4
ဆူးနတ်သန်
‘အလင်းမဖောက်နိုင်သော တံခါး’
အမေ ကျနော့်ဆီ ပြန်လာတယ်။
မုန့်တွေ လက်ဆောင်ပစ္စည်းတွေ အစုံအလင်နဲ့ပါပဲ။ ကျနော်ဟာ အမေ့ပစ္စည်းတွေ မျက်လုံးတချက် ဝေ့အကြည့်နဲ့တင် တခါတည်း အကြည့်လွှဲပစ်ပြီး လုပ်စရာ ရှိတာ လုပ်နေခဲ့ပါတယ်။ ဆွေမျိုးသားချင်းတွေ ကလေးတွေ မုန့်တွေ ဝေမျှရင်း အမေ့မျက်ဝန်းထဲမှာ ဝမ်းနည်းရိပ်သမ်းနေတာ ကျနော် ခံစားမိလိုက်ပါတယ်။
ကျနော့်ကို အမေ လွမ်းဖူးလား မမေးတတ်တဲ့ ကျနော်ဟာ ကျနော့်အပေါ် အမေ့ခံစားချက်ကိုလည်း မသိချင်ခဲ့ပါ။ အမေ ပြန်လာတယ်။ လိုအပ်လို့ ပြန်လာတာပဲဖြစ်ဖြစ် ကျနော့်ကို လွမ်းလို့ ပြန်လာတာပဲဖြစ်ဖြစ် လူမှု့အဖွဲ့အစည်း စံနှုန်းအရ သားသမီးတယောက်ထံ မိဘက မေတ္တာတရား တချို့တလေလောက် ဖြစ်ဖြစ် ကျနော် မသိချင်ပါဘူး။ အမေဟာ ကျနော့်ကို သူ့အသက် ၃၅ နှစ်လောက်မှာ မွေးတယ်။ ကျနော် လူဖြစ်လာတယ်။ အမေ ကျောင်းထားခဲ့တဲ့အတိုင်း ကျနော် ကြိုးစားတယ်။ သူ အပ်ခဲ့တဲ့ ဆွေမျိုးတွေ ထံမှာ ကျနော် စကားတခွန်းမှ မဟဘဲ နေခဲ့တယ်။ အမေနဲ့ ကျနော့်ကြားမှာ သံယောဇဉ်ဟာ သွေးကြောင့်သာ စပ်ဆက်နေသလိုပဲ နေထိုင်ကြည့်ကြဖို့ ဖန်ခဲ့တယ်။
အမေ ကျနော့် အမူအရာ အေးစက်စက်ကို ကြည့်ပြီး တုန်လှုပ်နေတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကလေးတယောက်ဟာ အမေ့ဆီ ဖုန်းဆက်ငိုမယ်။ ကျောင်းစားရိတ်တောင်းတယ်။ တဂျီဂျီ ဂျစ်တိုက်ငိုနေတယ်ဆိုတဲ့ စရိုက်တွေ ကျနော့်ဆီ ရှာမတွေ့တော့လို့ပဲလား။ ကျနော် အိမ်ပြန်မလာတာကြောင့်လား။ ကျနော်ဟာ လူတယောက် ရှိသင့်တာထက် ပိုတဲ့ အေးစက်မှုမျိုး ရှိနေတာကြောင့်လား။ အမေဟာ ဝမ်းနည်းတုန်လှုပ်နေတာ
သိပါတယ်။
အမေ ရက်ပိုင်းပဲ နေမယ်ဆိုတာ ပြောတယ်။
ကျနော် အမေ့ကို လုပ်စရာရှိတာ လုပ်ပေးရင်း ဒီနှစ်ကုန်ရင် နောက်ထပ်တနေရာ ကျနော်ပြောင်းနေဖြစ်လိမ့်မယ်လို့ အမေ့ ပြောပြတယ်။ အမေ ဘာမှ မတုန့်ပြန်ဘဲ နှုတ်ဆိတ်နေတယ်။ အမေ တားဆီးလည်း အပိုပဲဆိုတာ အမေ သိနှင့်ပြီးသားပါပဲ။ ကျနော့် ပန်းချီကားနဲ့ စာမူခတချို့ အမေ့အိတ်ကပ်ထဲ ထည့်ပေးလိုက်တယ်။ ကျနော့်နေရာလေး မျက်လုံးဝေ့ကြည့်ပြီး ငါ့သမီးက လုံလောက်လို့လား… အမေက ရပါတယ်တဲ့။
ကျနော် အမေ့ကို မကြည့်ဘဲ စက်ဘီးကို ထုတ်ပြီး
အပြင်ခဏသွားဦးမယ်လို့ ပြောခဲ့လိုက်တယ်။
ရွာထိပ်က ကန်ဘောင်ပေါ်ထိ စက်ဘီး နင်းလာခဲ့ပြီး
ကျနော့်စိတ်ကို ဖမ်းစားနိုင်တဲ့ မန်ကျည်းပင် သုံးပင်ရဲ့ အရိပ်အောက်မှာပဲ ဆရာ လင်းမိုးစွေရဲ့ကဗျာတွေ ထိုင်ဖတ်နေမိတယ်။ ဒီအချိန်မှာ ကျနော် များများ မတွေးတောဖို့ ဆုံးဖြတ်ထားတယ်။
အမေ ပြန်တော့မယ်တဲ့။ အမေ့အထုပ်အပိုးတွေ
ကျနော် ထုပ်ပိုးပေးရင်း အမေ လိုအပ်မယ်ထင်တဲ့
