သို့. . .လူကလေး ကြယ်

“သို့. . .လူကလေး ကြယ်”

◼️စံပယ်ဖြူနု

အမေအိုဟာ အိမ်တံခါးကို လေအလျဉ်လို ခပ်သွက်သွက် ဆွဲဖွင့်တယ်
ခြံတံခါးမှာ ခေါင်းလောင်းသံ တငြိမ့်ငြိမ့် မြည်လို့
စည်းရိုးနံဘေးမှာ တောပန်းလေးတွေ တလှုပ်လှုပ် ယိမ်းနွဲ့လို့
မြက်ခင်းပေါ်က ကြောင်ဝါလေးတစ်ကောင် သမ်းဝေရာက ခေါင်းငဲ့ကြည့်လို့
တဒုန်းဒုန်း ခုန်နေတဲ့ နှလုံးနေရာကို ခပ်ဖွဖွ ဖိတယ်
လူကလေး အိမ်ပြန်လာတာမှ မဟုတ်ပဲနော်။

စောင့်မျှော်ကာလဟာ ရှည်လျားလွန်းလှပါတယ်
အမေအိုက လွမ်းလေတိုင်း ပန်းကလေးတွေ ပျိုးတယ်
လေသင့်ရာ မွှေးတဲ့ ပန်းရနံ့ဟာ လူကလေး ငယ်စဉ်က ပါးပြင်နုဖွေး နမ်းရှိုက်ခဲ့ရသလို
အပင်လေးတွေ တစစ ကြီးထွားလာတာဟာဖြင့် လူကလေး လမ်းလျှောက်သင်ပုံ ပြန်မြင်နေရသလို
သစ်ရွက်တွေကြားက လေတိုးသံဆိုတာလည်း လူကလေး ရယ်မောသံလို
လွမ်းဆွတ်ဖွယ်
ဒီလိုနဲ့
အမေအို့ခြံမှာ ပန်းပင်လေးတွေ တဖြည်းဖြည်း တိုးလာတယ်။

ခေတ်ဆိုးခေတ်ပျက်ကြီးထဲတော့ အမေအိုဟာ ဇာတ်ကြောင်း နားဆင်သူ ရုပ်ရှင်ကြည့်သူပဲ
စစ်ရဲ့ အရိပ်အမှောင်မှာ ဝန်းကျင်တခိုက အိမ်ကလေးတွေ ပြာကျပုံကို မြင်ခဲ့ရ
လေပွေရိုင်းထဲ သက်ရှိသစ်ရွက်တွေ တဖြုတ်ဖြုတ် အခြွေခံရပုံကို ကြုံခဲ့ရ
အသည်းနှလုံး ပြုတ်ပြုတ်ပြုန်းသလို ပူဆွေးရှိုက်ငင်သံတွေကို ရင်နဲ့ ဆတ်ဆတ် ကြားခဲ့ရ
သွေးစွန်းပေသော ကျောင်းစာအုပ်များ၊ လွယ်အိတ်များ
အုတ်ပုံအပြိုအပျက်များကြားက ဖမ်းဆုပ်မရတော့သော အနာဂတ်များ
ခေတ်ဆိုးကာလထဲ ရှင်ကျန်ရစ်ရတဲ့ ဘဝမျိုးဆိုတာ တမြေ့မြေ့ ကျွမ်းလောင်သော ဒဏ်ရာ
ပြီးတော့ ကျိန်စာ. . .။

ရိုးတံထီးတည်း သစ်အိုပင်အဖို့ အမှောင်ညတာဟာ ရှည်လျားလွန်း
တိတ်ဆိတ်ခြင်းဟာ အဆုံးမရှိတဲ့ အသံ
ကြယ်ကလေးရေ မြင်ရဲ့လား. . .ကြယ်ကလေးရေ မင်း မြင်ခဲ့ရဲ့လားလို့ အနာကို သည်းမခံနိုင်တော့တဲ့အဆုံး အမေအိုက ရှိုက်ငင်ရင်း မေးတယ်
ခေတ်ကို တဖန်ပြန်လည်လင်းကျင်းစေဖို့တဲ့
ဟောဒီအိမ်ကလေးထဲက သားကလေး တရွေ့ရွေ့ နှုတ်ဆက်ဝေးကွာသွားပုံဟာ အနာကျင်ရဆုံး ဇာတ်ဝင်ခန်း
အဲဒီနေ့ကတည်းက အမေအိုဟာ ခြံတံခါးကို စေ့ရုံစေ့လို့
လူကလေး အကြိုက်ဆုံး ဟင်းလျာတွေ နေ့စဉ် ချက်မြဲချက်လို့
ဆောင်းအခါ အသင့်ဝတ်ရဖို့ သိုးမွေးထည်လေးတွေ ထိုးမြဲထိုးလို့
အိမ်ဦးက ဘုရားစင်မှာ ပန်းရောင်စုံတွေ ဝေမြဲဝေစေလို့။

ကြယ်ကလေးရေ
ဟောဒီမြေရဲ့ တနေရာရာမှာ လူကလေးကို တွေ့ဖြစ်တဲ့အခါ
အမေဟာ မျှော်လင့်ခြင်းကို ကောက်ရိုးတမျှင်လို ခိုင်ခိုင် ဆုပ်ထားမြဲဖြစ်ကြောင်း
သားချော့တေးလို တီးတိုးသာယာ ပြောပေးပါ။

ဟော . . .ခြံဝက ခေါင်းလောင်းသံ
ကြားများ ကြားလိုက်မိသလား ကြယ်ကလေးရယ်. . .။

About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*