
“ဝေသီအိပ်မက်၊ အိပ်မက်ဝေသီ”

ဝေသီဟာ တိုက်ခန်းကျဉ်းလေးထဲမှာ တယောက်တည်း ထိုင်နေတယ်။ သူ့ရဲ့မျက်လုံးတွေက နာမည်အတိုင်းပဲ အမြဲတမ်း ဝေသီမှုန်ပျနေပြီး အမှောင်ထဲမှာ အဓိပ္ပါယ်တခု လိုက်ရှာနေသလိုပဲ။ အရင်ကတော့ သူ ဒီလိုမဟုတ်ပါဘူး။ လာမယ့်နေ့တွေမှာ ဘာဆက်ဖြစ်မလဲ ဆိုတာတွေးပြီး ရင်ခုန်နေတတ်တဲ့ ကုမ္ပဏီဝန်ထမ်းတယောက်ပဲ။ ညဘက်တွေဆို ကျနော်တို့နဲ့ ဘယ်လောက်သောက်သောက် မနက်ဆိုရင် အစောကြီးထပြီး ဟင်းချက်တယ်။ ပြီးရင် ရေမွှေးထောင်းထောင်းထဆွတ်ပြီး အလုပ်သွားတော့တာပဲ။ ကျနော်တို့နေတဲ့ တိုက်တခုလုံး ဝေသီ့သီချင်းသံကြားရင် မနက် ခုနစ်နာရီထိုးပြီဆိုတာ နာရီမကြည့်ဘဲ သိနေကြပြီ။ လကုန်ရက်ဆိုရင် ဒီကောင့်ဘဏ်အကောင့်ထဲ သုညခြောက်လုံးလောက် ဝင်လာလေ့ရှိတယ်ဆိုတော့ ကျနော်တို့လို အခုမှ ရန်ကုန်ရောက်စလူတွေရဲ့ အကျွေးအမွေး ပင်တိုင်အလှူရှင်ကြီးပေါ့။
မှတ်မိသလောက် အဲဒီအချိန်ထဲမှာ သူ ကောင်မလေးတယောက် ရခဲ့တယ်။ သူ့အလုပ်က မန်နေဂျာသူဆိုရဲ့ အသိ၊ လှိုင်ဘက်မှာ တယောက်တည်းနေတယ် ဆိုတာကလွဲပြီး ကျန်တာ ကျနော်တို့ကို ဘာမှမပြောခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာတော့ ကျနော်တို့ ပုံမှန်သောက်နေကြဝိုင်းထဲ ဝင်မထိုင်တော့ဘဲ ကောင် မလေးနဲ့ ပျော်ပျော်ကြီး ဖုန်းပြောနေတတ်တဲ့ ဝေသီ့ကို ကျနော် အမှတ်ရမိနေတယ်။ တလလောက်နေတော့ ဒါ ငါ့အသည်းလေးပဲ၊ နာမည်က အေးသီတာဆိုပြီး ကျနော်တို့ထိုင်နေကြ ဘားထဲကို လက်ဆွဲခေါ်လာတယ်။ ကောင်မလေးကြည့်ရတာ ရည်ရည်မွန်မွန်ပါပဲ။ ဝေသီ့ထက်တော့ ငယ်မယ်ထင်ပေမယ့် ကိုယ်ရေးကိုယ်တာတွေ သိပ်မသိချင်တဲ့ ကျနော်က သူတို့နှစ်ယောက်အတွက် အရက်ခွက်ကို လေထဲမြှောက်ပြီးပဲ သက်ဆုံးတိုင် ပေါင်းဖက်စေကြောင်း ဆုတောင်းပေးခဲ့လိုက်တယ်။
