သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှု တခု

■ ဇေယျာဦး
● ကျောင်းသားလှုပ်ရှားမှုဖြစ်ပွားပေါ်ပေါက်ပုံ
(တတိယပိုင်း)
အချိန်အားဖြင့် ည (၁၁) နာရီကျော်နေပြီ ဖြစ်သည်။ ဖျောင်းဖျ၍ မရသည့် အဆုံးတွင်တော့ ဗျူဟာတာဝန်ခံဗိုလ်မှူးနှင့် ကျန်အရာရှိများက မင်းတို့ ကျောင်းထဲကို ဝင်မယ်ဆိုရင် ငါတို့လည်ပင်းကို တက်နင်းပြီးမှ သွားကြဟု ဆိုကာ အကျပ်ကိုင်လာသည်။ ကျောင်းသားများကလည်း ယခုကိစ္စသည် အထက်လူကြီးများနှင့်သာ ရှင်းရမည့်ကိစ္စဖြစ်၍ ဗိုလ်မှူးတို့၊ ဗိုလ်ကြီးတို့နှင့် မသက်ဆိုင်ကြောင်း၊ ကျောင်းသားများကို ညီအစ်ကိုကဲ့သို့ စာနာသောအားဖြင့် သွားခွင့်ပြုစေလိုကြောင်း ပြန်လည်ပြောဆိုကာ တတိယနှစ်ကျောင်းသား အားလုံး ထိုနေရာမှာပင် ထိုင်ကာ အရာရှိများကို ကန်တော့လိုက်ကြသည်။ ထို့နောက် မိမိတို့ရည်ရွယ်သည့်အတိုင်း စစ်ကြောင်းကို ကျောင်းဆီသို့ ဆက်ချီတက်ရန်သာ ပြင်နေသဖြင့် အရာရှိများလည်း ကျောင်းသားများ နောက်ဆုတ်တော့မည့်ဟန် မပေါ်တော့ကြောင်း သိမြင်သွားကြသည်။ ကျောင်းတွင် ကာလရှည်ကြာ လက်ပွန်းတတီးနေလာခဲ့၍ ကျောင်းသားများနှင့် ညီလို အစ်ကိုလို ဖြစ်နေခဲ့သော အရာရှိများမှာ တတိယနှစ်ကျောင်းသားများ၏ အဆိုပါတုံ့ပြန်မှု အပေါ် မည်သို့မျှမခံစားနိုင်တော့ဘဲ တားဆီးရန် ကြိုးပမ်းမှုကို လက်လျှော့သွားကာ မိမိသက်ဆိုင်ရာအိပ်ဆောင်များသို့ အေးအေးဆေးဆေး ပြန်နေကြရန်နှင့် သူတို့အနေဖြင့် ဤကိစ္စကို ခေါင်းခံ၍သာ ရှင်းတော့မည်ဟုပြော၍ စိတ်မကောင်းစွာဖြင့်ပင် ပြန်သွားကြတော့သည်။
ခေါင်းဆောင်ပိုင်းများ၏ ပေါ်လစီအမှား၊ စနစ်အမှားတို့အောက်တွင် အထက်အမိန့်အတိုင်း တပ်မတော်သားပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အဆိုပါအရာရှိများသည် ကျောင်းသားများကဲ့သို့ပင် ထိုစနစ်အမှား၏ သားကောင်ဖြစ်ခဲ့ရပြီး နောက်ပိုင်းတွင် အရေးယူခံခဲ့ရသည်။ ဤသို့ဖြင့် တတိယနှစ်ကျောင်းသားများစစ်ကြောင်းသည် ည (၁၁) နာရီခွဲလောက်တွင် ကျောင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာကြတော့သည်။ ကျောင်းအဝတွင် အသင့်စောင့်နေကြသော ဒုတိယနှစ်ကျောင်းသားအချို့ကလည်း ဝမ်းသာအားရ လာကြိုကြသည်။
