”အင်အား၊ နည်းပညာနဲ့ နိုင်ငံတကာ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ဒီရက်ပိုင်းမှာ စကမ စစ်ရှုံးသတင်းတွေကို ခပ်စိတ်စိတ် ပြန်ကြားလာရတယ်။
‘အင်အားနဲ့ နည်းပညာ’
စက်တင်ဘာ၂၅ က ခင်ဦးနဲ့ ရွှေဘိုအစပ် တိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့်အထိ ကျဆုံးခဲ့တယ်။ ဝန်းသိုကထွက်လာတဲ့ အင်အား ၅၀ ခန့်ရှိတဲ့ စကမစစ်ကြောင်းဟာ ၅ ဦးခန့် အဖမ်းခံရသလို ကျန်တဲ့သူအတော်များများ ကျဆုံးတယ်လို့ ကြားသိရတယ်။ စက်တင်ဘာ ၂၁ ရက်က ပေါက်မြို့ (မကွေး) မှာ စစ်စခန်းတခု ကျတဲ့သတင်း၊ လေးကေ့ကော် တကျော့ပြန်တိုက်ပွဲမှာ စစ်တပ်ကို KNLA က ပြန် တိုက်ထုတ်လိုက်နိုင်တဲ့သတင်း၊ ဗန်းမော်မှာအကျအဆုံး ဆက်နေတဲ့သတင်းနဲ့ ဗန်းမောက်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တဲ့ သတင်းတွေဟာ ၄ လလောက် အရှိန်ရနေတဲ့ စကမရဲ့ တန်ပြန်ထိုးစစ်တွေအပေါ် ပြန်လည် လွှမ်းမိုးနိုင်ခဲ့တာ တွေ့ရတယ်။
ဒီ စစ်အောင်ပွဲသတင်းတွေဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်ကြား ၃ လ ၄ လလောက်စီ သူတလှည့် ကိုယ်တလှည့် အပြန်အလှန် လွှမ်းမိုးတိုက်ခိုက်နေတဲ့ သတင်းတွေနဲ့ ပုံစံတူ ပြန်ပြီး ထပ်ကျော့လာမလား စဥ်းစားစရာ ဖြစ်စေခဲ့တယ်။ အရင် ၂၀၂၂၊ ၂၃ က စစ်တပ် အသာစီးရတယ်ဆိုတာ စစ်တပ်ဘက်က စစ်ကြောင်းထိုးတဲ့အချိန်မှာ လက်နက်မပြည့်စုံတဲ့ အရပ်သား ပြောက်ကျားတပ်တွေက ဆုတ်ပေးရပြီး စစ်တပ်က ရွာတွေကို ဖျက်စီး မီးရှို့သွားတဲ့ သတင်းတွေက အများစုဖြစ်တယ်။
အခု ၂၀၂၅ မှာ ပြန် စစ်ကြောင်းထိုးတဲ့အခါ သာလွန်စစ်အင်အားကို အသုံးမပြုနိုင်ရင် စနစ်တကျ (ဆိုလိုတာက ဒရုန်းအသုံးပြုမှု၊ ထောက်လှမ်းရေးသတင်း စတဲ့) ကြိုတင်ပြင်ဆင်မှုတွေ မလုပ်လာခဲ့ရင် စစ်တပ်ဘက်က စစ်ပွဲအများစုမှာ အရင်လို ရှုံးနိမ့်မြဲဆိုတာကို ဖော်ပြနေတဲ့သဘောဖြစ်တယ်။ ဒီတော့ စစ်တပ် ပြန် ခေါင်းထောင်မလာဖို့ဆိုရင် စစ်မှုထမ်းတွေကို အဆင့်တခုကနေ ကြိုတင် ကိုင်တွယ် ထိန်းချုပ်နိုင်တဲ့ အစီအမံ (စီမံကိန်းတခု) ချမှတ်ဖို့နဲ့ နောက်ပိုင်းသုံးလာတဲ့ ဒရုန်းနဲ့ အခြားနည်းပညာ အသာရမှုတွေကို ချေဖျက်နိုင်ဖို့လို့ ယေဘုယျ ကောက်ချက်ချရမှာဖြစ်တယ်။
‘စကမ နိုင်ငံရပ်ခြားခရီးစဥ်များ’
