
‘ဝေးခဲ့ရပါသော သူငယ်ချင်းရေ…’

မြတ်ဝေဟာ စစ်ကောင်စီ အာဏာသိမ်းအပြီးမှာ ကျောင်းစာသင်ခန်းတွေနဲ့ ဝေးကွာခဲ့ရသော လူငယ်တဦးပါ။ အဆွေးသီချင်းတွေ၊ ကဗျာတွေ၊ လက်ဝဲစာပေတွေ၊ ဝတ္ထုတွေ ဖတ်ရတာကြိုက်တဲ့ ၁၆နှစ်အရွယ် လူငယ်တဦး။ ကျောင်းနားပြီး လက်ဝဲစာပေတွေ ဖတ်လိုက်၊ တော်လှန်သတင်းတွေ နားထောင်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။
သူ့ရဲ့ ငယ်ပေါင်း သူငယ်ချင်း ‘အကြီးကောင်’ ဆိုတဲ့ ညီအကို အရင်းတမျှ အတော်ရင်းနှီးရတဲ့ သူငယ်ချင်းတယောက်လည်းရှိတယ်။ အကြီးကောင်က သူ့ရဲ့ ဦးလေးဆိုင်မှာ အလုပ်လုပ်ရင်း ဖြတ်သန်းနေရတယ်။ သူတို့နှစ်ယောက် တယောက်နဲ့ တယောက် အကြိုက်ချင်းမတူတာဘဲ ရှိပေမယ့် တော်တော်ရင်းနှီးတယ်။ တရက်တော့ မြတ်ဝေတယောက် အကြီးကောင်တို့ အိမ်သွားတော့ အိမ်အဝင်မှာ အကြီးကောင်ရဲ့ အမေနဲ့ တွေ့တော့ “အန်တီနေကောင်းလား အကြီးကောင်ရော ဆိုင်သွားတာလား” တဆက်တည်း မေးလိုက်တယ်။
“သားကြီးက ဒီနေ့ဆိုင်မသွားဘူးကွယ့် အိမ်ထဲမှာရှိတယ်” “ဟုတ်ကဲ့ဗျ”
ဒါနဲ့မြတ်ဝေလည်း အိမ်ထဲဝင်ပြီး အကြီးကောင် နဲ့ စကားပြောကြတယ်။ သူတို့နှစ်ယောက် စကားပြောရင်းနဲ့ပဲ နိုင်ငံရေးအကြာင်းတွေ ရောက်သွားကြတော့
မြတ်ဝေက “ဟျောင့် ဒီနေ့ရန်ကုန်မှာ ဆန္ဒပြတဲ့ ကျောင်းသားတွေ ဆန္ဒပြတာကို စစ်တပ်နဲ့ ရဲက ပူးပေါင်းပြီး အင်အားသုံး ပစ်ခတ်တားဆီးကြတယ်တဲ့”
အကြီးကောင်ကတော့ ခပ်အေးအေးနဲ့ပဲ
“ဟိုနေ့ကလည်း ပစ်တာပဲ ငါသတင်းထဲတွေ့လိုက်တယ် ကျောင်းသားတွေကလည်း မကြောက်မလန့်နဲ့ ထပ်ပြီးလုပ်တာကို” လို့ ပြောတော့ မြတ်ဝေကလည်း မခံချင်စိတ်နဲ့
“ဟ ကျောင်းသားတွေက အာဏာသိမ်းတာ မကြိုက်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ သပိတ်မှောက်ကြတာလေ သူတို့ လက်အောက်မှာ မနေချင်လို့ပေါ့ဟ တချို့ဆို လက်နက်ကိုင်လမ်းစဉ်ကိုတောင် ရွေးချယ်သွားကြပြီ”
“ငါတို့က ငယ်ပါသေးတယ်ကွာ၊ နိုင်ငံရေးနဲ့ သိပ်မဆိုင်ပါဘူး” လို့ အကြီးကောင်က ထပြောလိုက်တော့
မြတ်ဝေလည်း ချက်ချင်းပဲ “မင်းပဲမဆိုင် သူငယ်ချင်း၊ ငါကတော့ ဒီကောင်တွေ အဲ့ဒီလိုလုပ်တာ မခံနိုင်ဘူး၊ အခုလိုငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာကိုတောင် ဒီကောင်တွေ ပစ်တာ တရားတယ်လို့ မင်းထင်လား၊ ဟိုနေ့က ငါ ရွာအရှေ့ပိုင်းက တောခိုသွားတဲ့ အကိုကြီးနဲ့ အဆက်အသွယ်ရတယ်၊ ငါကတော့ အခြေနေမဟန်ရင် လိုက်သွားမှာပဲ”
