6
ညီလင်းအိမ်
“အချစ်ရှိတဲ့နေရာ”
ခရစ္စမတ်ကာလနီးတိုင်း ဒီပွဲတော်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားကောင်းတွေလည်း ထွက်ရှိကြတာပဲ။ သီချင်းတွေ၊ အမျိုးမျိုးသော ရုပ်ရှင်ဇာတ်လမ်းတွေ စလို့ဆိုပါတော့။ ကျနော်တို့ဟာ သာမန်အာရှတိုင်းပြည်လေးတပြည်ကနေ ကြီးပြင်းလာရသူဖြစ်တော့ ရုပ်ရှင်တွေကနေတဆင့် မြင်ကြရတဲ့ သူတို့ဆီက ခရစ္စမတ်ကာလဟာ လှပပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လို့နေတယ်။ ဆောင်းနှင်းငွေ့တွေအပြည့်ကြားမှာ ထိန်ရီလင်းလက်နေတဲ့ မီးရောင်စုံနဲ့ ပျော်ရွှင်နေကြတဲ့လူတွေ။ နှစ်သစ်ကို ကြိုရတာမှာ ခုလို ပျော်ရွှင်မှုတွေနဲ့ နောက်တဆင့်ကို ကူးကြရတာ ဘယ်လောက်ကြည်နူးစရာ ကောင်းကြလဲ။ သီချင်းတွေအတူတူဆိုကြ။ မြို့အနှံ့ဝိုင်းပတ်ကြ၊ များမြောင်သောပွဲတော်တွေထဲကို ပါဝင်ဆင်နွှဲကြ၊ ဒီလိုမှ မဟုတ်ရင်လည်း အိမ်မှာပဲ အားလပ်ရက်အဖြစ် အေးဆေးနှပ်ရင်း ခရစ္စမတ်ဇာတ်ကြောင်းတွေပါဝင်တဲ့ ရုပ်ရှင်၊ ဂီတတွေနဲ့ပဲ အချိန်ကို ကုန်ဆုံးကြမလား။
ကျနော်တို့အတွက်တော့ ခရစ္စမတ်ကာလဆိုတာဟာ သင်္ကြန်ရက်များလို့ နှိုင်းယှဉ်ဆိုကြပေမဲ့ သင်္ကြန်ကာလလို့ မခံစားရ။ သီတင်းကျွတ်ပွဲတော်ကပဲ မိမိတို့ ရိုးရာ ခရစ္စမတ်အဖြစ် မြင်မိရတာကိုး။ ဒီမှာလည်း အဲဒီအချိန်ဆို ဆောင်းနှင်းပွင့်တို့ မျက်လုံးပွင့်ပြီးပဲရော။ တိမ်ရိပ်ခိုသောရာသီဟာ ချဉ်းပစ ပြုလို့ ပိုးပရစ်တို့ အက်အက်ကွဲကွဲ အော်ဟစ်စပြုချိန်မှာ နှင်းပါးပါးတွေနဲ့ ရစ်ထွေးထားတဲ့ ညထဲမှာ မီးရောင်ထိန်ထိန်ဝါဝါတွေနဲ့ ဟိုမှဒီမှ တောက်ပရင်း ယုံကြည်ကိုးကွယ်ရာ သျှင်တော်မြတ်ဘုရားကို ကြိုလင့်ကြတဲ့ ပွဲဟာ မြန်မာများရဲ့ ကိုယ်ပိုင်ခရစ္စမတ်လ တလရယ်ပါပဲ။ ဆိုတော့ ခုကာလထဲမှာ ကျနော်ဟာ Online ပေါ်ကနေ ဘယ်ရုပ်ရှင်ကို ပြန်လည် သတိရသင့်သလဲဆိုတာကို ကလစ်ရင်း စဉ်းစားနေမိတယ်။ ဒီအခါမှာ ခေါင်းထဲကို လှစ်ခနဲ ရောက်လာတာက Love Actually ( 2003 )။ British က မင်းသား/သ္မီး တွေနဲ့ အဓိကထား ရိုက်ကူးထားတဲ့ ရုပ်ရှင်။ ခရစ္စမတ်ကာလကြောင်းပြောတိုင်း ဘယ်လောက် ကြည်နူးဖွယ်ရာ အကြောင်းတွေနဲ့ တသီတတန်းကြီးပါနေတဲ့ ရုပ်ရှင်လဲ။
