လူတွေက ကြောက်စရာကောင်းတယ်

ထွင်

by The Call
‘လူတွေက ကြောက်စရာကောင်းတယ်’
◼️ ထွင်
May 18 (2007) ဆိုတဲ့ ကိုးရီးယားရုပ်ရှင်ထဲမှာ ကိုယ် အခုထိ စွဲလန်းနေတဲ့ ဒိုင်ယာလော့လေးတခုရှိတယ်။ အဲ့ဒါကတော့ “လူတွေက ကြောက်စရာကောင်းတယ်” ဆိုတဲ့ စကားပါ။ သာမန်အချိန်မှာ အဲ့စကားကို ကြားရင် အခုလောက်ထိ စွဲလန်းနေမှာ မဟုတ်ဘူး။ ရုပ်ရှင်ထဲက အကြောင်းအရာတွေကြောင့် စွဲလန်းရတာပါ။ ဇာတ်ကောင်တ​​ယောက်က လူတွေ(အများပြည်သူတွေ) မကြိုက်တာကို လုပ်နေတဲ့ ဗီလိန်တယောက်ကို ပြောလိုက်တဲ့စကားပါ။ အဲ့စကားရဲ့ အဓိပ္ပါယ်က တနေ့နေ့မှာ မင်း ဒေါသထွက်နေတဲ့ လူအုပ်(အများပြည်သူအုပ်ကြီး)ကြီးကို ရင်ဆိုင်ရလိမ့်မယ်။ အဲ့ကျရင် လူတွေဟာ ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ မင်းသိလိမ့်မယ်။ ပြည်သူ့ကျိန်စာ စူးလိမ့်မယ်။ အဲ့ဒီလို လူအုပ်ကြီးကို မင်း မကြုံဖူးသေးလို့ပါ ဆိုတဲ့ သဘောမျိုးနဲ့ ပြောလိုက်တဲ့စကားပါ။
အခု နွေဦးတော်လှန်ရေးကာလမှာ ကြောက်စရာကောင်းတဲ့ လူအုပ်ကြီးကို ခဏခဏတွေ့နေရတော့ ရုပ်ရှင်ထဲက စကားဟာ သိပ်ကို မှန်ကန်ပါလား လို့ တွေးတွေးနေမိတယ်။ အဲ့ဒီလူအုပ်ကြီးကို မြင်နေရသူက ကြောက်ရတာ မဟုတ်ဘူး။ ကြောက်စရာကောင်းတဲ့ လူအုပ်ကြီးကို ဖြစ်လာစေအောင် ဖန်တီးသူ၊ ပြစ်မှုကျူးလွန်းသူအတွက်သာ ကြောက်စရာ ကောင်းရတာပါ။ ကိုယ်တိုင်က ပြစ်မှုကျူးလွန်တာ မဟုတ်ဘဲနဲ့ ကြောက်စရာကောင်းတဲ့၊ ဒေါသထွက်နေတဲ့၊ လူအုပ်(ပြည်သူအုပ်ကြီး)ကြီးကို မြင်ပြီး ပြစ်မှုကျူးလွန်သူနေရာမှာ ဝင်ခံစားကြည့်ပြီး သိပ်ကို ကြောက်စရာကောင်းတာပဲလို့ တွေးမိတယ်။ အဲ့အတွက် ကြောက်စရာကောင်းတဲ့ လူအုပ်ကြီးမှာ အပြစ်မရှိပါဘူး။ ကြောက်စရာကောင်းတဲ့ လူအုပ်ကြီး ဖြစ်လာအောင် ဖန်တီးသူရဲ့ အပြစ်ပါပဲ။
ဖေ့ဘုတ်တခွင် ပြဲပြဲစင်အောင် ပျံ့နှံ့ခဲ့သော သတင်းကြောင့် ဒီစာကို ရေးဖို့ စိတ်ကူး ရလာခဲ့သလို အထက်ပါ ရုပ်ရှင်ထဲက ဒိုင်ယာလော့ကိုလည်း ပြေးသတိရမိတယ်။ “ခေတ်ကို ဒုန်းစိုင်းမည့်သူများ” ခေါင်းစဥ်နဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းပါ။ နေတိုး၊ နေဝင်း၊ မြင့်မြတ်၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ် တို့နဲ့ အခြားသရုပ်ဆောင်တွေဖြစ်တဲ့ အောင်ခိုင်၊ ငှက်ပျောကြော်၊ သွက်လက် တို့လည်း အထူးသရုပ်ဆောင်ထားကြတယ်။ ဒါရိုက်တာကတော့ ဝါရင့် သမ္ဘာရင့် စာရေးဆရာကြီး ချစ်ဦးညိုရဲ့ သားပါတဲ့။ ရုပ်ရှင်အကြောင်းကတော့ စစ်အာဏာရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးပြီး မဲပေးသင့်တဲ့အကြောင်း၊ CDM ဝင်ကြတာ မသင့်တော်တဲ့အကြောင်း၊ ဗုံးထောင်တာက အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့အကြောင်း စသဖြင့် ပြည်သူလူထုဆီကို ဝါဒဖြန့်တယ်။ အဲ့ဒီလုပ်ရပ်ကြောင့် ကြောက်စရာ ကောင်းတဲ့ ပြည်သူလူအုပ်ကြီး ပေါ်ပေါက်လာခဲ့တယ်။ ဒေါသထွက်နေတဲ့ ပြည်သူလူအုပ်ကြီး။
ကိုယ့်ဘာသာ ဘယ်လောက်ပဲ ကြိုးစားလို့ အောင်မြင်လာတယ်ပြောပြော ပရိသတ်အားပေးလို့သာ အောင်မြင်တဲ့ သရုပ်ဆောင်အနုပညာရှင်တွေ ဖြစ်ကြတာပါ။ အကယ်ဒမီတွေဆိုတာကလည်း ပြည်သူကပေးလို့ရတာ။ အဲ့ဒီပြည်သူအပေါ် မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ဝါဒဖြန့်တာက သစ္စာဖောက်တဲ့ လုပ်ရပ်ပဲ။ စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ပြည်သူပေါင်း၊ အိုးအိမ်ပေါင်း သောင်းခြောက်ထောင် ဒုက္ခရောက်ရ၊ သေကြေကြရ၊ ဒဏ်ရာအနာတရမသန်စွမ်းဖြစ်ရ၊ အိုးအိမ်စွန့်ခွာ စစ်ရှောင်ပြေးကြရတဲ့ အဖြစ်အပျက်တွေ၊ ကုန်​စျေးနှုန်းကြီးမြင့်၊ အလုပ်အကိုင်ရှားပါး၊ စားဝတ်နေရေးအဆင်မပြေလို့ ဆူဆိုက်သွားကြရတဲ့အဖြစ်တွေကို အဲဒီသရုပ်ဆောင်တွေနဲ့ ဒါရိုက်တာက မမြင်မဟုတ် မြင်ပါတယ်။ ဒါကို မျက်ကွယ်ပြုပြီး စစ်တပ်ကို အားပေးခိုင်းတာက သစ္စာဖောက်တာပဲပေါ့။ ဒါ့ကြောင့်လည်း ပြည်သူ့ကျိန်စာ စူးပြီ။ လူတွေဟာ ကြောက်စရာကောင်းသွားပြီ။ ပြည်သူတွေ ဒေါသထွက်ကုန်ကြပြီ။ ဒါရိုက်တာအပါအဝင် သရုပ်ဆောင်အားလုံးကို သတ်ဖြတ်ပေးပါ၊ သုတ်သင်ပေးပါလို့ ဖေ့ဘုတ်တခွင် ပြဲပြဲစင်အောင် အော်ကြတယ်။ ခိုင်းစေကြတယ်။ တောင်းဆိုကြတယ်။ တော်လှန်ရေးသမားတွေကလည်း ဟုတ်ကဲ့တဲ့။ သတ်ပေးမယ်။ သုတ်သင်ပေးမယ်။ တွေ့ကရာနေရာမှာ ဘဝဇာတ်သိမ်းပေးမယ်တဲ့။ ဘယ်တော့မှ ခွင့်လွှတ်ပေးနိုင်စရာ မရှိတော့ဘူးတဲ့၊ အစီအစဥ်တွေ ချမှတ်နေပြီတဲ့ ပြန်လည်ကြေညာပေးတယ်။ စာရေးဆရာကြီး ချစ်ဦးညို ဆိုရင်လည်း သူ့သားရဲ့ လုပ်ရပ်များက မိဘများနဲ့ ဘာမှမဆိုင်ပါ လို့ ပို့စ်တင်ပြီး ကြေညာလိုက်ပေမယ့်လည်း စာပေတလောကလုံးကတော့ ဝါရင့်၊ သမ္ဘာရင့် စာရေးဆရာကြီးဖြစ်ပြီး ကိုယ့်သားကိုတောင် ကောင်းမွန်အောင် မသွန်သင်နိုင်ရကောင်းလား ဆိုပြီး အပြစ်တင်ကြသလို နောင်များတော့ ဆရာကြီးရဲ့ စာတွေကို လုံးဝမဖတ်တော့ပါဘူးလို့ ကြေညာကြတယ်။