တကယ်တော့ ဝေသီ့ရဲ့ဘဝက အခုမှ ပျော်ရွှင်နေခဲ့ရပေမယ့် တခါကပြောပြဖူးတဲ့ သူ့ဘဝဖြတ်သန်းမှုက ဆူးခင်းလမ်းပါပဲ။ ငယ်ငယ်လေးကတည်းက မိဘမဲ့ဖြစ်ခဲ့ရ။ ကြီးပြင်းလာတော့လည်း အလုပ်အကိုင် မတည်မြဲ။ အလုပ်တွေ ခြေတိုအောင် လိုက်လျှောက်၊ အေဂျင်စီတွေ တခုပြီးတခု ဝင်တိုးရနဲ့ ဘယ်အလုပ်မှ မရတဲ့အဆုံး အလုံညစျေးနားက သစ်ဆိုင်တခုမှာ သူ့ဦးလေးဆိုသူဆီ ထမင်းစားကျွန်ခံဘဝ လစာမရ လုပ်သားဘဝနဲ့ နှစ်တွေအကြာကြီး အလုပ်လုပ် ခဲ့ရတယ်။
ကံကြမ္မာက မျက်လှည့်ဆရာရဲ့ ယုန်တကောင်လိုပဲ။ မျက်စိရှေ့မှာတင် အပြောင်းအလဲတွေ ဖြစ်လာတတ်တယ်။ တလလောက်အကြာမှာ ဝေသီ့ရဲ့ ကုမ္ပဏီက မူလနိုင်ငံဆီ ပြန်ပြောင်းတော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို အလုပ်ကနေ လျော်ကြေးပေးပြီး ထုတ်လိုက်တယ်။ ရက်နည်းနည်းကြာတော့ တဦးတည်းသော သူ့ကောင်မလေး အေးသီတာကလည်း သူ့ကို လမ်းခွဲသွားတယ်။ အကြောင်းပြချက်ကတော့ နောက်ကွယ်မှာ သူမဟုတ်တဲ့ တခြားတယောက် ရှိနေပြီထင်လို့ဆိုပြီး ကျနော့်ကို ဖေ့စ်ဘွတ်ခ်ကနေ လာရင်ဖွင့်ခဲ့ဖူးတယ်။ ဒါပေမယ့် သူမသိတာက ဝေသီ့မှာ အေးသီတာကလွဲပြီး တခြားသူမရှိဘူး။ ဒါပေမယ့်လည်း သူပြောတာ အကြောင်းပြချက်သက်သက် ဖြစ်နိုင်တာပဲလို့ ဘာမှပြန်မပြောဘဲ နေလိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကနေ ကျနော်သိလိုက်တာက အချစ်ဆိုတာ တခါတရံ ဘာမှမဟုတ်တာလေးနဲ့လည်း ထိလွယ်ရှလွယ် ဖြစ်တတ်တယ် ဆိုတာပဲ။ အဲဒီအချိန်ကနေ ဝေသီလည်း သူ့ကိုချစ်တဲ့သူတွေဟာ နည်းလမ်းပေါင်းစုံနဲ့ တယောက်ပြီးတယောက် ထားသွားခဲ့ကြတယ်လို့ အတွေးတွေ ဆက်တိုက်ဝင်လာတယ်။
အေးသီတာ ထွက်သွားပြီးနောက်ပိုင်း ဝေသီဟာ ပိုပြီး တိတ်ဆိတ်လာတယ်။ သူ့မျက်ဝန်းမှာ ဝမ်းနည်းရိပ်တွေ အမြဲရှိနေပြီး ဘယ်သူ့ကိုမှ မယုံတော့သလိုပဲ။ အရင်က ပျော်ရွှင်ခဲ့တဲ့ ဝေသီဟာ အခုတော့ ဘတ်စ်ကားတစင်း မောင်းထွက်သွားတိုင်း မှတ်တိုင်မှာကျန်ရစ်ခဲ့တဲ့ အပူလှိုင်းတွေလို တခဏအတွင်း ပျောက်ပျက်သွားတယ်။ အလုပ်လက်မဲ့ဖြစ်သွားပြီး နောက်မှာလည်း အလုပ်သစ်ရှာဖို့ မကြိုးစားတော့ဘူး။ အရင်တုန်းက တက်ကြွတဲ့ ဟန်ပန်တွေလည်း မရှိတော့ဘဲ တိုက်ခန်းလေးထဲမှာ တွေဝေငေးမောစွာနဲ့ အချိန်ကုန်နေတတ်တယ်။