ဆေးဝါးတချို့ကို ကျနော့်ဝေစုထဲကနေ ခွဲထည့်ပေးလိုက်တယ်။ စာသင်ပေးနေတဲ့ ကလေးတယောက်ရဲ့ မိဘက အမေ့ကို ကားဂိတ်ထိ လိုက်ပို့ဆောင်ပေးဖို့ ဆိုင်ကယ်နဲ့ ရောက်ရှိလာခဲ့ပြီ။ အမေ့ ခြေအစုံကို ဦးခိုက် ကန်တော့ရင်း အမေ မမြင်အောင် မျက်ရည်တိတ်တဆိတ် ကျမိတယ်။ အမေဟာ ကျနော့်ရဲ့ အေးစက်တည်ငြိမ်တဲ့ သာမန်လို ဖြတ်သန်းနေတဲ့ ရှုတည်တည် ဘဝကို မကြေနိုင်မခဲနိုင် ဖြစ်နေပုံရတယ်။ ဝမ်းနည်းနာကျင်ရိပ်တွေ ဖျက်ခနဲ အမေ့မျက်နှာပေါ် ဖြတ်သန်းသွားတာ ကျနော် သတိထားမိပါတယ်။
“အမေ့အတွက် မျက်ရည်
ကမ္ဘာအတွက် တေးသွားပေါ့
အမေ…..ရယ်။
နောက်ကို ပြန်ခေါက်နေတဲ့ အရွေ့အလျားမှာ
ဖိနပ်ပါးတဲ့အထိ လျှောက်မလား လူ့အဖွဲ့အစည်းတခုလုံး ကျပျောက်ခံမလား၊ အဆုံးအရှုံးကတော့ နှလုံးသားတွေပဲ ဖြစ်မှာပါ။ “
အမေ့အပြန်လမ်းကို ခပ်ဝေးဝေးက မျှော်ကြည့်ရင်း
သားသမီးနဲ့ မိဘကြားမှာ မီးလျှံတွေလို တောက်နေတဲ့
အပူသောကတွေကို ဘယ်လို ငြိမ်းရမလဲ။ စိတ်အနာတရတွေပဲ ဖုံးကွယ်ကြရင်း ရှေ့ဆက်ခဲ့ကြပေမဲ့ နာကျင်မှုတွေပဲ တိုးပွားလာတယ်။ အမေ စိတ်ချမ်းသာအောင် မနေဖြစ်ခဲ့တာကို ဘယ်လိုမှ ဝမ်းနည်းမရပါ။ ကျနော်ဟာ ကျနော့်ပုံစံ အစစ်နဲ့ အနေထိုင် ကျွတ်ဆတ်ရင်း လူ့အဖွဲ့အစည်းရဲ့ အရန်ခုံမှာ
ထိုင်မိသွားပြီ။
လက်ခမောင်းခတ်တဲ့ အရွယ်ကနေ လက်အုပ်ချီတတ်တဲ့အရွယ် ရောက်ခဲ့ပြီ။ အမေ ကျနော့်ကို ဘယ်လိုနားလည်သွားသလဲ။ ကျနော် ဘဝမှာ အမေဟာ အခန်းတခန်းလေးမျှပင် မပါနိုင်အောင် ကျနော် ဖယ်ထုတ်မိထားတဲ့အတွက် ဘာမှမခံစားရခြင်းကို လူမဆန်ဖူးဟု သတ်မှတ်လို့ရပါတယ်။ လူသားဆန်တယ်ဆိုတာကလည်း အကြောင်းအရာချင်း တူနိုင်တယ်လို့မှ မဟုတ်ဘဲ။ အမေ့နေရာကနေမှ မဟုတ်ပါဘူး။ ဘယ်လူသားရဲ့ နေရာကနေမှ ကျနော့်ကို မြင်ကြည့်လို့ရမှာ မဟုတ်ပါဘူး။ မသိတဲ့ မျက်နှာစိမ်းတွေအတွက် သေရဲတယ်ဆိုတဲ့ကောင်ဟာ မိသားစုနဲ့ကျ မျက်နှာချင်းဆိုင်ရုံနဲ့ မီးထတောက်တယ်ဆိုတာ လောင်စာရှိနေလို့ပဲ။ ဘဝရဲ့ လောင်စာက နှလုံးသားရဲ့အရှိုက်ပဲ မဟုတ်လား။ ကျနော့်ဘဝကို နာကျင်မှုတွေ လုံးထွေးရင်းနဲ့ ခြေကုန်လက်ပန်းကျသွားရင် ကဗျာဖတ်ပစ်လိုက်မယ်။ စာထဲ ချရေးပစ်လိုက်မယ်။ရှင်သန်မှုအတွက် အပြည့်အဝ နေထိုင်ခြင်းပေါ့။
အမေနဲ့ ကျနော်ဟာ ပြန်တွေ့ရချင်မှ တွေ့ရမှာပါ။
ပြန်တွေ့ဖြစ်ကြရင်လည်း နှစ်ယောက်ကြားလောက်လောက်လားလား ပြောစရာမရှိ ဖြစ်နေဦးမှာပါ။ တခါတလေတော့လည်း ကျနော် ဖျားနေရင်
အမေလုပ်ပေးတဲ့ ဆန်ပြုတ်က အချိုဆုံး ဖြစ်ချင် ဖြစ်နေမှာပါ။ အမေ့မှာ ကျနော့်အပြင် အခြားသားသမီးတွေ ကျန်သေးတာပဲ။ အမေ့မှာ ဖြေသာစရာ ရှိသလို ကျနော့်မှာ ကဗျာတွေ ရှိတာပဲ။ ကျနော့်ကဗျာတွေ အမေဖတ်ဖြစ်ခဲ့ရင် အမေ့မျက်ဝန်းတွေ ကျနော် ဖတ်တတ်ခဲ့ကြောင်း သိကောင်းသိမှာပါ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