ခရစ္စမတ်ဟာ သစ္စာမွန်နဲ့ ရိုးသားခိုင်ကျည်သော မိမိတို့စိတ်ဆန္ဒတွေကို အကောင်းဆုံး လှစ်ပြခွင့်ရတဲ့ ရာသီပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလိုဆိုထားတယ်။ ရုပ်ရှင်ထဲမှာ ခရစ္စမတ်မတိုင်မီ လက်တွဲဖော်ရဖို့၊ လက်တွဲဖော်ထံကို ဖွင့်ဟဖို့၊ လက်တွဲဖော်နဲ့အတူ ဘဝသစ်ကို လျှောက်လှမ်းဖို့၊ တဘဝစာ မျိုသိပ်လိုက်မိတော့မဲ့ သိုဝှက်အနာတွေကို လင်းပွင့်ဖို့ စလို့ ချစ်ခြင်းမေတ္တာရဲ့ အကောင်းဆုံး အဓိပ္ပါယ်များကို ဖော်ပြနိုင်ခွင့်ရဖို့ တာစူနေကြတဲ့ စုံတွဲတွေရဲ့ ဇာတ်လမ်းကြောင်းတွေ ပေါင်းစပ် ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမှာတော့ အရာအားလုံးဟာ မေရီခရစ္စမတ်ရဲ့ နှင်းဆိုင်းတောကြီးထဲကိုပဲ တသားတည်း ပေါင်းစပ်ဖို့ ထပ်တူညီနေကြတာမျိုးပါ။
ဒီထဲမှာ ခရစ္စမတ်ကာလနီးတိုင်း အမြဲ FA ဖြစ်ရတဲ့ စာရေးဆရာရယ်၊ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ နောက်ကောက်ကျခဲ့လို့ ဒီဒဏ်ရာတွေကို ပိုက်ထွေးရင်း ကြေကွဲမှုတွေနဲ့ပဲ ခရစ္စမတ်ကို ဖြတ်သန်းဖို့ ကြိုးစားနေတဲ့ လုလင်ပျိုတယောက်ရယ်၊ အချစ်အကြောင်းကို ဘာမှမသိရှာတဲ့ ဗြိတိန်ဝန်ကြီးချုပ်အသစ်ကြီးရဲ့ ယခုနှစ် ဝန်ကြီးချုပ်အသစ်ဖြစ်ခါမှပဲ သူ့နှလုံးသားအသစ်ကလေးကလည်း အချစ်ကို တွေ့ရှိရပုံရယ်နဲ့ အချစ်ဦးတိုင်း အသည်းကွဲရတာပဲဆိုတာကို မခံစားနိုင်လို့ အမေရိကန်ပြန်တော့မယ့် အတန်းဖော်မလေးကို ဘယ်လောက်သံယောဇဉ်ရှိနေတဲ့အကြောင်း ပြဆိုဖို့ ကြိုးစားနေတဲ့ စတိတ်
ကျောင်းသားအရွယ် ကိုလူပျိုသိုးကြီးရယ် နဲ့ British မှာ ဘယ်ကောင်မလေးကမှ မကြိုက်လို့ ခရစ္စမတ်အမီ အမေရိကသွားပြီး အချစ်ရှာပုံတော် ဖွင့်တဲ့ အင်္ဂလန်သားမောင်မောင်ဇာ တယောက်အကြောင်း စလို့ အဲဒီလို လှပပြီး တခွိခွိရယ်မောနေရမယ့် အချစ်ဇာတ်လမ်းတွေပါရှိသလို ကြေကွဲနာကျင်စရာကောင်းတဲ့ ဘဝမှန်တချို့အကြောင်းကိုလည်း မြင်ကြရမှာပါ။ အဲဒီလိုထဲက ဘယ်အရာဟာ ကျနော်တို့ လက်တွေ့ဘဝနဲ့ တိုက်ဆိုင်နေသလဲ ဆိုတာတော့ ကြည့်ရှု့ရင်း ရှာဖွေကြရုံပါပဲ။
ခင်ဗျားဟာ နှုတ်ခမ်းက ပြုံးနေပေမဲ့ မျက်လုံးထဲမှာတော့ ရီဝေမှုတွေပြည့်ပြီး တသက်တာလုံး လက်လွှတ်ရတော့မယ့် အချစ်ရဆုံးသူတယောက်ကို တိတ်တခိုး ငေးကြည့်ရတဲ့ ဘဝမျိုး ဖြစ်ခဲ့ဖူးသလား။ တသက်တာလုံးပေါင်းဖက်လာခဲ့တဲ့ အိမ်ထောင်ဦးစီးဟာ မိမိအပေါ်ကို ချစ်ခင်တပ်မက်မှုတွေ လျော့နည်းလာတာ၊ သူ့အလုပ်ရုံးထဲက အတွင်းရေးမှုကောင်မလေးဆီပဲ စိတ်ရောက်နေတာကို သိပေမဲ့ သားသမီးတွေ၊ လင်ကို ချစ်တဲ့စိတ်နဲ့ပဲ ခုလို ခရစ္စမတ်ကာလကြီးထဲမှာ နာကျင်မှုတွေ ခါးစည်းထားရတဲ့ အိမ်ထောင်ရှင်မတယောက်ရဲ့ ဘဝလိုမျိုး ဖြစ်နေရသလား။ ကျနော်ကတော့ အဲဒါတွေထက် သူ့ကောင်မလေးကို ဖွန်ကြောင်ပြီး ထိကပါ ရိကပါးလုပ်တဲ့ အမေရိကန်သမ္မတကို ပြန်ဆော်တဲ့ ဗြိတိန်ဝန်ကြီးချုပ် လူပျိုသိုးကြီး ကိုစောတင်မောင်ကိုပဲ ကြည့်ရင်း တခွိခွိနဲ့ ရယ်ချင်ပတ်ကျိ ဖြစ်ရတာ။ သူ့မှာတောင် မထိရက်မကိုင်ရက် ဖြစ်နေတာကို အမေရိကန် သမ္မတကောင်ကတော့ နိုင်ငံရေးတင်မကဘူး။ နှာဘူးကဏ္ဍမှာလည်း အရှက်မရှိချက်က အောချစရာ။ သူ့ခမျာမှာ နူကလိယျအားပြိုင်မှုတခုလို တိုက်ပွဲဝင်လိုက်ရတာ။ တလောကလုံး ပျော်နေပေမဲ့ နိုင်ငံ့ဝန်ကြီးချုပ်ဆိုတဲ့ ခေါင်းစဉ်ကြီးထမ်းလို့ ခရစ္စမတ်ကာလထဲမှာ စာရွက်ထုတ်ကြီးတကိုင်ကိုင်နဲ့ ကြောင်ပျောက်နေတဲ့ သူ့ကို မြင်ရတာဟာ တကယ်ကို ရယ်ချင်စရာပါ။
ဆိုတော့ နှစ်နာရီခွဲနီးပါးကြာမြင့်တဲ့ ယခု ရုပ်ရှင်ဟာ တစက်ကလေးမှ ပျင်းရိစရာမရှိဘဲ ကျနော်တို့ကို ဆွဲခေါ်ခဲ့ပါတယ်။ လန်ဒန်ကို သွားဖို့ လေယာဉ်လက်မှတ်မလိုဘဲ ခရစ္စမတ်ကာလထဲကို အလည်ရောက်ခဲ့ရသလို ဒီရုပ်ရှင်ဟာ လှပပြည့်စုံလွန်းနေတာပါ။ ကျနော်ဟာ တုပ်ကွေးအဖျားတွေနဲ့ လွန်ခဲ့သော ရှစ်နှစ်လောက်က ကြည့်ခဲ့ဖူးပြီးသား ဒီဇာတ်ကြောင်းကို ပြန်ကြည့်ရချိန်မှာ အဲပထမဆုံးကြည့်ဖြစ်ခဲ့တာမျိုးထက် ပိုမိုနွေးထွေးသလို ဖြစ်ခဲ့ရတယ်။ အိပ်ရာကလေးထဲမှာ ရုပ်ရှင်ကပေးတဲ့ ကြည်နူးဆွတ်ပျံ့မှုရသတွေနဲ့ အဖျား၏ကိုက်ခဲမှုကို ခေတ္တမေ့ပျောက်စေခဲ့ရတယ်။ ဒါပေမယ့်လည်း နှစ်နာရီကျော်ကြာလို့ ရပ်တန့်သွားတဲ့အချိန်မှာတော့ နှစ်ကာလအတန်ကြာပြီဖြစ်ပြီး ပျောက်ဆုံးခဲ့ပြီဖြစ်သော ကိုယ်ပိုင် ခရစ္စမတ်ရာသီများကို ပြန်လည်စဉ်းစားနေမိပြန်ပါတယ်။
ကျနော်တို့မှာ ဘယ်လိုဝဋ်ကြွေးတွေကြီးခဲ့လို့များ ခရစ္စမတ်မီးပုံးမျိုးတွေ မြင်ရမယ့်အစား မီးလောင်တိုက်သွင်းနေကြတဲ့ မီးလျှံဝါဝါတွေကိုပဲ နေရာအနှံ့မြင်နေကြရသလဲ။ ဒီလူတွေမှာရော အဲဒီလို လုပ်နေကြရလို့ ပျော်နေကြရသလား။ သူ့တို့ရင်ဘတ်ထဲမှာ ခရစ္စမတ်သစ်ပင်တွေဟာ ပွင့်ပေါက်နေရာယူနိုင်ဦးမှာလား။ ခုလို လှပတဲ့ ရုပ်ရှင်တွေ၊ လှပတဲ့သီချင်းတွေ မြင်တတ်ဖို့ နားဆင်တတ်ဖို့ စီးမျောတတ်ဖို့။ ချစ်ခြင်းမေတ္တာများ၏ တန်ခိုးအသီးအပွင့်အရသာကို ခံစားတတ်တဲ့ နှလုံးသားရှိရာအရပ်ကို သူတို့ကိုယ်တိုင်ပဲ ဖျက်ဆီးလိုက်ပြီ မဟုတ်ပါလား။
ရုပ်ရှင်ရည်ညွှန်း- Love Actually Movie (2003)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