စစ်ပွဲတချို့ အနိုင်ရမှုဟာ စကမခေါင်းဆောင်ကို ရုရှားနဲ့ တရုတ်ရဲ့ စစ်ရေးပြအခမ်းအနားတွေနဲ့ စစ်အောင်ပွဲခံ အခမ်းအနားတွေကို တက်ရောက်ခွင့် ရစေခဲ့တယ်။ အခုလည်း နျူကလီးယားနည်းပညာ ခေါင်းစဥ်နဲ့ ရုရှားကို တပတ်ကြာ သွားရောက်နေချိန်ဖြစ်တယ်။ တရုတ်နဲ့ ရုရှားခရီးစဥ်တွေမှာ အင်အားကြီး နိုင်ငံကြီးတွေရဲ့ ထောက်ခံမှုတွေကို ရယူရင်း နိုင်ငံတကာမှာ ပြန်ဝင်ဆန့်နိုင်ဖို့ ကြိုးစားနေသလို မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း ခုနောက်ပိုင်းမှာ တရစပ် ဖိတ်ခေါ်နေတာကို တွေ့ရမှာဖြစ်တယ်။ နိုင်ငံခြားခရီးစဥ်တွေကနေ တိုက်ပွဲတွေမှာ အနိုင်ယူနိုင်ဖို့ လိုအပ်တဲ့ လက်နက်နဲ့ နည်းပညာ၊ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု၊ တခြား နိုင်ငံခေါင်းဆောင်တွေနဲ့ သံတမန်အဆက်အသွယ်၊ အဲဒီ အားထုတ်မှုတွေအားလုံးကို တော်လှန်ရေးဘက်က တချက်တည်းနဲ့ တန်ပြန်ချေဖျက်နိုင်တာ ရှိမလားမေးလာရင် တော်လှန်ရေးအင်အားစုတွေကြားက စုစည်းမှုလို့ပဲ ဖြေရမှာဖြစ်တယ်။
သူ့အင်အားစုစည်းမှု (စစ်မှုထမ်း) ကို ချေဖျက်ရင်း ကိုယ့်အင်အားစုစည်းမှုကို တည်ဆောက်တဲ့အခါ အချိန်တခုတော့ လိုအပ်မှာဖြစ်တယ်။ ဒါကြောင့် အနာဂတ်မှာရလာမယ့် ကြီးမားတဲ့အောင်မြင်မှုကို မျှော်လင့်နိုင်ဖို့အတွက်ဆိုရင် ခုကတည်းက စတင် တည်ဆောက်ကြဖို့ လိုအပ်မှာဖြစ်တယ်။ ဒီမှာ တခု သတိရှိဖို့က ပြင်ဆင်ချိန်သက်သက် အချိန်ယူနေတာမျိုး မဖြစ်ဖို့ပါဘဲ။
‘ဘာဂရမ် လေတပ်အခြေစိုက်စခန်း’
စက်တင်ဘာ ၁၈ ရက်က ဗြိတိန်ဝန်ကြီးချုပ် စတားမားနဲ့ ဆွေးနွေးပွဲတခုမှာ ထရမ့်က အာဖဂန်မှာရှိတဲ့ ဘာဂရမ် လေတပ်အခြေစိုက်စခန်းကို ပြန်လည်အသုံးပြုခွင့်ရဖို့ ကဘူးအစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ထုတ်ပြောခဲ့တယ်။ ဒီသတင်းဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ တောင်အာရှတွေမှာ လတ်တလော ဆက်တိုက်ဝင်ထွက်နေတဲ့ သတင်းတွေကို အတည်ပြုပေးခဲ့သလိုဖြစ်တာ တွေ့ရတယ်။