အကြီးကောင်က ဘာမျှမပြော။ ဒီလိုနဲ့ မြတ်ဝေလည်း အိမ်ပြန်သွားတယ်။
နောက်တလလောက်နေတော့ မြတ်ဝေ တယောက် တောခိုသွားပြီ ဆိုပြီး ရွာထဲမှာ အသံတွေကြားရတယ်၊ သူ့မိဘတွေကတော့ အပူမီးဝိုင်းပြီး သားသမီးဇောနဲ့ ပူဆွေးနေလေရဲ့၊ ငါးလလောက်အကြာမှာ မြတ်ဝေနဲ့အကြီးကောင်တို့ အဆက်အသွယ် ပြန်ရတယ်၊ ရွာထဲမှာ ဘယ်ရာအိမ်မှုးက ဘယ်လို ပိုက်ဆံတောင်းတယ်၊ ဘယ်ဒလန်က ဘယ်လို သတင်းပေးတယ်၊ ဘယ်လိုလူတွေက စကစနဲ့ ပေါင်းပြီး ဘယ်လို ယုတ်မာကြတယ် ဆိုတဲ့ သတင်းတွေကို အကြီးကောင်က မြတ်ဝေကို အားပါးတရ ပြန်ပြောပြတယ်။ ပြီးတော့ “မင်း ပိုက်ဆံလိုသေးလား”လို့ အကြီးကောင်က မေးတော့ “မလိုပါဘူး”လို့ ညည်းတဲ့အသံနဲ့ မြတ်ဝေတယောက် ပြန်ပြောရှာတော့ “မင်းကလည်းကွာ ငါတို့ငယ်ငယ်ကတည်းက အမေမတူတာပဲ ရှိတာပါကွာ၊ ငါ့မုန့်ဖိုးထဲကနေ မင်း KPay ထဲ ၅၀၀၀၀ ထည့်ပေးလိုက်မယ်”ဆိုပြီး အကြီးကောင် မတုံ့မဆိုင်းပဲ ချက်ချင်းဆိုသလို မြတ်ဝေရဲ့ KPay Acc ထဲ ထည့်ပေးလိုက်တယ်။
အဲ့နောက် မြတ်ဝေက ရှေ့တန်းသွားရမှာမို့ လိုင်းမတက်ဖြစ်ကြောင်း၊ စကစရဲ့ Air Attacks က နေရာဒေသအနှံ့ ပိုပြီး များပြားလာပြီမို့ အရင်ကထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် Safe ဖြစ်အောင် နေရမယ်ဆိုတဲ့ အကြောင်း၊ သူ့ သူငယ်ချင်း အကြီးကောင်ကို တတွတ်တွတ် မှာနေတော့ အကြီးကောင်က “ဂရုစိုက်ပါသူငယ်ချင်း ရှေ့တန်းက ပြန်ရောက်လို့ မင်းရွာပြန်ရောက်ရင် အရင်လို ငါတို့ ပြန်ဆုံကြမယ်”တဲ့၊ ဒီလိုနဲ့ သူတို့ အဆက်အသွယ် ပြတ်သွားကြတယ်။
နောက်တနှစ်ခန့်ာတော့ သူတို့ရွာကို တော်လှန်ရေးအဖွဲ့အစည်းတွေ သိမ်းပိုက်ရရှိသွားတယ်။ မြတ်ဝေ ရွာပြန်လာတော့ အကြီးကောင်နဲ့ တွေ့ပြီး ဘီယာဆိုင်ထိုင်ပြီး သူတို့ကျောင်းတက်တုန်းက အကြောင်းတွေ ပြောကြရင်း ရယ်ကြမောကြနဲ့ပေါ့။ တာဝန်ကျတဲ့ နေရာနဲ့ ရွာနဲ့က ဝေးတော့ နှစ်လကို တခေါက်လောက်တော့ မြတ်ဝေ ရွာပြန်ဖြစ်တယ်။ ခွင့်ရက်ရလို့ မြတ်ဝေ ရွာကို ပြန်လာတိုင်းလည်း အကြီးကောင်နဲ့ ဆုံဖြစ်တယ်၊ ဆုံဖြစ်တိုင်းလည်း ကျောင်းတုန်းကအကြောင်းတွေ စာအုပ်အကြောင်းတွေ ပြောကြရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။