ဒါ့အပြင် ပြည်သူလူအုပ်ကြီးကို ဒေါသထွက်စေအောင် ပြစ်မှုများစွာ ကျူးလွန်ကြနေသူလည်း အများအပြားရှိပါတယ်။ မိမိပါတီဖြစ်တဲ့ NLD ပါတီအပေါ် သစ္စာဖောက်ပြီး သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားသူတွေပါဆိုပြီး မဟုတ်မမှန် စွပ်စွဲကြေညာတဲ့၊ လက်ရှိမှာလည်း စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ PPP ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် သက်သက်ခိုင်။ သို့သော်လည်း စစ်တပ်ကတော့ သက်သက်ခိုင်ကို လူမွဲစာရင်းသွင်းပြီး ပါတီဝင်အဖြစ် ဖျက်လိုက်တယ်။ ပြီးတော့ စန္ဒာမင်း ဆိုသူရော။ သူလည်း သက်သက်ခိုင်ရဲ့ လုပ်ရပ်များနဲ့ မခြားပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ အမှုကြီးအောင် မဟုတ်မမှန် ထွက်ဆိုတဲ့ ဖြိုးမင်းသိန်း။ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားပုတ်ခတ်ပြီး ကြော်ငြာရိုက်ကူးတဲ့ ဖြူဖြူထွေး။ စစ်တပ်ကို အမြဲထောက်ခံပြီး စစ်တပ်ရဲ့ လုပ်ရပ်တိုင်းမှာ အမြဲလိုလို ပါဝင်ဖြည့်စွက်ပေးတဲ့ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ရန်အောင်။ စစ်တပ်အတွက် ဝါဒဖြန့်ချိသီချင်း သီဆိုတဲ့ ယုန်လေး။ ဒေါ်အောင်ဆန်းစုကြည်ကို ရိသဲ့သဲ့ ပို့စ်တင်ခဲ့တဲ့ ဖိုးသောကြာ၊ ပွင့်နဒီမောင်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တိုင်းကိုသာ အပြစ်မြင်ပြီး စစ်တပ်ရဲ့ လုပ်ရပ်တိုင်းကိုတော့ ရေငုံနှုတ်ပိတ်နေလေ့ရှိတဲ့ သီတဂူ၊ ဝီရသူ၊ ဆေကိန္ဒ။ ခေတ်ကို ပြောင်းချင်လျှင် ခေါင်းကိုပစ်လို့ စစ်တပ်ကို အကြံပေးတဲ့ ကိုယ်တော်။ ပျူစောထီးစစ်အဖွဲ့ကို ဦးစီးနေတဲ့ သံဃာတု ဝါသဝ။ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲလိုလို ပုတ်ခတ်ပြီး စစ်တပ်ကောင်းကြောင်းသာ ပြောနေတဲ့ ဘူးလက်လှဆွေ။ ဒါ့အပြင် စစ်တပ်ကို ထောက်ခံမိလို့ ပြည်သူမုန်းတာ ခံရပြီးနောက် စစ်တပ်ကို ပြန်ဝေဖန်မိတဲ့အခါ ​စစ်တပ်က ပြန်ဖမ်းဆီးလို့ ပြေးပုန်းနေရတဲ့ မင်းအုပ်စိုး။ ဆိတ်လစေ့ မိုးဟိန်း။ သက်ငယ်မုဒိမ်းကောင်လည်းဖြစ် လက်ရှိမှာလည်း နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်စက်နေတဲ့ အကျဥ်းသားခေါင်းဆောင် မင်းရာဇာ။ နိုင်ငံရေးက ကျမတို့နဲ့ ဘာမှမဆိုင်ပါ၊ ကျမတို့က အဖြူရောင်အနုပညာရှင်တွေဖြစ်တယ်၊ တိုင်းပြည်ကြီး ဘာတွေပဲ ဖြစ်နေပါစေ ကျမတို့လို အနုပညာရှင်တွေက အနုပညာအလုပ်ပဲ ဆက်လုပ်နေရမယ်လို့ ပြောတဲ့၊ သမီးအရွယ်လည်းဖြစ် အာဏာရှင်မင်းအောင်လှိုင်ရဲ့ ဇနီးလည်း ဖြစ်တဲ့ ကြူကြူလှကို မမကြူလို့ ခေါ်လိုက်တဲ့ နွဲ့နွဲ့စန်း… စသည် စသည်။
