ဟီးရိုးလား ဇီးရိုးလား

‘ဟီးရိုးလား ဇီးရိုးလား’
◼️ ​မောင်​ရွှေရည်
ငလျင်ကြီးလှုပ်တော့ မခိုင်မာတဲ့ တိုက်တာအဆောက်အအုံတွေ ပြိုကျသလိုပါပဲ၊ ခေတ်ကြမ်းကြီးကို ဖြတ်သန်းကြရချိန်မှာ ခံယူချက် ရပ်တည်ချက်မခိုင်မာသူတွေ ‘မြောင်းထဲ’ ရောက်သွားကြတာ သဘာဝကျပါတယ်။
ခေတ်ကြမ်းကြီးကိုကြုံရတော့ ဒဏ်မခံနိုင်သူတွေက အသံတွေထွက်လာတယ်။ ထွက်လာတဲ့ အသံတွေကို နားစွင့်ကြည့်လိုက်ရင် သူ့ရပ်တည်ချက် ခံယူချက်တွေ အရိပ်အမြွက်ပါလာတာ တွေ့နိုင်တယ်။
ရိုက်ပုတ်တဲ့ဒဏ်ကို ကြံ့ကြံ့မခံနိုင်တဲ့အခါ အချို့က တကိုယ်ကောင်းဆန်ချင်လာတယ်။ ‘ဘယ်သူသေသေငတေမာရင်ပြီးရော’ လမ်းကြောင်းကို ရွေးချယ်တယ်။ ဒူးထောက် လက်မြှောက်ပြီး ကျရှုံးသွားတယ်။ ပြည်သူလူထု အများစုက ‘ဟီးရိုး’ အဖြစ် တန်ဖိုးထား လေးစားခံထားရသူအချို့ဟာ ဇာတိမှန် ပေါ်လာပြီး လူတွေရဲ့ အော့နှလုံးအနာခံရတဲ့ ‘ဇီးရိုး’ တွေဖြစ် သွားကြတာလဲ ရှိတယ်။
အခုကြုံတွေ့နေရတဲ့ ဒုက္ခဆိုးဒဏ်ကို မခံရသူ မရှိပါဘူး။ တကိုယ်ကောင်း တယောက်ကောင်း လွတ်မြောက်ရာလွတ်မြောက်ကြောင်းလမ်းကို လျှောက်လှမ်းလို့လဲ အမှန်တကယ် မလွတ်မြောက်နိုင်ပါဘူး။ ဒုက္ခခံဖော် အများစုဖြစ်တဲ့ ပြည်သူလူထုကို ကျောခိုင်းရင် ကိုယ့်ကိုလဲအများစုက ကျောခိုင်းကြတဲ့ဒဏ် ခံရမှာပါပဲ။ မနေ့က ‘ဟီးရိုး’ ဖြစ်ခဲ့ပေမဲ့ ဒီနေ့ ‘ ဇီးရိုး’ ဖြစ်ဖို့ သိပ်မြန်တယ်။ တကိုယ်တော် အလွတ်ရုန်းလို့ တခဏတာတော့ သာသာယာယာ ဖြစ်ကောင်းဖြစ်ပေမဲ့ တဘဝတာကတော့ နာဖို့ပဲ ရှိတယ်။
ကျ​နော်တို့ ချစ်ခင်လေးစားတဲ့ စာရေးဆရာ မောင်မိုးသူ( ဘကြီးမိုး)က ရပ်တည်ချက် ဘက်မှန်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဥပမာအဖြစ်ပြောလေ့ရှိတဲ့ စကားတခုရှိပါတယ်။ “စိုင်းထီးဆိုင်က အသံပျက်သွားတာ မဟုတ်ဘူး” တဲ့။
အဆိုတော် စိုင်းထီးဆိုင်က အသံသိပ်ကောင်းတဲ့အဆိုတော်ပါ။ ဆရာ စိုင်းခမ်းလိတ်ရဲ့ ခေတ်မီဆန်းသစ်တဲ့ အတွေးအမြင်၊ သံစဉ်တွေပါဝင်တဲ့ တေးသီချင်းတွေကို သူက အသံချိုချိုနဲ့သီဆိုတော့ လူကြိုက်အလွန်များပြီး စိုင်းထီးဆိုင် တဟုန်ထိုး အောင်မြင် ကျော်ကြားခဲ့တယ်။ ‘တခေတ်မှာတယောက်’ လို့ ပြည်သူလူထုကတန်ဖိုးထားပြီး စိုင်းထီးဆိုင်ကို အားပေးခဲ့ဖူးတယ်။ အဲဒီအရှိန်အဟုန်အတိုင်းသာ ခရီးဆက်ခဲ့ရင် စိုင်းထီးဆိုင်က မြန်မာ့ဂီတလောကရဲ့ ‘မဟာကြယ်ပွင့်’၊ ပြည်သူလူထုရဲ့အသည်းနှလုံးထဲက အဆိုတော်အဖြစ် ထာဝရ တည်ရှိနေမှာပါ။