၂၀၂၁ မတ်လကုန်ခါနီး ဝေသီ အပြင်က မောပန်းပြီးပြန်လာတယ်။ သူ့လက်ထဲမှာ ရေကူးမျက်မှန်တွေ၊ ဓါတ်ငွေ့ကာမျက်နှာဖုံးတွေနဲ့။ ကျနော့်ကို တွေ့တော့ သူ ရန်ကုန်မှာ ဆက်နေလို့မရတော့ဘူးလို့ တိတ်တဆိတ်တိုင်ပင်တယ်။ သူ့အသိတွေထဲက ဘယ်သူက ဘယ်မှာ၊ ဘယ်သူကတော့ အခုဆို ဘာလုပ် နေပြီဆိုတာ နှစ်ယောက်တည်းဆုံတိုင်း တီးတိုးပြောတယ်။ သူ့စကားသံတွေက တုန်နေရုံတင် မဟုတ်တော့ဘူး။ ကြောက်ရွံ့မှုတွေနဲ့ အသက်ရှူသံတွေပါ မမှန်တော့ဘူး။ မျက်လုံးတွေကလည်း ကြောက်လန့်တကြား ဘေးဘီကို ကြည့်နေတယ်။ သူငယ်ချင်းတွေဆီ လိုက်သွားဖို့လည်း အဆင်မပြေ။ တချို့က နယ်ဘက်ကို ရောက်သွားကြပြီ။ တချို့ကလည်း ဆက်သွယ်လို့ မရတော့ဘူး။ ဖုန်းကလည်း ပြေးရင်းလွှားရင်း ကျန်ခဲ့လို့ ဘယ်သူ့နံပါတ်မှ မရှိတော့ဘူး။ အသိတွေထဲမှာ ရန်ကုန်ကနေ ညတွင်းချင်း ထွက်သွားတဲ့သူတွေလည်း အများကြီးပဲ။ တချို့က နယ်စွန်နယ်ဖျားတွေကို ရောက်သွားကြပြီး တချို့တွေက ဘယ်ရောက်နေမှန်း ဘယ်သူမှ မသိတော့ဘူး။ ရန်ကုန်မှာ ဆက်နေရင်လည်း ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ ဘာအစီအစဉ်မှ မရှိတော့ဘူး။
ခေါင်းထဲမှာ အသံတွေ ပဲ့တင်ထပ်နေတယ်။ ဘာလုပ်ရမလဲ၊ ဘယ်သွားရမလဲဆိုတာ မဆုံးဖြတ်နိုင်တော့ဘူး။ အသံတွေလည်း ပိုပိုပြီး ကျယ်လာတယ်။ “ထွက်ပြေး … ထွက်ပြေး … ရအောင်ထွက်ပြေး” ဆိုတဲ့အသံတွေက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတယ်။ သူ့ပတ်ဝန်းကျင်မှာ ဘာမှမမြင်ရဘူး။ အေးစက်လွန်းတဲ့ လေတိုးသံကိုပဲ ကြားနေရတယ်။ ရုတ်တရက် သူ့နာမည်ကိုခေါ်သံ ကြားလိုက်ရတယ်။ အသံက ဝိုးတဝါးနဲ့ အဝေးကြီးက ပြေးလာတဲ့အသံမျိုး။ လှည့်ကြည့်လိုက်တော့ သေဆုံးသွားတဲ့ သူ့သူငယ်ချင်းတွေ၊ မိသားစုတွေရဲ့ မျက်နှာတွေကို မြင်ရတယ်။ သူတို့ရဲ့မျက်လုံးတွေက