ထိုနေ့ညတွင် တတိယနှစ် ကျောင်းသားအချို့နှင့် ဒုတိယနှစ် ကျောင်းသားများ လျှို့ဝှက်တွေ့ဆုံကာ လေ့ကျင့်ရေးအရာရှိချုပ်နှင့် တွေ့မည့်အချိန်တွင် ပြောဆိုမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။ ယခုဖြစ်စဥ်သည် မျှော်မှန်းထားသည့်အချိန်ထက် စောစွာပေါ်ပေါက်လာသည့်အတွက် မည်သို့ဆက်လုပ်သင့်ကြောင်းကိုလည်း စဥ်းစားမရဖြစ်ခဲ့ကြသည်။ တယောက်တပေါက် ဆွေးနွေးငြင်းခုံကြရင်း ထိုညက အဖြေမထွက်ကြသည့်အတွက် နောက်နေ့မနက်တွင် ထပ်မံတွေ့ဆုံညှိနှိုင်းကြသည်။ ဤတွင် အဖြေတခု ထွက်လာသည်။ မည်သည့်ကျောင်းသားကို မေးမေး၊ အဖြေက တမျိုးတည်း ဖြစ်နေရမည်။ ၎င်းမှာ ယခုတောင်းဆိုခဲ့သော အချက်များ မရရှိပါက ကျောင်းသားများ ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ရရေးဖြစ်သည်။ တပြိုင်နက် တည်းတွင် အိမ်ပြန်ရောက်ချိန်တွင် မည်သို့ဆက်လုပ်ကြမည်ကိုလည်း ဆွေးနွေးကြသည်။ လူကြီးများက အိမ်ပြန်ခွင့်မပေးခဲ့လျှင်လည်း မိမိတို့သဘောနှင့် မိမိတို့ အိမ်ပြန်မည်။ အိမ်ပြန်ရောက်လျှင်လည်း ယခုကိစ္စကို လက်လျှော့မသွားဘဲ ဆက်လက်လှုပ်ရှားမည်။ ထိုလှုပ်ရှားမှုတွင် တပ်မတော် နည်းပညာကောလိပ် ကျောင်းသားများပင် မဟုတ်တော့ဘဲ ကျန်သော တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားများနှင့် ဆက်လက်ပူးပေါင်းကာ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ဆက်လက်လှုပ်ရှားသွားမည်ဟူ၍ပင် ဆွေးနွေးခဲ့ကြသည်။
ထိုအချိန်က မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသားများနှင့်လည်း အဆက်အသွယ်ရကာ ၎င်းတို့တွင်လည်း မကျေနပ်ချက်အချို့ ရှိနေကြောင်းကို သိခဲ့ရသည်။ ဤသို့ဖြင့် ကျောင်းမှ အိမ်သို့ပြန်ရောက်ပြီး၍ တလခန့်အကြာမှ စ၍ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့ကို ကျောင်းသားများအနေဖြင့် ပုံမှန်ဖတ်ရန်၊ သတင်းစာထဲတွင် “တင့်နိုင်ကျော် အမေ စိတ်ပူနေသည်၊ အမြန်ပြန်လာပါ”ဟူသော ကြော်ငြာပါလာပြီး (၁၀) ရက်မြောက်နေ့တွင် အောက်မြန်မာပြည်မှ ကျောင်းသားများက ရန်ကုန်တွင်လည်းကောင်း၊ အထက်မြန်မာပြည်မှ ကျောင်းသားများက မန္တလေးတွင်လည်းကောင်း စုရုံးကြရန်ပင် သဘောတူခဲ့ကြသည်။ “တင့်နိုင်ကျော်” ဆိုသည်မှာ တပ်မတော် နည်းပညာကောလိပ်ကို အတိုကောက်ခေါ်သည့် တ.န.က ဟူသော နာမည်အား စကားဝှက်အဖြစ် သုံးသည့်သဘောဖြစ်သည်။ ထိုအချိန်က လူငယ်များပီပီ တယောက်တပေါက် ဆွေးနွေးကြရင်း ပေါ်လာသော နောက်ဆုံးအစီအစဥ် ဖြစ်သည်။ လက်တွေ့ကျသည်၊ မကျသည်ကို အသက် (၂၀) သာသာမျှသာ ရှိသေးသော လူငယ်များ ထိုစဥ်က မစဥ်းစားနိုင်ခဲ့ကြပေ။