သို့ပေမဲ့ ပြည်သူလူထုအများစုက မနှစ်သက်တဲ့ ‘ပါပီမ’ ဝါဒဖြန့်ရုပ်ရှင်ကား ဇာတ်ဝင်တေးသီချင်းကို သီဆိုပေးတဲ့ နောက်ပိုင်းမှာ တဟုန်ထိုးတက်နေတဲ့ စိုင်းထီးဆိုင်ရဲ့နာမည် ထိုးကျသွားတယ်။ သူ့ ဘဝမှာ ဘယ်တော့မှဖျက်မရတဲ့ ‘အမည်းစက်’ကြီး စွန်းထင်သွားတော့တယ်။ ပြည်သူလူထုရင်ထဲမှာ ထာဝရကြယ်ပွင့် ဖြစ်သင့်တဲ့ စိုင်းထီးဆိုင်ဟာ သူ့အသံပျက် သွားလို့မဟုတ်ဘဲ ဘက်မှားပြီး အားပေးခဲ့မိတာကြောင့် တဘဝတာ နစ်နာရတာကို ဆရာမောင်မိုးသူက ဥပမာ ပေးတာပါ။
ခေတ်ကြမ်းကြမ်းကြီးကတော့ ‘ဆန်ခါ’ တိုက်နေမှာပါပဲ။ တကိုယ်ကောင်းဆန်သူတွေ မေတ္တာခေါင်းပါးသူတွေ အမှန်အမှား ခွဲခြားမသိမမြင်သူတွေက ဆန်ခါတိုက်လိုက်တဲ့အခါ အဖျင်းအမှော်တွေထွက်လာသလို မဖုံးနိုင် မကွယ်နိုင် ထွက်လာမှာပါပဲ။
လူဆိုတာ တယောက်နဲ့တယောက် ခံနိုင်ရည်စွမ်း၊ ခံယူချက်တွေ မတူကြဘူး။ ကိုယ့်ကိုယ်ကို ခံနိုင်စွမ်းလျော့လာတယ်ထင်ရင် ဒီဒုက္ခကို ကိုယ်တဦးတည်း ခံနေရတာမဟုတ်ဘူး ဆိုတာ မြင်အောင်ကြည့်ပြီး ကိုယ့်စိတ်ခွန်အားကို တိုးမြှင့်ရပါမယ်။ ‘ကျောက်ကြမ်း’မှာသွေးရင် ဓားပိုထက်လာသလိုပဲ၊ ခေတ်ကြမ်းရဲ့အခက်အခဲတွေကို ရင်ဆိုင်ရင်း ကိုယ်ရည် ကိုယ်သွေးတက်လာအောင် ပျိုးထောင်နိုင်ပါတယ်။ ‘မပြီးဆုံးတာဘယ်အရာမှမရှိဘူး’ဆိုတဲ့ အမှန်တရားကိုသိမြင်ပြီး ခရီးဆုံးပန်းတိုင်အရောက် မာန်တင်းပြီး လျှောက်လှမ်းနိုင်ဖို့လိုပါတယ်။ ဟီးရိုးဖြစ်ပြီးမှ ဇီးရိုးဖြစ်ရရင် အလွန်နစ်နာတယ်။
စိတ်ထားမခိုင်မာလို့ ခေတ်ကြမ်းက ဆန်ခါတိုက်ချိန်မှာ အဖျင်းအမှော်အဖြစ်နဲ့ ရေစုန်အမျောခံရင် တဘဝတာ နစ်နာနိုင်တယ်။ ဒုက္ခကို အညံ့ခံပြီး ဒူးထောက်လက်မြှောက်လိုက်ရင် ‘ ချဉ်ဖတ်’ ဖြစ်ပြီး မြောင်းထဲရောက်သွားမယ်။ ‘မြောင်း’ ထဲ မကျချင်ရင်တော့ အများသူတကာနဲ့အတူ ဒုက္ခကိုအံကြိတ်ခံရင်း ဖြတ်ကျော်ရဲတဲ့ ဇွဲ သတ္တိရှိရမယ်။ ရင်ကော့ပြီး အောင်ပွဲ ခံရမယ်။
ခေတ်ကြမ်းကြီးကို ရင်ဆိုင်ဖြတ်ကျော်ဖို့နည်းလမ်းက သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ရပ်တည်ချက် ‘ဘက်’မှန်အောင် နေလိုက်ဖို့ပဲလိုတာပါ။ ကိုယ် ဘယ်ဘက်ကနေမှာလဲ ‘ဓမ္မ’ လား၊ ‘အဓမ္မ’ လား။ ဒါကပဲ ကိုယ့်ဘဝကို ဆုံးဖြတ်ပေးမှာပါ။
အမှားအမှန်ကို မသိနားမလည်ခဲ့လို့ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ ကိုယ်က မြောင်းထဲရောက်နေရင် ကိုယ့်ဘဝကို ဒီလိုပဲ ဇာတ်သိမ်းခံမှာလားဆိုတာ စဉ်းစားဖို့ ရှိပါတယ်။ ဘယ်သူမဆို ဇာတ်မပေါင်းခင် ပြင်ဆင်နိုင်ခွင့်ရှိပါသေးတယ်။ ‘ ဇီးရိုး’ ကလဲ ‘ဟီးရိုး’ ဖြစ်ခွင့်ရှိသေးတယ်။ ရပ်တည်ချက် ‘ဘက်’မှန်အောင် နေလိုက်ဖို့ပဲလိုတာပါ။
ကိုယ့်တဘဝတာလုံးနဲ့ သားစဉ်မြေးဆက် ကိုယ့်သမိုင်းကို ဘယ်လိုထားခဲ့မှာလဲ။ ဟီးရိုးလား။ ဇီးရိုးလား။
About The Call 686 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*