သူ့ကို အပြစ်တင် နေသလို စူးစိုက်ကြည့်နေတယ်။ သူ့ကို လက်ညှိုးထိုးပြီး “မင်းကြောင့်ပဲ” လို့ ပြောနေကြတယ်။ ဝေသီဟာ ကြောက်လန့်တကြားနဲ့ ပြေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ခြေထောက်တွေ လှုပ်မရဘူး။ သူတို့ရဲ့မျက်နှာတွေက တဖြည်းဖြည်း နီးကပ်လာတယ်။ အသံတွေလည်း ပိုကျယ်လာတယ်။ “မင်းဟာ တယောက် တည်းပဲ” “မင်းဟာ အသုံးမကျတဲ့သူပဲ” လို့ ပြောနေကြတယ်။ ဝေသီဟာ အော်ဟစ်ချင်ပေမဲ့ ဘာအသံမှ ထွက်မလာဘူး။ သူ့ရဲ့ခန္ဓာကိုယ်က ကြောက်ရွံ့မှုတွေနဲ့ စတောင့်တင်းလာတယ်။ ရုတ်တရက် အားလုံး ပျောက်ကွယ်သွားတယ်။
ဒီနောက်တော့ ဝေသီဟာ ကျနော်တို့မသိအောင် ညဉ့်နက်နက်မှာ တိုက်ခန်းလေးထဲက အဝတ်အိတ်တခုလွယ်ပြီး ထွက်သွားခဲ့တယ်။ တနှစ်ကြာတော့ သူ ပြန်ရောက်လာပေမယ့် စကားလုံးတွေ ဆုံးရှုံးသွားတဲ့ လူတယောက်လို တိတ်ဆိတ်နေတယ်။ ဘယ်ရောက်နေလဲ၊ ဘာတွေလုပ်နေဖြစ်လဲဆိုတဲ့ မေးခွန်းတွေကိုလည်း တိုးညှင်းတဲ့လေသံနဲ့ပဲ ပြန်ဖြေတော့တယ်။ အရင်က ရယ်မောပျော်ရွှင်တတ်တဲ့ ဝေသီဟာ အခုတော့ မှိန်ဖျော့စပြုနေတဲ့ ဝါးပန်းချီကားတချပ်ကို ကြည့်နေသလိုဖြစ်သွားပြီ။ ကျနော်လည်း တံခါးခေါက်သံနဲ့ လမ်းပေါ်က ဖိနပ်သံတွေကိုပဲ အချိန်နဲ့အမျှ နားစွင့်နေရတော့ ဝေသီ ဘာတွေ ကြုံခဲ့ရလဲဆိုတာကို သေချာမမေးဖြစ်ခဲ့ဘူး။ တချို့ညတွေဆို သူ အခန်းထဲ ပြန်မလာဘဲ ရက်ပေါင်းများစွာ ပျောက်ဆုံးနေတတ်တယ်။ တခါ ပြန်ရောက်လာတိုင်း သူ့ရဲ့ စကားလုံးတွေဟာ ပိုပြီး ရှားပါးလာတယ်။ သူ့အခန်းထဲက “ဘာဆက်လုပ်ရမလဲ … ငါ ဘာဆက်လုပ်ရမလဲ …” ဆိုတဲ့ တိုးညင်းတဲ့ တီးတိုးရေရွတ်သံတွေကိုလည်း မကြာခဏ ကြားနေရတယ်။