ထိုနေ့မနက်တွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်(ကျင့်/ချုပ်)နှင့် တွေ့ရမည့်အချိန်ကို ကျောင်းသားများ စောင့်နေကြတော့သည်။ သို့သော် မနက်ပိုင်း တပိုင်းလုံး ကုန်လွန်သွားသည်အထိ ကျင့်/ချုပ်ထံမှ တွေ့ဆုံပွဲ အတွက် ခေါ်သည့်အမိန့်ရောက်မလာသေး။ ထိုနေ့က ၂၀၀၂ ခုနှစ်၊ ဇွန်လ (၁) ရက်၊ စနေနေ့ဖြစ်ရာ ကျောင်းအပြင်တွင် ဧည့်တွေ့လာသော ကျောင်းသား မိဘအချို့မှာ မနေ့ကတည်းက ရောက်နေကြသည်။ ကျောင်းသားများနှင့် တွေ့ခွင့်မရတော့ပေ။ ကျောင်းကိုလည်း ပြင်ဦးလွင်
မြို့ပေါ်ရှိ တပ်များနှင့် နီးစပ်ရာမြို့များမှ တပ်များက ပတ်ပတ်လည်ဝိုင်း၍ ကင်းပုန်းများချထားသည် ဟု သိရသည်။ ပြင်ဦးလွင်မြို့ကိုလည်း မြို့ဝင်မြို့ထွက်များကို တင်းတင်း ကျပ်ကျပ်ပိတ်ဆို့ကာ ဖုန်းလိုင်းများကိုပင် ယာယီဖြတ်တောက်ထားသည်ဟုလည်း သိရသည်။ ဤအခြေအနေအောက်တွင် ကျောင်းသားများသည် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တွေ့ဆုံနိုင်ရန် နေ့လယ်စာစားပြီး ဆက်စောင့်နေကြပြန်သည်။
ထိုအချိန်တွင် စတုတ္ထနှစ် ကျောင်းသားကြီးများ၏ အိပ်ဆောင်သို့ ကားကြီးများ ရောက်လာကာ ကျောင်းသားများ၏ သေတ္တာနှင့် အသုံးအဆောင်ပစ္စည်းများ လာသိမ်းယူကြောင်း သိရသည်။ ထိုအချိန်က စတုတ္ထနှစ်ကျောင်းသားများကို ပြင်ဦးလွင်မြို့ပြင်ရှိ (၃၁) မိုင် ဗဟိုလျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်တွင် တပတ်စဥ်လုံး ထိန်းသိမ်းထားခြင်း ခံနေရချိန်ဖြစ်သည်။ ကျင့်/ချုပ်နှင့် တွေ့ရမည့်အချိန်ကို စောင့်နေစဥ် ထိုသို့ စီနီယာကျောင်းသားကြီးများ၏ ပစ္စည်းများကို လာသယ်ယူသော ကားကြီးများကို တွေ့လိုက်ရသောအခါ ကျောင်းသားအချို့ ဒေါသထွက်ကြတော့သည်။ ထိုသို့ သယ်ယူပြီး တနာရီခွဲခန့်အကြာတွင်တော့ ကျောင်းသားအချို့သည် ထိန်းမရတော့ဘဲ အခုပဲ ကျင့်ချုပ်နှင့် တွေ့ခွင့်ရရန် ကျောင်းအိပ်ဆောင်များမှ လူစုပြီး ချီတက်မည်ဟုဆိုကာ ခရာများကို ဆက်တိုက်မှုတ်ကြတော့သည်။ ထိုအချိန်က ကျောင်းသားတပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးများတွင် ခရာတစုံစီရှိကြရာ အဆိုပါခရာများကို ကျောင်းသားများက ပြိုင်တူမှုတ်၍ အချက်ပေးကာ ချီတက်ရန် လှုံ့ဆော်ကြတော့သည်။ အဆိုပါ ဒုတိယနှစ်ကျောင်းသားအချို့ စမှုတ်လိုက်သော ခရာသံက ကျန် ကျောင်းသားတပ်ခွဲများဆီသို့ ကူးစက်သွားကာ ကျန် တပ်ခွဲများကလည်း ခရာများ ဆက်တိုက်မှုတ်ကာ လူစုကြသည်။ ထိုစဥ်က ကျောင်းသား (၃၀၀၀) ကျော် အင်အားနှင့်အတူ ကျောင်းသား တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အသီးသီးက ပြိုင်တူမှုတ်လိုက်သော ခရာသံများ၊ အော်ဟစ်လှုံ့ဆော်သံများမှာ ကြောက်ခမန်းလိလိ ဖြစ်သွားကာ ကျောင်းသားများလည်း စိတ်ကြွ၍ နီးစပ်ရာ တပ်ခွဲများမှ လမ်းမပေါ်သို့ တက်ကာ လူစုကြတော့သည်။
သို့နှင့် ကျောင်းနောက်ဘက် တောင်ခြေတပ်ရင်းများဘက်မှ ကျောင်းသားများသည် ခရာများပြိုင်တူမှုတ်ရင်း စစ်ရေးပြကွင်းဘက်သို့ သွားသော ကျောင်း လမ်းမကြီးအတိုင်း ချီတက်လာကြသည်။ လမ်းတွင် နီးစပ်ရာတပ်ခွဲများမှ ကျောင်းသားများက လူစု၍ စောင့်နေကြသည်။ မပါဝင်သော ကျောင်းသား အနည်းငယ်ရှိခဲ့ကြသော်လည်း အများစုက ချီတက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့် ကျောင်းသားအင်အား (၃၀၀၀) နီးပါး ရှိခဲ့သည်။ ထိုအင်အားဖြင့် စစ်ရေးပြကွင်းသို့သွားရာ လမ်းမကြီးအတိုင်း ချီတက်လာကြရာ ကျောင်းသား အချို့က ချီတက်နေရင်းနှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် တွေ့ဆုံစကားပြောခွင့်ရချင် ရ၊ မရရင်လည်း အဆိုပါ လမ်းမကြီးအတိုင်း ကျောင်းမုခ်ဝဘက်သို့ ဦးတည်ကာ ကျောင်းအပြင်သို့ ဆက်လက်ချီတက်သွားမည်ဟုပင် ပြောလာသည်များရှိသည်။
ထိုအချိန်တွင် ကျောင်း၌ အုပ်ချုပ်မှုယန္တရားအားလုံး ရပ်ကုန်ပြီ ဖြစ်သည်။ စောစောပိုင်းက အခြေအနေကို ထိန်းပေးရန် ကျောင်းသားအိပ်ဆောင်များ အနီးတွင် တာဝန်ယူစောင့်ကြပ်နေကြသော လေ့ကျင့်ရေးအရာရှိအချို့လည်း ကျောင်းသားများ၏ ထိန်းမရနိုင်တော့မည့် အခြေအနေကို ရိပ်စားမိကာ ဝေးရာသို့ ရှောင်သွားကြတော့သည်။ ကြိုတင်မျှော်မှန်းမထားဘဲ တပ်မတော် နည်းပညာကောလိပ် ကျောင်းသားများ၏ ချီတက်ဆန္ဒပြမှုကြီး ပေါ်ပေါက်လာ တော့သည်။ စိတ်ခံစားမှုအရှိန်အမြင့်ဆုံးသို့ တက်နေပြီဖြစ်သော ကျောင်းသားထု၏ အခြေအနေမှာ ဘာမဆိုရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။ ပါးစပ်မှ လည်း ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရန်နှင့် တောင်းဆိုချက်များ ရရှိရန် “တို့အရေး”ကြွေးကြော်သံများ ကြွေးကြော်လာကြသည်။