အဲဒီထဲမှာ ပြည်သူအမုန်းဆုံးကတော့ စစ်အာဏာရှင်ကြီး မင်းအောင်လှိုင်ပါပဲ။ ပြည်သူ့ကျိန်စာ အစူးခံရဆုံး ပြစ်မှုကျူးလွန်သူပါ။ ဇာတ်သိမ်းသွားပြီဖြစ်တဲ့ အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်ရဲ့ အဖြစ်မျိုးနဲ့ ကြုံရစေရမယ်လို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ကြိမ်းဝါးကြတယ်။ လက်ရှိမှာ မင်းအောင်လှိုင်ဟာ ဒေါသထွက်နေတဲ့ ပြည်သူအုပ်ကြီးနဲ့ မျက်မြင်ကိုယ်တွေ့ မကြုံရသေးလို့ပါ။ အဲ့အချိန်ကျရင် လူအုပ်ကြီးဟာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သူ တွေ့ရလိမ့်မယ်။ ပြည်ပနိုင်ငံတွေဆီက အဖြစ်အပျက်တွေလို လူအုပ်ကြီးက ခဲနဲ့များ ထုသတ်ကြလေမလား။ သစ်ပင်ပေါ် ခြေတွဲလောင်း ဆွဲထားပြီး ရက်ရက်စက်စက် ထိုးကြိတ်လေမလား။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပိုင်းပိုင်း ခုတ်သတ်ကြလေမလား။ ကား ဆိုင်ကယ်နောက်မှာ ချည်ပြီး ဒရွတ်တိုက် ဆွဲသွားကြလေမလား။ ကွင်းလယ်ဒိုင်ရဲ့ အဆုံးအဖြတ်ကို ပရိသတ်က မကြိုက်လို့ ကွင်းထဲမှာပဲ လေးပိုင်း ပိုင်းပစ်ကြလေမလား။ ဒါ့ထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်မျိုးနဲ့ ကြုံရတာကို သူ တွေ့ရမှာပါ။ ဒါပေမယ့်လည်း အခုချိန်မှာ လူအုပ်ကြီးနဲ့ မျက်မြင်ကိုယ်တွေ့ မကြုံရသေးလည်း လူအုပ်ကြီးဟာ သိပ်ကြောက်စရာကောင်းတယ်ဆိုတာ သူသိနေမှာပါ။
ဖော်ပြပါ ပြစ်မှုကျူးလွန်သူတွေဟာ ဘယ်လောက်တောင် ကြောက်နေမလဲပေါ့။ ခုလောက်ဆို ခြေတွေ၊ လက်တွေ တုန်နေမှာပါ။ ဘယ်ရောက်ရောက် မလုံခြုံမှုကို ခံစားရနေမှာ။ ကိုယ့်ဘက်မှာ ဘယ်သူမှ မရှိတော့ဘူးလို့ တွေးနေမှာ။ ကိုယ့်ဘက်မှာ တယောက်ယောက် ရှိသေးတယ်ဆိုရင်တောင် အဲ့ဒီတယောက်ယောက်က ကိုယ့်ကို ဘာမှကူညီနိုင်မှာ မဟုတ်တော့ဘူးလို့ တွေးနေမှာ။ ကိုယ့်အပြစ်ဟာ ဘယ်လိုမှ အဖတ်ဆယ်လို့ မရတော့ဘူး။ ခွင့်လွှတ်မှုနဲ့ လုံးဝမထိုက်တန်တော့ဘူး။ သမိုင်းဟာ ဘယ်လိုမှ မလှပတော့ဘူး။ အချိန်တွေ ဘယ်လောက်ကြာကြာ ပျောက်ကွယ်မေ့ပျောက်သွားမယ့် အပြစ်၊ လုပ်ရပ်မဟုတ်ဘူး။ ကိုယ့်ကို လာသတ်တော့မယ့် ရန်သူ့အရိပ်မည်းကြီးက အမြဲလိုလို ကပ်ပါနေမှာ။ အိပ်ကောင်းခြင်း အိပ်ရမှာမဟုတ်ဘူး။ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ အိပ်ရမယ်။ တော်တော်နဲ့ အိပ်ပျော်မှာလည်း မဟုတ်ဘူး။ အိပ်ပျော်သွားရင်တောင် အိပ်မက်ဆိုးတွေ မက်ပြီး အရိပ်မည်းကြီးက အိပ်မက်ထဲအထိ လိုက်လံနှောင့်ယှက်နေမှာ။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုတဲ့စကားလို စိတ်ပင်ပန်းဆင်းရဲပြီး ကျန်းမာရေးတွေ ထိခိုက်ကုန်တော့မှာ။ အပြင်မထွက်ဝံ့တော့ဘူး။ လူမြင်တိုင်း ကြောက်နေတော့မယ်။ ပုန်းအောင်းနေရတော့မယ်။ ပြစ်မှုကျူးလွန်သူအတွက် အဲ့လောက်ထိ လူတွေက ကြောက်စရာကောင်းသွားပြီ။