အဲဒီအချိန်ကစပြီး ဝေသီဟာ ကျနော်တို့နဲ့ ပိုပိုဝေးလာတယ်။ သူ့အခန်းလေးထဲမှာ တယောက်တည်း ထိုင်နေတတ်တယ်။ အတိတ်က အမှတ်တရတွေ၊ ဆုံးရှုံးမှုတွေ၊ အထီးကျန်မှုတွေက သူ့ကို ခြောက်လှန့်နေတယ်။ တခါတလေ သူ့အပြုံးတွေက မဲ့ပြုံးတွေလို ဖြစ်သွားတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေက ထားသွားကြပြီ။ အဖော်မဲ့ ကျန်ခဲ့တယ်။ စိတ်ဟာ ကြေကွဲဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတယ်။ အထီးတည်းကျန်ခြင်းဟာ ပိုပြီးနက်ရှိုင်းလာတယ်။ လူတွေကြားထဲမှာ ရှိနေပေမဲ့ သူတို့နဲ့ မဆိုင်သလို၊ ဘယ်အရာနဲ့မှ မသက်ဆိုင်တော့သလို ခံစားနေရတယ်။ စိတ်ထဲက ကြားနေကျ အသံတွေကလည်း အမြဲတမ်း ခြောက်လှန့်နေတယ်။ “မင်းဟာ တယောက်တည်းပဲ” “မင်းဟာ အသုံးမကျတဲ့သူပဲ” စတဲ့ စကားသံတွေက မျက်လုံးစုံမှိတ်လိုက်တိုင်း ကြားနေရတယ်။
ဝေသီဟာ သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖုံးကွယ်ဖို့အတွက် နယ်ပယ်စိမ်းတခုထဲ ရောက်သွားတယ်။ ညဘက်တွေဆို နိုက်ကလပ်တွေမှာ အချိန်ကုန်ပြီး မိန်းကလေးတွေနဲ့ ပျော်ပါးနေတတ်တယ်။ နိုက်ကလပ်ရဲ့ မီးရောင်တွေ၊ ဆူညံတဲ့ သီချင်းသံတွေ၊ လူတွေရဲ့ ရယ်သံတွေကြားထဲ မကြာခဏရောက်နေပေမယ့် ဝေသီဟာ အားလုံးနဲ့ကွဲထွက်ပြီး တယောက်တည်း ဖြစ်နေတယ်။ အသိစိတ် ပျောက်သွားစေတဲ့အရာတွေ၊ အရက်တွေ၊ မိန်းကလေးတွေနဲ့ ပျော်ပါးနေပေမဲ့လည်း စိတ်ထဲမှာတော့ ဘာကိုမှ မခံစားရတော့ဘူး။
ဝေသီ့ရဲ့ညတွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းတွေလိုပါပဲ။ အမှောင်ကျတာနဲ့ သူဟာ အခန်းထဲက အငွေ့ပျံသွားသလို ပျောက်သွားတတ်တယ်။ ပြီးရင် ရက်ပေါင်းများစွာကြာမှ တိတ်တဆိတ် ပြန်ပေါ်လာတယ်။ တခါတလေများဆို အခန်းထဲမှာ လုံးဝ တုပ်တုပ်မျှမလှုပ်ဘဲ ငြိမ်သက်နေတာကြောင့် ခရီးထွက်သွားတယ်လို့ ထင်တဲ့အထိပါပဲ။ အဲဒီအချိန်တုန်းက ကျနော်မှတ်မိတာ တခုက သူ့ဆီ အဆက်မပြတ် ဖုန်းဆက်တဲ့ လူစိမ်းတွေလည်း ရှိလာတာပါပဲ။ မကိုင်မချင်း တောက်လျှောက်ဆက်နေပြီး တခါတလေဆို ညနက်သန်းခေါင်အချိန်မှာတောင် ဖုန်းဆက်ပြီး “မင်း ဘယ်သူလဲဆိုတာ ငါတို့ သိတယ်” “မင်း ဘာတွေလုပ်ခဲ့လဲ ငါတို့သိတယ်” စတဲ့ စကားလုံးတွေနဲ့ ခြောက်လှန့်ကြတယ်။ ဝေသီဟာ သူတို့ရဲ့ ဖုန်းအစိမ်းတွေကို ဘလော့ခ်လုပ်ပစ်ဖို့ ကြိုးစားပေမဲ့လည်း နောက်ထပ် နံပါတ်အသစ်တွေနဲ့ ဆက်တိုက် ဖုန်းဆက်နေကြတယ်။ တခါတလေဆို ဖုန်းမဆက်ဘဲ အခန်းတံခါးကို လာခေါက်ကြတယ်။ တံခါးဖွင့်ကြည့်လိုက်တော့ တိုက်ခန်းပိုင်ရှင်မွေးထားတဲ့ ကြောင်တွေကလွဲပြီး အခန်းရှေ့မှာ ဘယ်သူမှ မရှိတော့ဘူး။
ဝေသီဟာ သူ့ အခန်းထဲကနေ ဘယ်မှမသွားဘူး။ သူ့အတိတ်က လူတွေရဲ့အကြည့်တွေ ပြန်ပေါ်လာပြီး သူ့လုပ်ရပ်တွေကို လှောင်ပြောင်နေသလိုပဲ။ ဝေသီဟာ ထွက်ပြေးဖို့ ကြိုးစားတယ်။ သူ့ရဲ့မျက်လုံးတွေက မှိန်ဖျော့နေပြီး စိတ်ထဲမှာ ကြားနေရတဲ့ တိုးညင်းသံတွေက မခံမရပ်နိုင်အောင် ဆူညံနေတယ်။ ဒါပေမဲ့ သူ့ရဲ့ခြေထောက်တွေက လှုပ်မရဘူး။ ညဘက်တွေမှာ အိပ်မက်ဆိုးတွေနဲ့ လန့်နိုးလာတတ်တယ်။ နောက်ကနေ ခြေသံတွေ လိုက်လာတယ်။ လှည့်ကြည့်လိုက်တော့ သေဆုံးခဲ့တဲ့ သူငယ်ချင်းတွေ၊ သတင်းထဲက ကွယ်လွန်သူတွေရဲ့ ရင်းနှီးနေတဲ့ မျက်နှာတွေ၊ မိသားစုတွေရဲ့ ငိုယိုနေတာတွေ မြင်ရတယ်။ သူတို့ရဲ့မျက်လုံးတွေက ဝေသီ့ကို စူးစိုက်ကြည့်နေတယ်။ အသံတွေကတော့ ဝိုးတဝါးမို့လို့ သူ နားမလည်နိုင်ဘူး။ တခုခုတော့ သူ့ကို အပြစ်တင်နေသလိုပဲ။ ခန္ဓာကိုယ်ဟာ ကြောက်ရွံ့မှုတွေနဲ့ တောင့်တင်းနေတယ်။ လည်ချောင်းကွဲအောင် အော်ဟစ်ချင်ပေမဲ့လည်း အသံထွက်မလာဘူး။ သူ့ခေါင်းထဲက တီးတိုးပြောသံတွေ ထိန်းလို့မရအောင် ဆက်တိုက်ဆူညံလာတယ်။
ဝေသီဟာ သူ့ရဲ့ခေါင်းကို လက်နဲ့ ဖိထားတယ်။ ခေါင်းထဲကအသံတွေက ထိန်းချုပ်လို့မရအောင် တစတစ ကျယ်လာတယ်။ အားကုန် အော်ဟစ်လိုက်ချင် ပေမဲ့လည်း လည်ချောင်းဝမှာတင် အသံဟာ တစ်ဆို့သွားတယ်။ အေးသီတာက အခန်းတံခါး ဖွင့်လိုက်တာကို မြင်လိုက်ရတယ်။ သူ့ကို လှမ်းဖက်လိုက်ချင် ပေမယ့် သူ့စိတ်ကခိုင်းတာကို သူ့လက်ချောင်းတွေက လိုက်မလုပ်နိုင်တော့တာ သိလိုက်တယ်။ မြင်ကွင်းတွေ ဝေဝါးလာပြီး ရုတ်တရက် သူ့ရဲ့ခန္ဓာကိုယ် ဟာ တောင့်တင်းမှု