တကယ်သာ ထရမ့်အစိုးရဟာ အာဖဂန်က တာလီဘန်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် တချိန်မဟုတ်တချိန် ပါကစ္စတန်ဟာ ကြားခံအဖြစ် ပါလာဖို့ရှိနေတယ်။ ၂၀၂၁ ဘိုင်ဒင်လက်ထက်မှာ အာဖဂန်ကနေ အလျင်စလို ဆုတ်ခွာမှုရဲ့အကျိုးဆက်ကို ခံစားနေရတဲ့ သဘောဖြစ်တယ်။ အိုဘားမားလက်ထက်ကစတဲ့ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ် (တိုင်ဝမ်၊ တောင်တရုတ်ပင်လယ်) ဒေသကို အားပြုတဲ့ ပေါ်လစီကနေ ယူကရိန်းစစ်နဲ့ ဂါဇာပြဿနာကြောင့် အာရှအလယ်ပိုင်းကို ပြန်လည် ဦးလှည့်လာရတဲ့ သဘောဖြစ်တယ်။
ဘာဂရမ်ကို အမေရိကန် လိုချင်တာဟာ တရုတ် နျူကလီးယားလက်နက် ထုတ်လုပ် တပ်ဆင် စမ်းသပ်မှုတွေနဲ့ လက်တကမ်းအကွာ (၉၂ ကီလိုမီတာအကွာ) မှာ လေတပ်အခြေစိုက်စခန်းတခု ရှိနေချင်လို့လို့ ဗြောင် ထုတ်ဖော်ပြောတာ တွေ့ရတယ်။ ဘာဂရမ်ဟာ လေတပ်စခန်းကြီးတခုဖြစ်တယ်၊ ပြေးလမ်းအရှည် ၃.၆ ကီလိုမီတာရှိတာကြောင့် ဗုံးကြဲလေယဥ်တွေနဲ့ ထောက်ပံ့လေယဥ်ကြီးတွေ ဆင်းတက်ဖို့ အဆင်ပြေတယ်။ နောက်ထပ်အကြောင်းရင်းတခုက ဒီလေတပ်စခန်းကို တရုတ် ထိန်းချုပ်သွားမှာကို စိုးရိမ်နေတာကလည်း တခုအပါအဝင်ဖြစ်တယ်။ လတ်တလောမှာ အာဖဂန်ဘက်က ဘယ် နိုင်ငံခြား အခြေစိုက်စခန်းတခုကိုမှ သူ့နိုင်ငံထဲမှာ ခွင့်ပြုမှာမဟုတ်ပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကိုကြည့်ပြီး ဆွေးနွေးမှုတွေ ဆက်လုပ်နေမှာလို့တော့ ထုတ်ပြောထားတာ တွေ့ရတယ်။
ရုရှားယူကရိန်းစစ်နဲ့ ဆိုဗီယက်ကွဲထွက် ဗဟိုအာရှနိုင်ငံတွေ (ကာဇက်စတန်၊ ဥဘက်ကဇ္ဇစတန် စတဲ့ ငါးနိုင်ငံ)၊ အာဖဂန်နစ္စတန်နဲ့ ခုနောက်ပိုင်း အလှုပ်အရမ်းကြမ်းခဲ့ အစိုးရတွေပြုတ်ကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် (စိန့်မာတင်ကျွန်းပြဿနာ)၊ သီရီလင်္ကာ၊ နီပေါလ်တို့နဲ့ တရုတ်ရဲ့ အီလည်လည်ဖြစ်နေတဲ့ ဆယ်နှစ်ကျော်ကြာ BRI ကုန်းတွင်းလမ်းကြောင်းတွေ အားလုံးကနေ ယူနွတ်ကတဆင့် အသံထွက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်-ရခိုင် လူသားချင်းစာနာမှုစင်္ကြန် စတဲ့ ဇာတ်လမ်းတွေအားလုံးဟာ စုစည်းမိလာဖို့ အားယူနေတာ တွေ့ရတယ်။
‘အနောက်ဘက်စစ်မျက်နှာ’
တရုတ်ဖိအားနဲ့ တရုတ်နယ်စပ် အခြေအနေတွေကြောင့် ၁၀၂၇ လှိုင်းတွေ ငြိမ်သက်ခဲ့ရတယ်။ ရခိုင်အနောက်ဘက်ကမ်းခြေနဲ့ နယ်စပ်ဟာ အခွင့်အရေးတွေနဲ့အတူ ထောင်ခြောက်တွေလည်း အပြည့်ဖြစ်တာ တွေ့ရတယ်။ အိမ်ကွင်းဆိုပေမယ့် နိုင်ငံတကာ ကစားသမားတွေရဲ့ မွှေနှောက်ထိုးဖောက်မှုကို သတိနဲ့ လေ့လာ စောင့်ကြည့်နေဖို့လိုတာ အမှန်ဖြစ်တယ်။