တရက် မြတ်ဝေ ရှေ့တန်းက ပြန်ရောက်လာခဲ့တယ်၊ သူ Social Media သုံးနေရင်း Messenger မှာ သူငယ်ချင်းတယာက်ဆီက စာဝင်လာခဲ့တယ်၊ ရင်နင့်ကြေကွဲဖွယ် Voice Message တခု၊ ဖွင့်ကြည့်လိုက်တော့ ကြေကွဲဖွယ် ငိုသံနဲ့အတူ “မြတ်ဝေရေ အကြီးကောင်ဆုံးပြီကွ ငါတို့သူငယ်ချင်း အကြီးကောင် ဆုံးသွားပြီကွ” အသံကိုပင် မယုံချင်၊ ရုတ်တရက် ချက်ချင်းဆိုသလို တလောကလုံး မှောင်မည်းသွားပြီး ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကိုပင် မမြင်မိတော့သည်ပင်၊ မြတ်ဝေ မနည်း အာရုံစိုက်ပြီး စာပြန်ရတယ်၊
“သားကြီး မင်းဟာက ဟုတ်လို့လားကွာ”ဆိုတော့ “ဟုတ်တယ်ကွာ ခုနကမှ ရွာကို Air Raid လုပ်သွားတာ လူတွေတော်တော်များများ ထိခိုက်ကြတယ်” မြတ်ဝေ မယုံမိချင်သေးပါ၊ ပုံပို့ထားတာတွေကြည့်လိုက်တော့ ရင်နင့်ကြေကွဲဖွယ်ရွာအတိ၊ မြတ်ဝေ အတွေးမှာ ယုတ်မာကောက်ကျစ်ပြီး လူစိတ်မရှိတဲ့ ကောင်တွေက ဒီလိုအပြစ်မဲ့တဲ့ ပြည်သူတွေကို ဘာ့ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်ကြသလဲ စဉ်းစားနေမိတယ်။
မြတ်ဝေ စာမပြန်နိုင်တော့ဘဲ တိတ်ဆိတ်သွားတယ်၊ ရွာကို ပြန်ဖို့ စဉ်းစားရင်းနဲ့ သူငယ်ချင်းတယောက် ဆုံးရှုံးရတာထက် ဘဝမှာ ဆိုးတူကောင်းဖက် လူတယောက် ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ အတွေးနဲ့ မျက်ရည်မဆယ်နိုင်အာင် ဖြစ်ခဲ့ရတယ်။ အရင်ကဆို မြတ်ဝေ တယောက် ခွင့်ရက်ရရင် သူ့ သူငယ်ချင်း အကြီးကောင်နဲ့ ပြန်ဆုံရမယ် ဆိုတဲ့ စိတ်နဲ့ ရွာကို ပြန်ခဲ့ပြီး အပျော်ရွှင်ရဆုံး အချိန်တွေကို အတူ ကုန်ဆုံးခဲ့ကြတယ်။ ဒီတခေါက် မြတ်ဝေရဲ့ ခွင့်ရက်နဲ့ ရွာပြန်ခဲ့ရတဲ့ ရက်ဟာ ဝမ်းနည်း ပူဆွေးခြင်း အပြည့်နဲ့ပင်၊ တလမ်းလုံး သူတို့ ကျောင်းတုန်းက ဘယ်လိုဆိုးခဲ့တာတွေ၊ ဘယ်လိုပျော်ခဲ့တာတွေ၊ ငယ်ဘဝကနေ ယခုလက်ရှိအချိန်ထိဘယ်လို အတူရှိနေပေးခဲ့ကြတာတွေကို ပြန်တွေးပြီး မျက်ရည်တလည်လည်နဲ့ ရွာကို ပြန်ရောက်ခဲ့တယ်၊ ရွာပြန်ရောက်တော့ မြတ်ဝေ သိပ်ပြီး ရင်နှီးးချစ်ခင်ရတဲ့ အကြီးကောင်ဟာ သူတို့ရဲ့ ဇာတိမြေမှာ မရှိတော့ပြီ။
Be the first to comment