ကိုယ်တို့ဒေသမှာဆိုရင်လည်း ဘယ်သတင်းဌာနတွေဆီမှ မရောက်တဲ့ ဖြစ်ရပ်တွေ ကြုံခဲ့ဖူးတယ်။ ကြောက်စရာကောင်းတဲ့ လူအုပ်ကြီးကို ဖြစ်လာအောင် ပြစ်မှုကျူးလွန်ခဲ့သူတွေရဲ့ အဖြစ်တွေပါ။ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့လို့ ဘယ်တရားရုံး၊ ဘယ်ဥပဒေအောက်ကနေမှ စီရင်ခွင့် မပေးဘဲ သေဒဏ်ပေးပစ်ခံရသူ။ ပျူစောထီးရွာဖြစ်အောင် အုပ်ချုပ်သူတယောက်ကို ထန်းလှီးနေတုန်း လုပ်ကြံသတ်ဖြတ်ပစ်လိုက်ရာ နယ်လုံးကျွတ် ပျော်ပွဲရွှင်ပွဲ ကျင်းပပြီး ကခုန်ခြင်း ခံရသူ။ သားလူပျို့အဖေ မုဆိုးဖိုဟာ နောက်အိမ်ထောင်ပြုရာ မိထွေးနဲ့ သားကပါ ငြိစွန်းကြသဖြင့် တရွာလုံးက နှင်ထုတ်ခြင်း ခံရလိုက်တဲ့ သားအဖ။ အာဏာရှင်စစ်တပ်ထံ သူလျှိုလုပ် သတင်းပေးသဖြင့် သုတ်သင်သတ်ဖြတ်ခံလိုက်ရသော ရွာ သုံးရွာဆီက သုံးယောက်အကြောင်း။ အာဏာရှင်စစ်တပ်ထံ သူလျှိုလုပ် သတင်းပေးမိသဖြင့် တုန်လှုပ်ကြောက်ရွှံ့ပြီး မိသားစုလိုက် စစ်တပ်ထံ သွားရောက်ခိုလှုံသည့် မိသားစုများအကြောင်း။ အာဏာရှင်စစ်တပ်ထံ သူလျှိုလုပ် သတင်းပေးမိသဖြင့် တရွာလုံးကို ကြောက်လန့်ပြီး ရွာမပြန်ရဲကြတော့သော သူလျှိုထီး၊ သူလျှိုမများအကြောင်း။ စစ်ရှောင်စခန်းမှာ ဖုန်း ခိုးမိလို့ လူအုပ်ကြီးက ဝိုင်းထိုးခံရသူ စသည်ဖြင့် ပြောလို့မကုန်ပါပေ။ သူတို့ဟာ သူတို့ရဲ့ မကောင်းတဲ့ လုပ်ရပ်များကြောင့် ကြောက်စရာကောင်းတဲ့ လူအုပ်ကြီးကို ဖြစ်လာစေပြီး လူအုပ်ကြီးကို ကြောက်လန့်နေကြရပါတယ်။ ဒါတွေဟာ ကိုယ်တွေကိုယ်တိုင် ​မျက်မြင်ကိုယ်တွေ့ ကြုံရတဲ့ “လူတွေဟာ ကြောက်စရာကောင်းတယ်” ဆိုတဲ့ ဖြစ်ရပ်တွေပါ။”
ဒါ့ကြောင့် စာဖတ်သူတွေကို ပြောချင်တာက ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ ကြုံတွေ့ရမယ့် ပြစ်မှုမျိုး မကျူးလွန်မိကြပါစေနဲ့ လို့ပဲ။ လူတွေဟာ အရမ်းကြောက်စရာ ကောင်းလို့ပါ။
စာကြွင်း။ ။ May 18 (2007) ရုပ်ရှင်ကလည်း ယခုလို နွေဦးတော်လှန်ရေးနှင့် စပ်လျဥ်းသဖြင့် ကြည့်သင့်သော ရုပ်ရှင်ကားကောင်းတကား ဖြစ်ပါကြောင်း။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment