တာဟာ အမျိုးသားညီညွတ်ရေးအစိုးရ ရွေးချယ်ထားတဲ့ ဖြန့်ကျက် စစ်ရေးမဟာဗျူဟာရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတခု ဖြစ်လာနိုင်ဖွယ်ဖြစ်တယ်။ အခြေအနေတွေဟာ နုဂျီကို နှစ်များစွာ အထိုင်ချတိုက်ခိုက်လာတဲ့ အီးအေအို အင်အားကြီးတခုလို အနေအထားကို တောင်းဆိုလာတဲ့ သဘောဖြစ်တယ်။ လတ်တလော ပြန်လှုပ်လာတဲ့ ကေအင်ယူ စစ်ရေးသတင်းတွေဟာ ဒီအချက်နဲ့ ဆက်စပ် ဖြစ်ထွန်းလာတာမဟုတ်ရင် ဒီအချက်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အနေအထား ဖြစ်နေတယ်လို့တော့ ပြောနိုင်တယ်။ ကေအင်ယူရဲ့ ပဲခူးတိုင်း စစ်နယ်မြေတွေဖြစ်တဲ့ တောင်ငူ၊ ညောင်လေးပင်နယ်မြေတွေကို ထိန်းချုပ်လာနိုင်ခဲ့ရင် နုဂျီ တောင်ပိုင်းတိုင်းစစ်ဒေသအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်လာမှာဖြစ်တယ်။

‘အထွေထွေထိုးစစ်ကို ဆန်းစစ်ခြင်း’
NUG ယာယီသမ္မတရဲ့ ဧပြီလအစောပိုင်းကပြောတဲ့ ကြားကာလအစိုးရတရပ် ဖွဲ့စည်းခြင်းဟာ လက်ရှိလိုအပ်နေတဲ့ အနေအထားဖြစ်တယ်။ ဒါဟာ တိကျတဲ့၊ ရေရှည်အမြော်အမြင်ရှိတဲ့ နိုင်ငံရေးလမ်းစဥ်တခုနဲ့ အီးအေအိုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မဟာမိတ်ဖွဲ့ခြင်း၊ စုစည်းခြင်းဖြစ်ဖို့လိုတယ်။ ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားတဲ့ အထွေထွေထိုးစစ်ကြီးရဲ့ နိုင်ငံရေးအစိတ်အပိုင်းတခု ဖြစ်မယ်လို့လည်း ယူဆရတယ်။

နိုင်ငံရေးမပါတဲ့ စစ်ရေးရဲ့လားရာဟာ အင်အားကြီးတွေရဲ့ ဝင်ရောက်စွက်ဖက်ခံရခြင်းဖြစ်တယ်။ ဒါကို လက်ရှိလားရှိုးရဲ့ စမ်းသပ်ခံအနေအထားနဲ့ ဆက်စပ်နားလည်ဖို့ဖြစ်တယ်။ တနည်းပြောရရင် လားရှိုးဟာ နိုင်ငံရေးမပါတဲ့စစ်ရေးနဲ့ နောက်ဆုံးအဆင့် အောင်မြင်မှုကို ရောက်ရှိဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သဘောတရားကို လက်တွေ့ သင်ကြားပြသခဲ့တာဖြစ်တယ်။

About The Call 627 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*