စဝင်လာတာကို အေးစက်နေတဲ့ အသိနဲ့တွဲပြီး ထူးထူးဆန်းဆန်း ခံစားလိုက်ရတယ်။ နှာသီးဝမှာ ထူးဆန်းတဲ့ ခံစားမှုတမျိုးကို ရလိုက် ပြီး မျက်လုံးတွေက ပိုပြီး ပြူးကျယ်လာတယ်။ သူ့ရဲ့ အသက်ရှူသံတွေက တဖြည်းဖြည်း နှေးကွေးသွားတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အသက်ရှူသံ တွေဟာ လုံးဝ ရပ်တန့်သွားတယ်။
အချိန်တွေ ဘယ်လောက်ကြာသွားလဲ မသိဘူး။ ဝေသီ့အခန်းတံခါးကို ခေါက်လိုက်ချိန်မှာ ဘာမှ တုန့်ပြန်သံမကြားလို့ ကျနော့်စိတ်ထဲ ထိတ်လန့်သွားမိတယ်။ ကျနော့် ပင်ကိုယ်သိစိတ်က ဒါဟာ သိပ်ထူးခြားပြီး စိုးရိမ်စရာကောင်းမှန်း အလိုလို ခံစားနေမိခဲ့တာပါ။ နောက်ဆုံးတော့ အောက်ထပ်အခန်းမှာ တူရွင်းတချောင်းသွားငှားပြီး အခန်းတံခါး ဖျက်လိုက်တဲ့အခါမှာတော့ အသက်မဲ့နေပြီဖြစ်တဲ့ ဝေသီ့ရဲ့ ရုပ်အလောင်းကို တွေ့လိုက်ရတယ်။
ဝေသီဟာ ကုလားထိုင်ပေါ်မှာ ငြိမ်သက်စွာ မှိန်းနေတယ်။ သူ့ရဲ့ မျက်လုံးအိမ်တွေက ပွင့်နေပြီး လက်ထဲမှာလည်း စာတစောင်ကို တွေ့ရတယ်။ စာထဲမှာ ဘာတွေရေးထားလဲ ဆိုတာတော့ မသိရဘူး။ စာရွက်ပေါ်မှာ အစက်အပြောက်တွေလို စကားလုံးတွေက ဝိုးတဝါးဖြစ်နေလို့ပဲ။ တိုက်ခန်းပိုင်ရှင်က ရဲကို ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ ရဲတွေရောက်လာပြီး ဝေသီ့ရဲ့ ရုပ်အလောင်းကို စစ်ဆေးတယ်။ သေဆုံးမှုကို သေကြောင်းကြံစည်မှုလို့ ရဲတွေ သတ်မှတ်တယ်။ ရုပ်အလောင်းကို ရင်ခွဲရုံကိုပို့လိုက်ပြီး ထပ်စစ်တော့ ဆေးအလွန်အကျွံသုံးစွဲပြီး သေဆုံးကြောင်း သိရတယ်။ ဆေးစာအရ သူ့ ခန္ဓာကိုယ်ထဲမှာ ဆေးအမျိုးမျိုးရဲ့ အကြွင်းအကျန်တွေကို တွေ့တယ်လို့ အဖြေထွက်တယ်။
ရန်ကုန်မြို့ရဲ့ လမ်းမီးရောင်တွေကတော့ အရင်အတိုင်း တောက်ပနေဆဲပါပဲ။ အဲဒီနေ့က ကျနော်တို့သောက်တဲ့ဝိုင်းမှာ ဝေသီ့အတွက် ခွက်အပိုတခုထဲ သူ သောက်နေကျအတိုင်း ထည့်ပြီး သူ့ကို ဂုဏ်ပြုခဲ့ကြတယ်။
Be the first to comment