ထိုအချိန်တွင် ထိုစဥ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲမြင့်သည် သက်တော်စောင့်စစ်သားများနှင့်အတူ ကျောင်းသား စစ်ကြောင်းနှင့် ပေ (၂၀၀) ခန့်အကွာ လမ်းမကြီးပေါ်တွင် ထိုးရပ်လာကာ ကျောင်းသားများကို နောက်ပြန်ဆုတ်ရန် အမိန့်ပေးသည်။ ကျောင်းသားများက မဆုတ်သောအခါ ခါးကြားကပစ္စတိုကို ထုတ်၍ “မင်းတို့ကောင်တွေ ငါ့ကို ဘာမှတ်နေလဲ၊ မန္တလေးတိုင်းမှူး မင်းတို့ကို အမိန့်ပေးနေတာကွ” သေနတ်ဖြင့် ခြိမ်းခြောက်ပြောဆိုသည်။ သူနှင့်အတူပါလာသော သက်တော်စောင့်စစ်သားများကလည်း သေနတ်များကို ကျောင်းသားများဘက်သို့ အသင့်ချိန်ရွယ်ထားကြသည်။ သို့သော် သေနတ်နှင့် နိစ္စဓူဝဘဝတွင် ရင်းနှီးနေခဲ့သော စစ်ကျောင်းသားများမှာ ယင်းကဲ့သို့ သေနတ်ပြခြိမ်းခြောက်မှုကို မကြောက်ကြသည့်အပြင် ပို၍ပင် ဒေါသထွက်သွားကြကာ ကျောင်းသားအချို့က တိုင်းမှူးကို ပြန်လည်အော်ဟစ်ဆဲဆိုကာ စစ်ကြောင်းအတွင်းမှထွက်၍ အုတ်ခဲကောက်ကာ သေနတ်ဖြင့်ပစ်လျှင် ပြန်ထုမည်ဟု ကြုံးဝါးကြသည်။ စိတ်ခံစားမှု အပြင်းထန်ဆုံး ဖြစ်နေသည်မှာ ဒုတိယနှစ်ကျောင်းသားများ ဖြစ်သည်။ အဆိုပါ ကျောင်းသားများကို စီနီယာ တတိယနှစ် ကျောင်းသားများက အော်ဟစ်အမိန့် ပေး၍ ထိန်းလိုက်ရသည်။
စစ်ကြောင်းတွင်ပါလာသော တတိယနှစ် (အပတ်စဥ် ၂) ကျောင်းသားကြီးများက ရှေ့သို့ထွက်ကာ ယခုအချိန်တွင် ကျောင်းယန္တရားများအားလုံး ရပ်တန့် ကုန်ပြီဖြစ်၍ မိမိတို့အား မည်သည့်အရာရှိကမှ အမိန့်ပေးထိန်းချုပ်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ သို့သော် ကျောင်းသားများအနေဖြင့် အထိန်းအကွပ်မဲ့၊ စည်းကမ်းမဲ့များဖြစ်လာလျှင် မူလဦးတည်ချက်ပျောက်ဆုံးပြီး နှိမ်နင်းခံရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် မည်သည့်အရာရှိစကားကိုမျှ နားမထောင်လျှင်ပင် စီနီယာကျောင်းသားကြီးများ၏ စကားကို နားထောင် ရမည်ဖြစ်ကြောင်း၊ အကြောင်းမှာ ယခုအချိန် ပစ်ခတ်နှိမ်နင်းလျှင် မိမိတို့ စီနီယာကျောင်းသားများက ကျောင်းသားအားလုံးရှေ့က အရင်ဆုံး ရင်ဆိုင်၍ အပစ်ခံမည့်သူများ ဖြစ်နေသောကြောင့်ဖြစ်ကြောင်း ပြောကာ စည်းကမ်းတကျတုံ့ပြန်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ကျောင်းသားစစ်ကြောင်းကြီး တခုလုံး၏ ရှေ့တွင် တတိယနှစ် ကျောင်းသား (၁၅) ယောက်ခန့်က လက်ချင်းတွဲကာ ပိတ်ထားလိုက်ပြီး နောက်မှ ကျောင်းသားများစစ်ကြောင်း ရှေ့သို့ ကျော်တက်ပြီး စည်းမဲ့ကမ်းမဲ့မလုပ်ရန် တားဆီးလိုက်ကြသည်။ တချိန်တည်းတွင် ကျောင်းသားစစ်ကြောင်းကြီးကလည်း ရှေ့သို့ပင် ဆက်လက် ချီတက်လာခဲ့သည်။ တိုင်းမှူးလည်း ၎င်းအနေဖြင့် ထိန်းဖို့ရာ အခြေအနေ မဟန်တော့မှန်း ရိပ်စားမိကာ ကားပေါ်သို့တက်၍ ဆူပူကြိမ်းမောင်းရင်း ပြန်လှည့်သွားတော့သည်။
တိုင်းမှူးပြန်လှည့်သွားပြီး မကြာခင်မှာပင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်းသည် ရှေ့နောက်၊ ဘေးဘီ ဝဲယာတွင် လက်နက်ကိုင်စစ်သားများဝန်းရံကာ ယာဉ်တန်းကြီးဖြင့် ကျောင်းသားများ ချီတက်လာရာဆီသို့ ဦးတည်လာနေတော့သည်။ ကျောင်းစစ်ရေးပြကွင်း အစပ် သို့ ရောက်ချိန်တွင် ကျောင်းသားစစ်ကြောင်းကြီးကလည်း ရပ်လိုက်သည်။ ကျောင်းသားများ၏ ချီတက်စစ်ကြောင်းကြီးနှင့် ပေ (၁၀၀) ခန့်အကွာတွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း၏ ယာဉ်တန်းလည်း ရပ်လိုက်သည်။ ထို့နောက် လက်နက်ကိုင်စစ်သည်များက ကျောင်းသားစစ်ကြောင်း၏ ရှေ့နောက် ဝဲယာ တွင် နေရာယူလိုက်ကြပြီး ကျောင်းသားများကို ကျည်အသင့် ထိုးထားသော စက်သေနတ်များဖြင့် အသင့်ချိန်ရွယ်လိုက်ကြသည်။
ဗိုလ်ချုပ်ကျော်ဝင်းသည် နောက်လိုက်အရာရှိများခြံရံလျက် ကျောင်းသား များရှိရာသို့ တလှမ်းချင်း လျှောက်လာသည်။ ၎င်းနှင့် အတူ မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲမြင့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင်၊ အရပ်ဝတ် ကင်မရာသမားများ၊ ထောက်လှမ်းရေးဘက်ကဟု ထင်ရသော အရာရှိများလည်း ပါလာသည်။ ထို့နောက် ကျောင်းသားများနှင့် ခြေလှမ်း (၁၀) လှမ်းခန့် အကွာတွင် ရပ်ကာ ကျောင်းသားများကို စိုက်ကြည့်နေသည်။ ခဏအကြာတွင်တော့ –
“ကဲ … အာဂကျောင်းသားကြီးတွေပေါ့လေ။ ငါတို့တွေ တက္ကသိုလ်ကောလိပ်ကျောင်းသား ဆန္ဒပြပွဲမျိုးစုံကို နှိမ်နင်းခဲ့ဖူးတယ်၊ သေနတ်တချက်နှစ်ချက်ဖောက်လိုက်ရင် ထိန်းလို့ ရတာချည်းပဲ၊ အခု မင်းတို့ဟာက သေနတ်ဖောက်လည်း ထိန်းမရဘူး၊ မကြောက်ဘူး၊ အေး … ဘယ်ကြောက်ကြမလဲ … မင်းတို့မှာက ငါတို့သင်ပေးထားတဲ့ စစ်ပညာတွေရှိနေမှကိုး။ အခု မင်းတို့ကလည်း ဆန္ဒပြကျောင်းသားတွေ လုပ်လာကြတယ်ပေါ့။ ဒါပေမဲ့ ရိုးရိုးကျောင်းသားမဟုတ်ဘူး … စစ်အင်ဂျင်နီယာကျောင်းသားတွေ… ဒီတော့ မင်းတို့ကို ရိုးရိုး G3 (ဘီအေ၆၃) သေနတ်လောက်နဲ့ မပစ်ဘူး…အဆင့်မြင့်မြင့် ဟောဒီအတွဲလိုက်ပစ်တဲ့ အဆင့်မြင့် အူစီတွေနဲ့ပဲ ပစ်မယ်။”
ဟု အစချီပြောရင်း ကျောင်းသားစစ်ကြောင်းကို ရှေ့နောက်ဝဲယာမှ လက်နက်ကိုင်စစ်သားများက ကျည်အတွဲလိုက်လွယ်လျက် အသင့်ချိန် ရွယ်ထားသော စက်သေနတ်များကို လက်ညှိုးထိုးပြလိုက်သည်။
“တိုင်းပြည်မှာ ပြဿနာတွေရှုပ်နေတဲ့အချိန် မင်းတို့က တမှောင့်… အခု မင်းတို့ကိစ္စကို အပြီးအပြတ်ဖြေရှင်းဖို့ ငါ့ကို အာဏာကုန် လွှဲအပ်လိုက်တယ်၊ အဲဒီတော့ မင်းတို့အားလုံးကို ငါ ပစ်သတ်လို့ ရတယ်၊ အဲလိုပစ်သတ်လိုက်ရင် ရာဇဝင်မှာကျော်ဝင်းက မင်းတို့ အင်ဂျင်နီယာကျောင်းသားတွေကို ဒီလို နှိမ်နင်းခဲ့ပါတယ်ဆိုတဲ့ စကားကျန်ခဲ့တာကလွဲလို့ ကျော်ဝင်း ဘာမှမဖြစ်ဘူး … ဒါပေမဲ့ … မင်းတို့ကို ငါ အဲဒီလိုမလုပ်ပါဘူး … အခု မင်းတို့ ဘာဖြစ်ကြတာလဲ။ မင်းတို့နဲ့ ငါ အခုပဲ ဒီနေရာမှာ ဆွေးနွေးမယ် … ကဲမင်းတို့ ပြောကြ။”
ဟုဆိုကာ ကျောင်းသားများနှင့် ဆွေးနွေးမှုကို စတင်လမ်းဖွင့်ပေးလိုက်သည်။ ထိုအချိန်တွင် ကျောင်းသားစစ်ကြောင်းတခုလုံးက မတ်တတ်ရပ်လျက် အနေအထား ဖြစ်နေသည်။ ဆွေးနွေးမှုက အချိန်ကြာမြင့်နိုင်သည် ဖြစ်သောကြောင့် ကျောင်းသားအားလုံးကို ယခုရပ်နေသည့်ပုံစံအတိုင်းပင် ထိုင်နိုင်ကြောင်း ဗိုလ်ချုပ်ကျော်ဝင်းက ပြောသည်။ ကျောင်းသားများလည်း လက်ရှိ ရောက်နေသော စစ်ရေးပြကွင်းအစပ် ကျောင်းလမ်းမကြီးပေါ်တွင် ထိုင်လိုက်ကြသည်။ တပ်မတော်နည်းပညာကောလိပ် စစ်ရေးပြကွင်းအစပ် လမ်းမကြီးပေါ်တွင် ကျောင်းသားများနှင့် ကျောင်းတာဝန်ခံ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်တို့၏ ကျောင်းကိစ္စ ဆွေးနွေးမှု စတင်နိုင်ခဲ့သည်။ ဤနေရာတွင် အပြန်အလှန် ပြောဆိုချက်များကို အသေးစိတ်မထည့်တော့ဘဲ လိုရင်းအချက်များကိုသာ တင်ပြပါမည်။ လေ့ကျင့်ရေးအရာရှိချုပ်က ကျောင်းသားတဦးချင်း ဆွေးနွေးပါ ဆိုလာသည့်အတွက် ကျောင်းသားများထဲမှ ကျောင်းသား (၇) ဦးက အလှည့်ကျမတ်တတ်ထ၍ ဆွေးနွေးတင်ပြကြသည်။
( လွတ်လပ်​သော မြန်မာ့သု​တေသနဂျာနယ် (IJBS) တွင် ​ဖော်ပြထားပြီး​သော စာတမ်းကို စာတမ်းရှင်၏ ခွင့်ပြုချက်ဖြင့် The Call – ​ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတွင် အပတ်စဥ် စ​နေ​နေ့တိုင်း ​ပြန်လည် ဖော်ပြသွားပါမည်။ )
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*